“အခုကတော့ အချိန်ကောင်း ပဲလို့ပြောလို့ရတယ်။ အားလုံးက ပူးပေါင်းလာမယ် အားလုံး ပါဝင်ဆင်နွှဲလာပြီဆိုရင်ကျမတို့မျှော်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကလျင်လျင်မြန်မြန်နဲ့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”
— လွေးယေဦး
တအာင်းတပ်မတော်(TNLA) အနေဖြင့် သီပေါမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်း ခလရ(၂၃) ကို ယမန်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် မိသားစု ဝင် ၁၀၀ ကျော် ဖမ်မိးထားဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ အောက်တိုဘာ ၁၄ရက် နံနက်တွင် ပြောသည်။
“မနေ့ကတော့ လေကြောင်းကတော့ တိုက်ပွဲဖြစ်တဲ့ ခလရ(၂၃)မှာ လေကြောင်းတွေပစ်ခတ်တာရှိတယ်။ ဒီမနက်ထိလည်းလာရောက်ပစ်ခတ်တာမျိုးရှိတယ်။မနေ့ကကျတော့ ကျမတို့ ခလရ(၂၃)ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးတော့မှ ဒီသီပေါမြို့တစ်ခုလုံးကိုကျမတို့ ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
တိုက်ပွဲအတွင်းပြန်ခုခံ၍ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသကဲ့သို့ လက်နက်ချသူများလည်းရှိဟု၎င်းက ဆိုသည်။

Public Service Announcement
“လက်ရှိကတော့ စစ်သုံ့ပန်းတွေ တပ်မိသားစု ၁၀၀ ကျော် ကျမတို့ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
TNLA အနေဖြင့် တရုတ်အစိုးရက တိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် ဖိအားပေးနေသည့် အခြေအနေအောက်တွင် စစ်ကောင်စီတပ်စခန်းများကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ တရုတ်အစိုးရက ဩဂုတ်လကုန်ပိုင်းတွင် TNLAထံ စာပေးပို့ပြီး တိုက်ပွဲချက်ချင်းမရပ်ပါက ကြောက်ရွံ့ကျိုးနွံမှုနှင့်ဆုံးမသွန်သင်နည်းလမ်းများ ပိုမို လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
“ကျမတို့လည်း ခက်ခဲနေတဲ့ကြားကပဲ ဖိအားတွေကြားထဲကပဲ ဒီတိုက်ပွဲကို ဆင်နွှဲနေရတာဖြစ်ပါတယ်။လက်ရှိမှာလည်း စိန်ခေါ်မှုတွေ ဖိအားတွေရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အဓိကကတော့ကျမတို့ ရည်မှန်းချက် အတိုင်းဆောင်ရွက်နေတာပဲလို့ ပြောလို့ရတယ်။ ကျမတို့က ၁၀၂၇ စစ်ဆင်ရေးရည်ရွယ်ချက်ကလည်း စစ်အာဏာရှင်စနစ်အမြစ်ပြတ် ရှင်းလင်းရေးနဲ့ဒီတအာင်းဒေသမှာ စစ်အာဏာရှင်စနစ် အုပ်ချုပ်ရေးယန္တရားတွေ ကင်းစင်ဖို့အတွက် ပြီးတော့ဒေသခံတွေရဲ့လုံခြုံမှုကို ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ လက်ရှိကတော့ ဒီအတိုင်းဆောင်ရွက်နေဆဲဖြစ်ပါတယ်။
အခုကတော့ အချိန်ကောင်း ပဲလို့ပြောလို့ရတယ်။ အားလုံးက ပူးပေါင်းလာမယ် အားလုံး ပါဝင်ဆင်နွှဲလာပြီဆိုရင်ကျမတို့မျှော်မှန်းထားတဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကလျင်လျင်မြန်မြန်နဲ့ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။
TNLA အနေဖြင့် စက်တင်ဘာ လကုန်ပိုင်းတွင် သီပေါ ခမရ(၅၀၃)၊ ခမရ(၅၀၄)တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၃ရက် နေ့လည်ပိုင်းတွင် ခလရ(၂၃)ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သီပေါမြို့ အပြီးသတ်သိမ်းနိုင်ရေးအတွက် TNLA အနေဖြင့် ၂လကျော်ကြာတိုက်ခိုက်ခဲ့ရခြင်းလည်းဖြစ်သည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိမှု အခြေအနေများအပါအဝင် အသေးစိတ် အချက်အလက်များ TNLAက လတ်တလော မထုတ်ပြန်သေးပေ။
စစ်ကောင်စီအနေဖြင့် ခလရ( ၂၃)အပါအဝင် သီပေါမြို့ မကျရေး လေကြောင်း ပစ်ကူအများအပြား အသုံးပြုခဲ့သည့်အပြင် အရပ်သားများကိုပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ရာပြည်သူများစွာ သေဆုံးထိခိုက်ရှိခဲ့သည်။
