နေ့သစ်၊တာရာ/People’s Spring
အာဏာလုစစ်တပ်က ပြည်သူတွေကိုပုံစံမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး လုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁)မှာ စစ်အုပ်စုရဲ့ မတရားမှုတွေကို ခေါင်းငုံ့မခံလိုတာကြောင့် သတ္တိရှိရှိ မဲမပေးတဲ့ပြည်သူများစွာရှိခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်စိတ်တိုင်းကျစီစဥ်တဲ့ရွေးကောက်ပွဲမှာ မဲပေးသူအလွန်နည်းခဲ့ပါတယ်။ရန်ကုန် ၊မန္တလေး ၊ပုသိမ် ၊ဟသာ်တ၊ကလေး စတဲ့မြို့တွေမှာ လမ်းတွေပေါ်မှခြောက်ကပ်ကပ်နဲ့မဲပေးသူအလွန်နည်းခဲ့ပါတယ်။ရန်ကုန်မြို့က မဲရုံတွေအနီး ပြည်သူတွေကိုမေးမြန်းမှု နဲ့ မဲရုံတွေလိုက်ပြီး လေ့လာတဲ့အခြေအနေအရ မဲပေးသူ အရေအတွက်ဟာ မဲပေးခွင့်ရှိသူ ထက် သုံးပုံတစ်ပုံခန့်ပဲရှိတယ်လို့မဲပေးခဲ့သူတွေ၊မဲရုံဝန်ထမ်းအချို့အပြော နဲ့လေ့လာမှုအရတွေ့ရှိရပါတယ် ။

Public Service Announcement
စစ်တပ်ရဲ့ခြိမ်းခြောက်ဖိနှိပ်မှုမျိုးစုံကြားက မဲမပေးဖို့ကတော်ရုံသတ္တိရှိသူတွေ လုပ်ဝံ့တဲ့အရာမဟုတ်ပါဘူး။ဒါပေမယ့် မြန်မာနိုင်ငံမှာအဲဒီလိုသတ္တိရှိသူတွေများစွာရှိပါတယ် ။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာမို့ ၊ပြည်ပရောက်နေတာမို့ စစ်တပ်ရွေးကောက်ပွဲကိုမဲမပေးဘူးဆိုတာအနည်းငယ်လွယ်ကူပေမယ့် စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်တဲ့ပြည်သူတွေ မဲမပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။
“ မနေ့က အထိတော့ ကြောက်စိတ်ရှိတယ်။မဲမထည့်လို့ စစ်တာဆေးတာရှိရင် ဖမ်းမလားဆိုပြီး။ဒီမနက်တော့ ကိုယ့်စိတ်ကို ယတိပြတ်ဆုံးဖြတ်လိုက်တယ်။မဲ လုံးဝ သွားမပေးဘူး။ဒီ့အတွက်လည်း အခုချိန်မှာ ဂုဏ်ယူနေတယ်” လို့ ရန်ကုန်မ့ို့နေအသက် ၆၀ အရွယ်အမျိုးသမီးကြီးတဦးကပြောတာဖြစ်ပါတယ်။
မန္တလေးမြို့ကပထမဆုံးမဲပေးရမယ့် အရွယ်သာရှိသေးတဲ့အမျိုးသမီးငယ်ကလည်း” သမီးကအခုမ မဲစထည့်ရမှာ လေ။ထည့်ဖူးချင်တာပေါ့။ဒါပေမယ့် မင်းအောင်လှိုင်ကိုမုန်းလို့မထည့်လိုက်ဘူး။အကုန်ကောင်းနေတာကိုသူလုပ်လို့ကမောက်ကမတွေဖြစ်ကုန်တာ” လို့ပြောပါတယ်။ တစ်ကယ်လို့ရွေးကောက်ခံအရပ်သား အစိုးရတွေကလုပ်တဲ့လွတ်လပ်မျှတရွေးကောက်ပွဲဆိုရင်သူက First Voter အဖြစ်သူတက်တက်ကြွကြွမဲပေးခဲ့သူဖြစ်ပါတယ်။
မဲပေးသူနည်းတာကြောင့်ရန်ကုန်မြို့မှာ မဲရုံရှိတဲ့နေရာတွေမှာ လူသိသိသာသာနည်းပြီး မဲပေးသူဦးရေဟာမဲပေးသူအရေအတွက်ထက် သုံးပုံတစ်ပုံခန့်ပဲရှိတယ်လို့မဲရုံဝန််ထမ်းအချို့၊ မဲရုံသွားခဲ့တဲ့ပြည်သူတွေနဲ့ မဲရုံတွေလေ့လာမှုအရသိရပါတယ်။
မဲရုံတွေမှာဟာမနက် ၆ နာရီ မဲရုံဖွင့်ချိန်ကနေ ညနေ ၄ နာရီ မဲရုံပိတ်တဲအချိန်ထိ မဲလာပေးသူဦးရေဟာ အနည်းငယ်ဝန်းကျင်သာရှိပါတယ်။
မဲလာပေးသူတွေရဲ့ မျက်နှာမှာလည်း စိုးရိမ်မှုတွေရှိတာကိုမြင်တွေ့ခဲ့ရပါတယ်။
၂၀၂၅ ရွေးကောက်ပွဲကို ကိုဗစ်ကာလမှာ ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနဲ့နှိုင်းယှဉ်ရင် မဲပေးသူ အလွန်နည်းပါးခဲ့တာပါ။မန္တလေးမြို့မှာလည်း ဒီနေ့မှာလမ်းတွေပေါ်မှာလူသွားလူလာသိသိသာသာနည်းပါးခဲ့သလို မဲပေးသူလည်းနည်းပါးခဲ့ပါတယ်။
မန္တလေးအောင်မြေသာဇံမြို့နယ်က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကတော့ ဒီကနေ့ ရွေးကောက်ပွဲမှာ မဲမပေးဘူးလို့ ပြောပါတယ်။ “ ထောင်ကျလည်း ထောင်ထဲရောက်ဖူးတယ်ပဲ တွေးလိုက်တယ်။ သွားမပေးပါဘူး။ ကျွန်တော်တို့က တော်လှန်ရေးစိတ်ရှိတယ်။” လို့ သူက ပြောပါတယ်။
ပြည်သူတွေဟာ မဲမပေးရဖို့ပါးပါးနပ်နပ် နဲ့ရှောင်ရှားခဲ့ကြတာလည်းအများကြီးပါပဲ။ ပြည်သူတွေကမဲမပေးရဖို့ ဘယ်လိုရှောင်ရှားကြတယ်ဆနုတာကို အခုဆောင်းပါးမှာရေးသားရင် စစ်တပ်ကပြည်သူတွေကို အန္တရာယ်ပြုမှာ ၊ပိုအကြပ်ကိုင်မှာ ၊ကျန်နေသေးတဲ့ အပိုင်း ၂ ၊ ၃ လုပ်မယ်ဆိုတဲ့ဒေသကပြည်သူတွေကိုပိုဖိနှိပ်လာနိုင်တဲ့အတွက်မရေးသား၊မဖော်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“ အမေစုလက်ထက်တုန်းကရှေ့ဆုံးကနေ မဲပေးခဲ့တာပါ။ ဒီမတရားတဲ့ ရွေးကောက်ပွဲကို မဲပေးဖို့ကျ စိတ်ကမသန့်တော့ဘူး။ စီးပွားရေးနဲ့ အလုပ်အကိုင်အရ အစိုးရလုပ်ငန်းတွေနဲ့ ရှောင်ဖို့ခက်ပေမယ့် အတတ်နိုင်ဆုံးတော့ မပတ်သက်မိအောင် ကြိုးစားနေပါတယ်။စစ်တပ်ထုတ်ကုန်မသုံးဘူး။ ရအောင်ရှောင်တယ်။တော်လှန်ရေးမှာလည်း ကိုယ်တတ်နိုင်တာ ကူညီနေပါတယ်” လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ရဲရဲဝံ့ဝံ့ပြောပါတယ်။ ၂၀၂၀ရွေးကောက်ပွဲကို မနက်အစောကြီးထပြီး တက်တက်ကြွကြွမဲပေးခဲ့ပေမယ့် စစ်တပ်ရွေးကောက်ပွဲကို သူမဲမပေးခဲ့ပါဘူး ။
မဲမပေးရင် စစ်တပ်လက်အောက်ခံအဖွဲ့တွေကငွေညှစ်မှာ ၊ ဖမ်းဆီးမှာ ၊ခြိမ်းခြောက်အကြပ်ကိုင်မှာ ၊အကြမ်းဖက်မှာ စတဲ့ အသံမျိုးစုံကြောင့် ကြောက်ပေမယ့် မဲမပေးခဲ့ဘူးလို့ မန္တလေးမြို့ကိုရောက်နေတဲ့ စစ်ဘေးရှောင်တဦးကပြောပါတယ်။
“ တကယ်ကတော့ မပေးချင်ဘူး။လာပြောတော့သွား ပေးရမယ်ဆိုလည်း ပါတီတခုဆီထည့်ထားခဲ့မလို့။ဒါပေမယ့်မအားလို့ မသွားဖြစ်လိုက်ဘူး။ကြောက်တော့ကြောက်တယ်” လို့ သူကပြောပါတယ်။
စစ်တပ်ရွေးကောက်ပွဲဟာ ပြည်ပနိုင်ငံရောက်မြန်မာတွေလည်း စံချိန်တင် မဲပေးမှု နည်းခဲ့ပါတယ် ။ နိုင်ငံတကာမှာ မြန်မာနိုင်ငံသားတရားဝင်ရော၊တရားမဝင်ရောက်နေသူ ၁၀ သန်းကျော်ရှိပေမယ့် စစ်တပ်ရွေးကောက်ပွဲကို မဲပေးဖို့စာရင်းပေးထားသူ ၅၀၀၀ ကျော်ပဲရှိတယ်လို့ စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။ မြန်မာနိုင်ငံသားသန်းပေါင်းများစွာရှိတဲ့ ထိုင်းနိုင်ငံမှာ မဲပေးသူ သုံးရာလောက်ပဲရှိတယ်လို့ စုံစမ်းသိရှိရပါတယ် ။
၂၀၂၀ ရွေးကောက်ပွဲမှာပြည်သူ ၃၇ ကျော်မဲပေးပြီး တခဲနက်အနိုင်ရရှိထားတဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို စစ်တပ်က လက်နက်အားကိုးနဲ့ အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ နိုင်ငံတစ်ဝန်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတဲ့ကြား၊နယ်မြေအများအပြားဆုံးရှုံးထားတဲ့ကြားကရွေးကောက်ပွဲလုပ်နေတာဖြစ်ပါတယ်။အာဏာသိမ်း စစ်တပ်တရားဝင်မှုရဖို့နဲ့ အာဏာရေရှည်ဆုပ်ကိုင်နိုင်ဖို့လုပ်တဲ့ရွေးကောက်ပွဲကို ဆန်ကျင်ကြဖို့တော်လှန်ရေးအင်အားစုတွေကတိုက်တွန်းထားပါတယ်။
ဒါအပြင်တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ စစ်တပ်ရွေးကောက်ပွဲမလုပ်နိုင်ပါဘူး ။စစ်တပ်က ရွေးကောက်ပွဲကိုအပိုင်း ၃ ပိုင်းခွဲလုပ်မယ်လို့ပြောထားပြီး ဒီဇင်ဘာ၂၈ မှာလုပ်တဲ့ အပိုင်း တစ်မှာ ၁၀၂ မြို့နယ် ၊ ၂၀၂၆ ဇန်နဝါရီမှာလုပ်မယ့်အပိုင်း နှစ်မှာမြို့နယ် ၁၀၀ ၊ ဇန်နဝါရီ ၂၅ မှာလုပ်မယ့်အပိုင်း သုံးမှာ ၆၃ မြို့နယ်လုပ်မယ်လို့ဆိုပါတယ်။ဒါကြောင့် မြို့နယ် ၆၅ မြို့နယ်မှာရွေးကောက်ပွဲမလုပ်နိုင်ပါဘူး ။အဲဒီမြို့နယ်တွေဟာတော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွဖြစ်ပါတယ်။
စစ်တပ်ရွေးကောက်ပွဲအပိုင်း ၃ လုပ်မယ့်ကြေညာထားတဲ့ အထဲကချင်ပြည်နယ်က မံစီ၊မိုးမောက်မြို့တွေလည်းပါဝင်နေပြီး အဲဒီမြို့နယ်တွေဟာKIA ကသိမ်းပိုက်ထိန်းချုပ်ထားလို့ စစ်တပ်တောင်မြို့ထဲမရှိတဲ့မြို့ဖြစ်နေပါတယ်။ ဒါအပြင် အပိုင်း (၁)၊(၂)လုပ်မယ်ဆိုတဲ့ မြို့နယ် ၂၀၂ မြို့နယ်ထဲမှာတောင် ရွေးကောက်ပွဲမလုပ်နိုင်တဲ့ ရပ်ကွက်ပေါင်း ၁၆၁ ရပ်ကွက် နဲ့ ကျေးရွာအုပ်စုပေါင်း ၂၇၇၀ ရှိပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်တပ်ရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲနဲ့နှိုင်းယှဥ်ရင်မဲရုံပေါင်း ၁၈၀၀၀ ကျော်လျော့နည်းသွားတယ်လို့စစ်တပ်ခန့်ရွေးကော်ဥက္ကဌကမီဒီယာတွေကိုပြောထားပါတယ်။
ဒါအပြင် ကချင်ပြည်နယ်ဗန်းမော် ကရင်ပြည်နယ်ကဖားပွန် ၊မကွေးတိုင်းက ဆင်ဖြူကျွန်း ၊စလင်းစတဲ့ဒေသတွေကိုပါရွေးကောက်ပွဲလုပ်မယ်လို့ စစ်တပ်ကဆိုနေတာဖြစ်ပါတယ်။
မဲရုံတွေပိတ်ပြီး ညပိုင်းရောက်တဲ့အခါမှာတော့ စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်အကောင့်တွေက မဲပေးသူ ၇၀ ရာခိုင်နှုန်းအထက်မဲပေးတယ် ၊စစ်တပ်ကြံ့ဖွံ့ပါတီ မဲအပြတ်နဲ့အနိုင်ရတယ်ဆိုပြီးဝါဒဖြန့်နေကြပါတယ် ။အဲဒီကိန်းဂဏန်းတွေဟာ စစ်တပ်အလိုကျ ကြိုထုတ်ထားတဲ့အဖြေတွေဖြစ်ပြီး မဲပေးသူရော ၊ကြံ့ဖွံ့ပါတီရမဲရော ၈၀ ရာခိုင်နှုန်းအထက်ရှိတယ်လို့လိမ်ရင်တောင်အံသြစရာမဟုတ်ဘူးလို့ နိုင်ငံရေးအကဲခတ်တဦးကပြောပါယ် ။
“ နာဂစ်ခြေဥကိုတောင် ပြည်သူ ၉၈ ရာခိုင်နှုန်းကျော်ကထောက်ခံတယ်လို့ စစ်တပ်ကလိမ်ခဲ့သေးတာ။အခု ကျားဖြန့် ရွေးကောက်ပွဲ ၊ဗုံးကြဲပြီးလုပ်တဲ့ရွေးကောက်ပွဲမှာလည်း ကြံ့ဖွံ့က ၇၀ ရာခိုင်နှုန်းကျော် ၊ ၈၀ ရာခိုင်နှုန်းကျော်နိုင်တယ်လို့အကြံအဖန်ထုလည်းအံသြစရာမဟုတ်ဘူး။ဒါကအစအဆုံးလုပ်ပွဲကြီးပဲ ။၉၀ ရာခိုင်နှုန်းအထက်နိုင်တယ်မလုပ်ရင် တော်သေးတယ်မှတ်” လို့ နိုင်ငံရေးအကဲခတ်တဦးကပြေပါတယ်။
စစ်တပ်ရွေးကောက်ပွဲမှာ စစ်တပ်ကိုထောက်ခံလို့၊ကြံ့ဖွံ့ထောက်မဲပေးသူတွေရှိပေမယ့် ၊အများစုက စစ်တပ်က အန္တရာယ်ပြုမှာကြောက်လို့ မဲပေးရသူကပိုများတာကို မဲပေးသူတွေကိုလိုက်လံမေးကြည့်မှုအရသိရပါတယ် ။
ချမ်းအေးသာစံမြို့နယ်က အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကတော့ ရွေးကောက်ပွဲနေ့ကျော်လွန်မှ လာဖမ်းမှာစိုးရိမ်လို့ နေ့ခင်းပိုင်းမဲသွားပေးမယ်လို့ ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ “ သွားပေးခဲ့တယ်။ မပေးလည်းကြောက်ရတယ်လေ။နှိပ်ချင်ရာနှိပ်ပစ်ခဲ့တာပါ။ မဟုတ်လည်းသူတို့(စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ဖွံ့)ရမှာပဲ။” လို့ပြောပြပါတယ်။
မဲမပေးချင်တာမှာ စစ်တပ်မဲစာရင်းတွေမပြည့်စုံတာကြောင့် အမည်မပါလို့ ပျော်ပျော်ကြီးမဲမပေးရသူတွေလည်းရှိပါတယ် ။
“ မဲစာရင်းစစ်ဖို့လာပြောကတည်းက အိမ်က မိန်းမက ကြောက်ကြောက်နဲ့သွားစစ်တာ ကျွန်တော့်နာမည်ပါမလာဘူး။အရင်လေးငါးနှစ်လောက်ကသေ သွားတဲ့ အမေ၊ နာမည်နဲ့ အဒေါ်နာမည်တွေပါတယ်။ကျွန်တော့် နာမည်ပါလဲ မဲထည့်စရာအကြောင်းမရှိဘူး။ဒီနေ့ ကျွန်တော်နေတဲ့ ရပ်ကွက်ရော အနီးနားက ရပ်ကွက်တော်တော်များများ မဲရုံတွေမှာ မဲလာထည်တဲ့သူ သိပ်မတွေ့ရဘူး” လို့ရန်ကုန်မြို့နေအမျိုးသားတဦးကပြောပါတယ်။
သူလိုပဲ မဲစာရင်းမှားလို့မဲမပေးရသူ ၊မဲစာရင်းထဲမှာသေဆုံးပြီးသူတွေရဲ့အမည်စာရင်းတွေပါနေတဲ့အဖြစ်အပျက်ကအများကြီးဖြစ်ပါတယ်။ ရွေးကောက်ခံအစိုးရကို မဲစာရင်းတွေမှားတယ်ဆိုပြီး တမင် အပြစ်ရှာပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာကိုယ်တိုင်စိတ်တိုင်းကျမဲစာရင်းတွေပြုစုတာမှာအမှားအယွင်းများတာဟာ စစ်အုပ်စုရဲ့အရည်
အချင်း နဲ့ ဘယ်သူကလိမ်တာလဲဆိုတာကိုပြတဲ့သက်သေတွေပဲဖြစ်ပါတယ်။
ပြည်သူအများစုစိတ်မဝင်စားပဲတော်လှန်ရေးတပ်တွေရဲ့တိုက်ပွဲသတင်းတွေကို အဓိကမျှော်နေကြတဲ့အခြေအနေမှာ စစ်တပ်ရွေးကောက်ပွဲမဲပေးခဲ့တယ်ဆိုသူတွေဟာ လက်သန်းမှင်စွန်းတာကိုဂုဏ်ယူနေသူတွေဟာ လူနည်းစုပဲရှိနေပါတယ်။
“ အရင်ရွေးကောက်ပွဲလို လူတွေက လက်သန်း တထောင်ထောင်နဲ့ အခြေအနေက အခုဆို ပြောင်းပြန်ပဲ” လို့ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောလိုက်ပါတယ်။ ။



















































