close
Connect with us

Hi, what are you looking for?

ဆောင်းပါး

နှစ်ဆန်းမှာတင် ကြွေခဲ့ရတဲ့ ပန်းကလေးများ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ညက ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်က ဟောတာ(Halta)ဆိုတဲ့ ရွာလေးတစ်ရွာက အိမ်ကလေးတစ်လုံးထဲမှာဆောင်းညလယ်ရဲ့အအေးဒဏ်ကြောင့် မိသားစုလေးတစ်စု စုစုဝေးဝေးအိပ်နေကြတယ်။ ညသန်းခေါင်တိုင်ပြီမို့ ကလေးတွေရော လူကြီးတွေပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့တယ်။

စစ်တပ်က ဗုံးကြဲလို့ သေဆုံးခဲ့တဲ့ ကလေးငယ်​တွေနဲ့မိသားစုဝင်​တွေကို​တွေ့ရစဥ်။ ဓာတ်ပုံ-CJ

Scorpio/People’s Spring

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့ညက ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါးမြို့နယ်က ဟောတာ(Halta)ဆိုတဲ့ ရွာလေးတစ်ရွာက အိမ်ကလေးတစ်လုံးထဲမှာဆောင်းညလယ်ရဲ့အအေးဒဏ်ကြောင့် မိသားစုလေးတစ်စု စုစုဝေးဝေးအိပ်နေကြတယ်။ ညသန်းခေါင်တိုင်ပြီမို့ ကလေးတွေရော လူကြီးတွေပါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့တယ်။

အဲဒီလိုမိသားစုလိုက် နွေးနွေးထွေးထွေး အိပ်မောကျနေချိန်မှာပဲ အုန်းခနဲဆို အသံကျယ်ကြီးထွက်လာပြီး နေအိမ်တစ်ခုလုံး ဖွာလန်ကြဲသွားတော့တယ်။ အာဏာသိမ်းစစ်တပ်က ထုံးစံအတိုင်း ပြည်သူ့နေအိမ်တွေပေါ် လေကြောင်းတိုက်ခိုက်သွားတာပါ။

အဲဒီဗုံးကြဲမှုကြောင့်အဖေရယ်၊အမေရယ်၊ သားနဲ့သမီးလေးရယ် ရှိတဲ့ မိသားစုလေးတစ်စုလုံး သွေးသံရဲရဲတွေ ဖုံးလွှမ်းသွားတယ်။ အသက် ၃၈ နှစ်အရွယ် မိခင်၊ အသက် ၆ နှစ်ပဲရှိသေးတဲ့ သမီးကြီးနဲ့ ၃ နှစ်သား သားငယ်လေးတို့ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်။

Public Service Announcement

Public Service Announcement

အသက် ၃၅ နှစ်အရွယ် ဖခင်ဖြစ်သူကတော့ ဒဏ်ရာတွေရထားပေမဲ့အသက်ရှင်နေသေးလို့မြို့ဆေးရုံပို့ဖို့စီစဥ်ကြတယ်။ သူတို့ရဲ့ရွာကလေးဟာ ဟားခါးနဲ့ မိုင်လေးဆယ်ကျော် ဝေးပါတယ်။ လမ်းကလည်းမကောင်းတာမို့ ၆ နာရီကျော်လောက်သွားရတယ်။ ဒါပေမဲ့ ဖခင်ဖြစ်သူလည်း ကံမကောင်းခဲ့ဘူး။ရထားတဲ့ ဒဏ်ရာတွေ ပြင်းထန်လွန်းတာကြောင့် မြို့ဆေးရုံသွားရင်း လမ်းမှာတင် သူချစ်တဲ့ မိသားစုနောက်လိုက်သွားရတော့တယ်။

လူထုနွေဦးက ပြုစုထားတဲ့ မှတ်တမ်းတွေအရစစ်ကောင်စီဟာ ၂၀၂၆ ခုနှစ် နှစ်ဆန်းမှာပဲ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်ပြင်းပြင်းဆက်လုပ်ခဲ့ရာ ဇန်နဝါရီ ၁ ရက်ကနေ ၇ ရက်နေ့အထိ တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထက်က ပြောခဲ့တဲ့ နှစ်ခြိုက်စွာအိပ်မောကျနေတဲ့ ကလေးငယ် ၂ ဦးအပါအဝင် ကလေးငယ် ၇ ဦးသေဆုံးခဲ့ပါတယ်။ အခြားပြည်သူတွေလည်း သေဆုံးခဲ့တာကြောင့် တစ်ပတ်အတွင်း ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ချင်းကလေးတွေလိုပဲ အညာက ကလေးတွေလည်း စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နှစ်ဆန်းမှာတင် ကြွေလွင့်ခဲ့ရပါတယ်။

ဇန်နဝါရီ ၂ ရက် ည ၁၀ နာရီ ၁၅ မိနစ် ကန့်ဘလူမြို့နယ်၊ မဲသည်ရွာမှာလည်း အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးလုံး သေဆုံးခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ညနေက မုံရွာမြို့နယ်၊ ညောင်ပင်ရွာက ရေတွင်းမှာ ပြည်သူတွေ ရေချိုးနေကြချိန် စစ်တပ်က စက်တပ်လေထီးနဲ့ဗုံးလာကြဲသွားတာပါတ။အဲဒီအချိန် ရေတွင်းနားရှိနေတဲ့ ညောင်ပင်ရွာက အသက် ၁၀ နှစ်အရွယ် မောင်ကျော်မင်းထက်နဲ့ အသက် ၁၁ နှစ်အရွယ် မသွန်းမီမီဇော်တို့ဟာ ဗုံးထိပြီး ပွဲချင်းပြီးသေဆုံးခဲ့ရတယ်။ ဒါ့အပြင် ၇ နှစ်ကလေးအပါအဝင် ၆ ဦးဒဏ်ရာရခဲ့ပါတယ်။

“ ကလေးတစ်ယောက်ကတော့ အဲနားမှာတင်ပဲဆုံးသွားတာ လည်ချောင်းနဲ့ရင်အုံ အစမှန်ပြီး။ ရေချိုးချိန်ဆိုတော့ အထိများတာပေါ့။” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂ ရက်နေ့ကပဲ အင်းတော်မြို့နယ်၊ ပဲခူးရွာမှာလည်း လေကြောင်းတိုက်ခိုက်လို့ Great 12 ကျောင်းသူတစ်ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်မှာလည်း ကလေးတွေ လေကြောင်းထိခဲ့ပြန်တယ်။ ဒီတစ်ခါကလေးကတော့ လူ့လောကထဲ ရောက်တာ နှစ်လပဲ ရှိပါသေးတယ်။ ဝက်လက်မြို့နယ်၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်က ပေါက်ကန်ဘူတာနားမှာရှိတဲ့ ပေါက်ကန်ဘူတာရွာကို အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်မနက်က လေကြောင်းတိုက်ခိုက်လို့ အသက် ၂ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် ဒေါ်မြ ၊ အသက် ၄ဝ နှစ်အရွယ် ဒေါ်သင်းကြိုင်နဲ့ အသက် ၆၀ နှစ် အရွယ် CDM ကျောင်းဆရာမ ဒေါ်တင်တင်ဌေးတို့ ၄ ဦး ပွဲချင်းပြီး သေဆုံးပြီး အသက်၄ဝ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်း ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့စိတ်တိုင်းကျ စီစဥ်ထားတဲ့ရွေးကောက်ပွဲလုပ်တဲ့ဒီဇင်ဘာလအတွင်းမှာပဲ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီဇင်ဘာလတစ်လတည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၅၀ ကျော် သေဆုံးခဲ့ပြီး အနည်းဆုံး ၁၈ဝ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယခု ဇန်နဝါရီလထဲမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတုန်းပါ။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို နိုဝင်ဘာလကထက် နှစ်ဆနီးပါးမြှင့်လိုက်တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ကလည်း အသိပေးပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေကို ညပိုင်းစစ်ဆင်ရေးအဖြစ် ပိုမိုပြုလုပ်လာပြီး ညပိုင်းတိုက်ခိုက်မှုနှုန်း (၂၇%) အထိ တိုးလာပါတယ်။ အရပ်သားပြည်သူများအား အိပ်စက်ချိန်တွင် စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုနဲ့ အထိအခိုက်များ​စေဖို့ ရည်ရွယ်လာတာတွေ့ရတယ်လို့ အထက်ပါအဖွဲ့က သုံးသပ်ထားပါတယ်။

မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာလအတွင်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများ စုစုပေါင်း (၁၁၉) ကြိမ် လုပ်ခဲ့ပါတယ်။ အရပ်သားပြည်သူ သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အပါအဝင် (၁၇၆) ဦး သေဆုံးကာ (၃၂၅) ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့မှာ အများဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ သေဆုံးမှုနဲ့ ထိခိုက်ဒါဏ်ရာရရှိမှု အမြင့်ဆုံးဖြစ်ကြောင်း ၎င်းအဖွဲ့က အသိပေးပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲလုပ်နိုင်အောင် ပြည်သူတွေကို လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း တော်လှန်ရေးသမားတွေက ပြောပါတယ်။

“ စစ်တပ်က သူတို့ရဲ့ ရွေးကောက်ပွဲ လည်းအောင်မြင်ချင်တယ်။ ဒီကာလအတွင်း တော်လှန်ရေးနယ်မြေတွေကိုဗျူဟာကျကျအဓိကလေကြောင်းကနေ တိုက်ခိုက်တာက တော်လှန်ရေးနယ်မြေက အဖွဲ့အစည်းနဲ့ ပြည်သူတွေရဲ့ သက်ဆိုင်ရာ လုပ်ငန်းတွေရှုပ်အောင်လုပ်တဲ့သဘောဖြစ်နိုင်တယ်။ ဒါမှလည်း သူတို့ပွဲကို နှောင့်ယှက်တာတွေ နည်းမယ်လို့ ယူဆပုံရတယ်။” လို့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က တက်ကြွလှုပ်ရှားသူကိုပြည့်အောင်နိုင်(ကနီ)ကပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေယာဥ်လာရင် လုံခြုံအောင်နေကြဖို့နဲ့ ပုန်းခိုကျင်းတွေတူးကြဖို့ တော်လှန်ရေးရဲဘော်တွေက အကြံပြုပါတယ်။

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG) ၊လူ့အခွင့်အ​ရေးဝန်ကြီးဌာန ရဲ့အချက်အလက်​တွေအရ စစ်တပ်ဟာ အာဏာသိမ်းပြီး​နောက်ပိုင်း က​နေ ၂၀၂၅ ဒီဇင်ဘာလကုန်အထိလေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၄၉၈ ပြုလုပ်ခဲ့ပါတယ်။ပြီး သေဆုံးတဲ့ပြည်သူစုစုပေါင်း ၄,၆၈၃ ဦးရှိပါတယ်။ သေဆုံးသူတွေထဲမှာအသက် ၁၈ နှစ်အောက် ကလေးသူငယ် ၆၃၇ ဦး ပါဝင်ပါတယ်။

ဒါ့အပြင်စစ်တပ်ကစာသင်ကျောင်း၄၃၂ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄၄ ခု နှင့် ဘာသာရေးအဆောက်အအုံ ၆၅၀ ခု ပျက်စီးဆုံးရှုံးခဲ့တယ်လို့​လူ့အခွင့်အ​ရေးဝန်ကြီးဌာနကဖော်ပြထားပါတယ်။

“ လေကြောင်းတိုက်ခိုက်မှုက PDF စခန်းတွေကို တိုက်ခိုက်တာမဟုတ်ဘဲနဲ့ ပြည်သူလူထုနေတဲ့အဆောက်အအုံတို့၊ ကျောင်းတို့၊ ဆေးရုံတို့၊ စာသင်ကျောင်းတို့ပဲ လိုက်တိုက်ခိုက်နေတာ။” လို့ ဆားလင်းကြီးနယ်က PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ဝက်လက် ပေါက်ကန်ဘူတာရွာက လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးခဲ့ရတဲ့ နှစ်လသားလေးကိုတော့ ဖခင်ဖြစ်သူလို့ယူဆရတဲ့ အမျိုးသားက ကြေကြေကွဲကွဲနဲ့ လက်ပေါ်တယုတယတင်ထားပါတယ်။ ကလေးငယ်ရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာတော့ အမဲအစက်ပြောက်တွေက နေရာယူထားတယ်။ ကလေးငယ်ဟာ ဘာကိုမှမသိ​တော့ဘဲ မျက်စိနှစ်လုံးပိတ်သွားခဲ့ပါတော့တယ်။

ဆက်စပ်သတင်းများ