Scorpio/People’s Spring
အညာဆောင်းနံနက်ခင်းသည် အအေးဓါတ်တွေ လွှမ်းခြုံနေဆဲ ဖြစ်သော်လည်း ပခုက္ကူမြို့နယ်၊ကံရာဇာကြီးကျေးရွာ(ခ)ကံရပ်ကြီးရွာတွင် အပူငွေ့ကထောင်းထောင်းထနေသည်။ စစ်တပ်က တစ်ရွာလုံး မီးရှို့သွား၍ ရွာလုံးကျွတ်ပြာကျခဲ့သည့် ရွာကလေးဖြစ်သည်။ တစ်ရွာလုံး မီးလောင်ပြင် ဖြစ်နေသည့် ထိုကျေးရွာအတွင်းထဲသို့ အမယ်ကြီးအိုတစ်ယောက် တုတ်ကောက်လေးအားပြုဝင်လာသည်။
အမယ်ကြီးအိုသည် သူ့တစ်သက်လုံး ရှာဖွေစုဆောင်းထားသော ပစ္စည်းကလေးများ မီးလောင်ပြင်မှာ ကျန်နိုးကျန်ရာလာရှာပုံရပါသည်။ သို့သော်သူ့အိမ်နေရာလာကြည့်တော့ ဝင်းကလေးငုတ်တုပ်သာ ကျန်ရစ်ပြီး အိမ်နေရာကတော့ ပြာပုံအတိ။
ကံရပ်ကြီးရွာသည် ပခုက္ကူမြို့အနောက်ဘက် ၁၂ မိုင်ကျော်ကွာဝေးပြီး မင်းတပ်-ပခုက္ကူသွား လမ်းမပေါ်တွင် တည်ရှိသည်။ မန်ကျည်း၊ ကုက္ကို၊ တမာ၊ ထနောင်းနှင့် သာယာသော အညာရွာကလေးဖြစ်

Public Service Announcement
သည်။ ရွာအဝင်က ရေကမိုးကန်၊ စီီစီရီရီပေါက်နေသော ထန်းပင်တန်းအလှနှင့် ရွာဦးကျောင်း၊ ဘုရားစေတီတို့က ပဏာရလှသည်။
ကံရပ်ကြီးရွာသည် အခြားအညာရွာတွေလိုပဲ ပဲ၊နှမ်း၊ မြေပဲ ရာသီပေါ်သီးနှံစိုက်ကာ တောင်သူလုပ်ကြသည်။ အာဏာသိမ်းကာလမတိုင်မီကတည်းက ရေကြည်ရာမြတ်နုရာ ရပ်ဝေးဒေသ သွားအလုပ်လုပ်ကြသည့် လူငယ်တွေလည်း ရှိပါသည်။
ရွာကလေးသည် တောသူတောင်သားများ ကိုယ်
ထူကိုယ်ထ ကြိုးစားခဲ့ကြ၍ လျှပ်စစ်မီးကလေးလည်း ရရှိခဲ့ကြသည်။ ရွာလယ်လမ်း ကတ္တရာလမ်း မခင်းနိုင်သေးသော်လည်း အုတ်ရိုးလမ်းကလေး ခင်းထားနိုင်ခဲ့ကြသည်။
ထိုနေ့ ဇန်နဝါရီ ၈ ရက်က ကံရပ်ကြီးရွာအတွက် ကံဆိုးမိုးမှောင်ကျခဲ့သည်။ နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကန်တော်ရွာကနေထွက်လာသည့် အင်အား ၃၀၀ ခန့်ပါ အာဏာသိမ်းစစ်တပိစစ်ကြောင်းသည် ကံရပ်ကြီးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။
“ တစ်ရွာလုံး အိမ်ခြေ နှစ်ရာကျော်မှာ ၁၅ အိမ်လောက်ပဲ ကျန်တယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
အိမ်တွေတင်မကသေးပါ။ တောသူတောင်သားများ တစ်နှစ်ပတ်လုံး ကုန်းရုန်းကြိုးစား စိုက်ခဲ့ပျိုးခဲ့ကြသည့် ပဲနှမ်း၊မြေပဲများ၊ အခြားသီးနှံများ တောင်ပုံရာပုံ မီးရှို့ဖျက်ဆီးခံလိုက်ရသည်။ ရွာသူရွာသားများ အိမ်တွေပစ်ကာ တောထဲတောင်ထဲ ပြေးရှောင်ကြရသည်။ စစ်ကြောင်းထွက်သွား၍ လာကြည့်တော့ ရွာက မြင်ရက်စရာမရှိ။ ဆောင်းတွင်းနှင်းမြူမဟုတ်သည့် မီးခိုးငွေ့ ညိုညစ်ညစ်တွေက ထောင်းထောင်းထလျက်။
အမယ်ကြီးအိုလိုပဲ ကံရပ်ကြီးက မိခင်တစ်ဦး ရပ်ဝေးရောက်နေသည့် သားကလေးဆီ တလောလေးကမှ ရွာကို အလည်အပတ် တခေါက်တကျင်း ပြန်လာခဲ့ဖို့ ဖုန်းဆက်ပြောခဲ့သေးသည်။
မကြာပါ။ ဇန်နဝါရီ ၈ ရက်ညကတော့ ထိုမိခင် သူ့သားဆီ ဖုန်းပြန်ဆက်သည်။
“ ဟလိုလူလေး” မိခင်အသံမှာ တုန်ခါနေသည်။
သားကရွာ သတင်းသိပြီးသားဖြစ်၍ စကားကမပြောနိုင်။ “ အင်း” တစ်ခွန်းသာ ထူးနိုင်သည်။ မိခင်က “ အိမ်ကပြန်လို့မရတော့ဘူး။ ပြန်စရာလည်းမရှိဘူး။ တောထဲမှာ။ အိမ်တွေက ဘာမှမရှိတော့ဘူးတဲ့။…တို့ အိမ်တွေကော တဲတွေကော။” ဟု ပြောရင်း ငိုသံစွက်လာသည်။
“ လှမိုးတို့အိမ် အနောက်ဘက်မှာကွယ်နေတာ။ မပါလောက်ဘူးထင်နေတာ။ သူတို့အိမ်တွေလည်း ဘာမှမကျန်ဘူးတဲ့။” လို့ မိခင်က ဆက်ပြောသည်။ သားတော်မောင် တအင်းအင်းသာ လိုက်နိုင်သည်။ ပြောစရာစကားလုံးမရှိတော့။ မိခင်အတွက်လည်း စိတ်ထိခိုက်လှသည်။
ပြာကျသွားပြီဖြစ်သည့် နေအိမ်ကလေးကိုကြည့်ရင်း ဆွံ့အသွားခဲ့သည့် အမယ်ကြီးအိုအနားကို ရွာခံအမျိုးသားတစ်ဦးက ရောက်လာသည်။ အမယ်ကြီးအိုကို ပခုံးလေးဖက်ရင်း “ စိတ်မကောင်းနေနဲ့တော့။ သူများဟာပါပါ ကိုယ့်ဟာပါပါ တူတူပဲ” ဟု ပြောရင်း ဖြောင်းဖျကာ ခေါ်သွားသည်။ အမယ်ကြီးကို မီးလောင်ပြင်ကနေ လေးကန်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။



















































