ရဲခေါင်/People’s Spring
ကရင်နီပြည် ၊ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် ရေဘေးသင့် ဒေသများသို့လွတ်လပ်စွာသွားရောက်ကူညီခွင့်ကို ကုလသမဂ္ဂအေဂျင်စီများတောင်းဆိုရာ စစ်ကောင်စီကခွင့်မပြုကြောင်းစုံစမ်း သိရသည်။
စစ်ကောင်စီ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် မြန်မာနိုင်ငံရှိ ကုလအေဂျင်စီတို့ အောက်တိုဘာ ၈ ရက်က နေပြည်တော်တွင်တွေဆုံဆွေးနွေးခဲ့သည်။

Public Service Announcement
“ရေဘေးနဲ့ပတ်သက်ပြီး ကုလ အေဂျင်စီတွေက ကွင်းဆင်းချင်တာ။ ကယား (ကရင်နီ)ဘက် နဲ့ ရှမ်းတောင်ဘက် ကို သွားဖို့ ။ စကစ က နယ်မြေလုံခြုံရေးအရ ပေးမဆင်းဘူး။အဲဒီကိစ္စတွေရော တခြား ကိစ္စတချို့ပါ ပါတယ်။လောလောဆယ်တော့ အဲဒီလောက်ပဲသိရသေးတယ်”ဟု မြန်မာနိုင်ငံရှိ ကုလအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ဒေသများရှိပြည်သူများကို ရေဘေးကယ်ဆယ်ရေးအကူအညီမပေးသည့်အပြင် ပုဂ္ဂလိက အလှူရှင်များကကူညီမည်ကိုပင် တင်းတင်းကြပ်ကြပ်တားဆီးပိတ်ပင်နေသည်။ထိုကြောင့် ကရင်နီတပ်ပေါင်းစုထိန်းချုပ်ထားသော ကရင်နီပြည်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသအချို့ ၊KNU နှင့် PDF စိုးမိုးထားသောပဲခူးတိုင်းရှိဒေသအများစု ၊ KNU ထိန်းချုပ်ထားသောကရင်ပြည်နယ်ရှိ ဒေသများမှ ရေဘေး၊စစ်ဘေးသင့်ပြည်သူများမှာ စစ်ကောင်စီက အကူအညီမပေးသလို ၊အကူအညီများကိုလည်းတားဆးပိတ်ပင်နေသည်။ယခု ကုလအေဂျင်စီများက သွားရောက်ကူညီရန် ဆွေးနွေးမှုကိုလည်းထပ်မံတားဆီးခြင်းဖြစ်သည်။
“ပုံမှန်အားဖြင့် စစ်ကောင်စီက အရင်ကတည်က လူမှုအဖွဲ့အစည်းတွေဖြစ်ဖြစ် UN လို အေဂျင်စီတွေကိုတောင်မှပိတ်ပင်တာရှိခဲ့တာပဲ။ အခု အခြေအနေ အရ စစ်ရေးပိုင်းမှာ ကရင်နီတပ်ပေါင်းစုက နယ်မြေအများစု ထိန်း ချုပ်ထားတာရှိတော့ စစ်ကောင်စီက နယ်မြေ ဖြတ်တောက်ပြီး ရိက္ခာပိတ်ဆို့တာတွေရှိခဲ့တယ်။ နောက်ပြီး အရင်တုန်းကထက် ကြပ်မတ်တာတွေ ပိုလုပ်တာရှိတယ်။ ရေဘေးမှာလည်း ဒီအတိုင်းပါပဲ။စစ်ကောင်စီက ပိတ်ဆို့မှုတွေဆက်လုပ်နေဦးမှာပါပဲ”ဟုကရင်နီရေဘေးတွင် မြေပြင်၌ ကူညီပေးနေသည့်ကရင်နီပြည် ကြား ကာလအုပ်ချုပ်ရေးကောင်စီ(IEC) အတွင်းရေးမှူး ဦးဗညားခွန်အောင်က စက်တင်ဘာ ၁၉ ရက်တွင် လူထုနွေဦးသို့ပြောကြားထားသည်။
စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ၂၀၂၃ မေလက မိုခါမုန်တိုင်းတိုက်ခတ်သွား၍ ပြည်သူများသေဆုံးပြီး ၊နေအိမ်အဆောက်အအုံများစွာပျက်စီးခဲ့စဥ်ကလည်း ကုလအေဂျင်စီများကို AAစိုးမိုးသောဒေသများမှ ပြည်သူများသို့ ကူညီခွင့်မပြုခဲ့ပေ။
ရေးဘေးသင့်ပြည်သူအများစုထံအကူအညီပေးခွင့်ကိုတားဆီးခဲ့သောစစ်ကောင်စီကသဘာဝဘေးကြောင့်ဖြစ်ပေါ်လာသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို အကူအညီပေးရာတွင် အဓိကသက် ဆိုင်သည့် ဝန်ကြီးဌာနများနှင့်သာ ချိတ်ဆက်ရန် နှင့် အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကောင်စီ၏ ဒုဝန်ကြီးချုပ်က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံရှိကုလအေဂျင်စီများအနေဖြင့် စစ်ကောင်စီ၏ ဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံ၏ အခြေအနေအမှန်ကို ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာသို့ အသိပေးရန်လိုကြောင်းလည်း ၎င်းက ဆိုသည်။ရွေးကောက်ပွဲတွင်မဲစာရင်းမှန်စေရန်အတွက် သန်းခေါင်းစာရင်းကောက်ယူနေသည်ဟုလည်းကုလအေဂျင်စီများကိုပြောခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ရာဂီ နောက်ဆက်တွဲ မိုးကြီးမှုကြောင့် မြန် မာနိုင်ငံဒေသအများအပြားတွင် ဒေသခံပြည်သူသိန်းချီ ရေဘေးဒဏ် ကြုံတွေ့ ခံစားနေရပြီး သေဆုံးနှင့်ပျောက်ဆုံး လူဦးရေ ၁၀၀၀ ကျော်ထိ ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဌာနက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
UNOCHA က ရေဘေးကို မြို့နယ် ၇၀ မှပြည်သူတစ်သန်းဝန်းကျင်ခံစားရပြီး သေဆုံးသူ ၃၆၀ ကျော် ၊ပျောက်ဆုံးနေသူ ၁၀၀ ကျော်ရှိကြောင်းစက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ရေဘေးဒဏ်သင့် ပြည်သူ များထံသို့ ပို့ဆောင်မည့် ကူညီကယ်ဆယ်ရေး ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဆက်သွယ်ရေး လမ်း ကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်း စသည့် ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေကြောင်းလည်း ဖော်ပြသည်။
