ကဖေး/People’s Spring
အရပ်သားအရွယ်စုံကိုကြက်ကလေး၊ ငှက်ကလေးတွေသတ်နေသလို နေ့စဉ်ရက်ဆက်သတ်ဖြတ်နေတဲ့ စစ်တပ်ရန်ကနေ ကံကောင်းထောက်မစွာ သီသီလေး လွတ်မြောက်လာတဲ့ လူမမယ်ကလေးငယ်တစ်ဦး ရှိပါတယ်။
သူ့အသက်က ၂ နှစ် ၈လ ။ အမည်က မအေးသန္တာထွန်း။ နေထိုင်တာက ငပလီကမ်းခြေမြို့၊လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးရွာ။ ဒီဇင်ဘာလ၂၉ရက်နေ့ညမှာ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးအလွန်မှာတော့မအေးသန္တာထွန်းလေးဟာ မေကံကောင်းအဖြစ် အမည်တွင်ခဲ့ပါတယ်။
ဒီဇင်ဘာလ၂၉ရက်နေ့ည ၈နာရီ၈မိနစ်တိတိမှာ မေကံကောင်းအပါအဝင်လူမမယ်ကလေးတွေကို အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က လေကြောင်းကနေ ဗုံးနဲ့ကြဲပြီးငရဲခန်းထဲပစ််ထည့်လိုက်တာပါ။

Public Service Announcement
ကျင်းကန်ကြီးရွာကအိမ်မှာမေကံကောင်းတို့ သားအမိသားအဖတွေနဲ့ ကလေးငယ်တချို့အပါအဝင် အိမ်နီးချင်းတွေ ညဘက်တီဗီကြည့်နေချိန် စစ်တပ်ကလေယာဉ်နဲ့ ပေါင်၅၀၀ ဗုံး နှစ်လုံးကြဲခဲ့ပါတယ်။
အိမ် ၂၃လုံး ပျက်စီးတဲ့အထိ ပြင်းထန်တဲ့ ပေါက်ကွဲအားမှာ မေကံကောင်းတို့ရှိနေတဲ့အိမ်လည်း ပြိုကျခဲ့ပါတယ်။ကလေးငယ်သုံးဦးအပါအဝင်ကိုးဦးသေဆုံးခဲ့ပါတယ်။၂၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။ မေကံကောင်းရဲ့အမေဟာပွဲချင်းပြီးသေဆုံးပြီး အဖေက ဒဏ်ရာအပြင်းအထန်ရသွားပါတယ်။ မေကံကောင်းကတော့ ပျောက်ဆုံးနေခဲ့တာပါ။
“ အပျက်အစီးပုံအောက်မှာပိနေတာမသိဘူး။ ကျတော်တို့ ရှာတာလည်း မရဘူး။ နောက်နေ့မနက်မှ ပြန်တွေ့တာ။ ကလေးက နာရီ ပေါင်းများစွာအပျက်အစီးအောက်မှာ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
မေကံကောင်းဟာ လေကြောင်းကနေဗုံးကြဲခံရတဲ့ ည ဒီဇင်ဘာလ၂၉ရက်၈နာရီ၈မိနစ်ကနေ ဒီဇင်ဘာလ၃၀ရက်မနက်၈နာရီအထိ အိမ်ရဲ့ သစ်ပုံအပျက်အစီးပုံအောက်မှာ တစ်ဦးတည်းရှိနေခဲ့တာပါ။ရှာဖွေစဥ်ကအသံမကြားလို့အိပ်ပျော်နေခဲ့တာ(ဒါမှမဟုတ်) သတိလစ် မေ့မျောနေခဲ့ဟန်တူတယ်လို့ဒေသခံတွေကပြောပါတယ်။
ပြန်တွေ့တဲ့အချိန်မှာ ကြောက်လန့်နေပေမဲ့ အခုအခါမှာတော့ ကျန်းမာရေးကောင်းပြီးမုန့်တွေလည်းစားနေတယ်လို့ ကယ်ဆယ်ရေးလုပ်ခဲ့သူတစ်ဦးကပြောပါတယ်။ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကိုအပျက်အစီးပုံအောက်ကနေ မျက်လုံးလေးပေကလပ် ပေကလပ်နဲ့ ငေးကြည့်နေတဲ့ ကလေးငယ်ကိုရုတ်တရက်တွေ့လိုက်ချိန်မှာတော့ တစ်ရွာလုံးဝမ်းသာခဲ့ကြပြီး မေကံကောင်းလို့ အမည်ပေးလိုက်ကြတာပါ။
“ ကျန်းမာတယ်။မုန့်တွေလည်းစားတယ်။ရေလည်းသောက်တယ်။သူကဘာမှမဖြစ်ဘူး။တော်တော်ကိုကံကောင်းတာ” လို့မေကံကောင်းကို ကယ်ထုတ်ခဲ့သူထဲက တစ်ဦးကပြောပါတယ်။
သေဘေးကနေလွတ်မြောက်လို့သာမေကံကောင်းလို့ အမည်ပေးလိုက်ပေမယ့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗုံးကြဲမှုမှာ ကလေးငယ်တချို့ကတော့မေကံကောင်းလေးလိုကံမကောင်းခဲ့ကြပါဘူး။
မေကံကောင်းတို့နဲ့ အတူ တီဗီကြည့်နေတဲ့မိသားစုတစ်စု မိသားစုဝင် ငါးဦးစလုံးသေဆုံးခဲ့ပြီး အဲဒီမိသားစုမှာတင်ကလေးသုံးဦးပါဝင်ခဲ့ပါတယ်။ အသက်၁၀နှစ်၊ ၁၂နှစ် နဲ့ ၁၅နှစ်အရွယ် ကလေးတွေဖြစ်ပါတယ်။
ကလေးငယ်တွေကိုပါဗုံးကြဲသတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာမြေးတစ်ဦးရှိပါတယ်။သူမြေးဖြစ်သူအရွယ်ကလေးငယ်တွေကိုတော့ နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အရပ်သားပြည်သူ ၇၀၀၀ကျော်ကိုသတ်ဖြတ်ခဲ့ပြီး အဲဒီထဲမှာကလေးငယ်တွေရာချီခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာလည်းအာရက္ခတပ်တော်(AA)က၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အထိ
နာတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ဒရုန်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သား ၁၀၀၀ထက်မနည်း သေဆုံးပြီး ၂၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲမှာလည်း ကလေးငယ်တွေ ရာချီသေဆုံးခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရက်ထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။အရပ်သားပြည်သူ တွေအပေါ် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေတဲ့ စစ်ကောင်စီကိုအရေးယူဖို့လည်းနိုင်ငံတကာကိုတိုက်တွန်းထားပါတယ်။
ကျရောက်ပေါက်ကွဲတဲ့နေရာကို ပေပေါင်းရာချေပြီး တစ်စစီချေမွဖျက်ဆီးပစ်နိုင်တဲ့ ပေါင်၅၀၀ ဗုံးရန်ကနေ မအေးသန္တာထွန်းတယောက် ကံကောင်းထောက်မပြီး လွတ်မြောက်လာလို့ မေကံကောင်းလို့အမည်တွင်သွားပေမယ့်အမှန်တကယ်ကံကောင်းသူမဟုတ်ဘဲ မိစုံဖစုံမနေရရှာတော့ပါဘူး။
မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အုပ်စုက ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုကြောင့် ထိခိုက်သေဆုံးတဲ့သူတွေကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အညာက မိန်းမပျိုတစ်ဦးက မေကံကောင်းရဲ့ ဖြစ်ရပ်အပေါ် အခုလို ရင်ဖွင့်ပါတယ်။
“ ဒီကလေးက ကံကောင်းတာဟုတ်လို့လား။ ကလေးရဲ့ ရှေ့ရေး ဘယ်လိုရှေ့ဆက်သွားမလဲမှန်းကြည့်။ သူ့မြေးလေးသာဆိုမင်းအောင်လှိုင် ဘယ်လောက်တောင် ရင်ကွဲမလဲ ကိုယ်ချင်းစာကြည့်”

















































