close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်တွေကြား ပစ်ခတ်မှုဖြစ်

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Reuters/File

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားရာ နယ်မြေတွေထဲက တစ်ခုဖြစ်တဲ့ တာမွန်သောင် ရှေးဘုရားကျောင်းရဲ့ အရှေ့ဖက် မီတာ ၂၀၀ လောက် အကွာမှာ ကမ္ဘောဒီးယား စစ်သားတွေက ဇူလိုင် ၂၄ ရက် မနက်ပိုင်းက စတင် ပစ်ခတ်ခဲ့တာလို့ ထိုင်းသတင်းဌာန Khaosodက ဖော်ပြခဲ့ပါတယ်။

ထိုင်းစစ်သားတွေကလည်း လက်တုံ့ပြန်ခဲ့ရာက နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်မှုတွေ စတင်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလတုန်းက နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေ တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့တဲ့ အခြေအနေနောက်ပိုင်း ဆက်ဆံရေး ခါးသီး တင်းမာနေခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက်နေ့တုန်းက ထိုင်းရဲ့ အမှတ် ၂ စစ်နယ်မြေ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ဘွန်ဆင် ပက်ဒ်လန်ရဲ့ အမိန့်အရ ထိုင်းစစ်သားတွေဟာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဂိတ် တစ်ခုကို ပိတ်ခဲ့ပါတယ်။ တာမွန်သောင် ဘုရားကျောင်းနဲ့ အနီးတဝိုက်မှာ နှစ်ဖက်နိုင်ငံသားတွေ ဖြတ်သန်းခွင့်ကို ထိုင်းစစ်တပ်က ပိတ်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အခြာနဲ့ နယ်မြေ ပိုင်ဆိုင်မှုကို ကာကွယ်ဖို့ လိုအပ်သလို စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ကမ္ဘာဒီးယားက မြေမြှုပ်မိုင်းတွေ နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်နေတဲ့ လုပ်ရပ်ကို တန်ပြန်တာလို့လည်း ထိုင်းဖက်က ပြောပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်အတွင်း နယ်စပ်မှာ အနည်းဆုံး မြေမြှုပ်မိုင်း နှစ်ကြိမ် ပေါက်ကွဲပြီး ထိုင်းစစ်သား ၈ ဦး ဒဏ်ရာရခဲ့သလို တစ်ဦးက ခြေထောက်ပါ ဖြတ်ခဲ့ရပါတယ်။ ကမ္ဘောဒီးယားကတော့ အဲဒီပေါက်ကွဲမှုတွေဟာ ကမ္ဘောဒီးယား ပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့ပြီး ထိုင်းစစ်သားတွေက နယ်ကျော်ခဲ့တာလို့ ဆိုပါတယ်။ ပြီးတော့ နယ်စပ်မှာ မိုင်းတွေ တမင်ထောင်ထားတယ် ဆိုတာကိုလည်း ငြင်းဆိုထားပါတယ်။

ဇူလိုင် ၂၄ ရက်နေ့ကတော့ ထိုင်းစစ်တပ်ဟာ တာမွန်သောင် ဘုရားကျောင်းကို နှစ်ဖက် ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်နေမှုကို လုံခြုံရေးအရ ပိတ်ထားဖို့ ကမ္ဘောဒီးယားဖက်ကို အဖွဲ့တစ်ခု စေလွှတ်ပြီး ညှိနှိုင်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ထိုင်းစစ်သားတွေက နယ်စပ်ဂိတ် လမ်းကြောင်းကို သံဆူးကြိုးတွေနဲ့ ကွန်ကရစ်တုံးတွေ ချပြီး ပိတ်လိုက်ပါတယ်။ အဲဒီအတောအတွင်း ကမ္ဘောဒီးယားရဲ့ ထောက်လှမ်းရေး ဒရုန်းတစ်စီးက ထောက်လှမ်း စောင့်ကြည့်နေခဲ့ပါတယ်။

နောက်တော့ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး ပခုံးထမ်း လောင်ချာတွေပါ ကိုင်ဆောင်လာတဲ့ ကမ္ဘောဒီးယား စစ်သား ၆ ယောက်က စည်းရိုးနားကို ချဉ်းကပ်လာပြီး ညှိညှိနှိုင်းနှိုင်း လုပ်ကြဖို့ အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းစစ်သားတွေက ပထမအကြိမ် ညှိနှိုင်းမှုက အတည်ပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကမ္ဘောဒီးယား စစ်သားတွေက ပြန်လည် ထွက်ခွာသွားကြပြီး သိပ်မကြာခင်မှာပဲ ထိုင်းဖက်က စစ်စခန်းကို လှမ်းပစ်ခတ်ခဲ့တာလို့ Khaosodက ဖော်ပြထားပါတယ်။

ပစ်ခတ်မှု နောက်ဆက်တွဲ အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ မကြာသေးခင်ကလည်း နယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်သားတွေ ကိုယ်ထိလက်ရောက် ထိုးကြိတ်တဲ့ အဆင့်မျိုးထိ ရောက်ခဲ့သေးပြီး နှစ်ဖက် စစ်ဦးစီးတွေက ပြေလည်အောင် ညှိနှိုင်းယူခဲ့ရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ သံတမန်ရေးအရလည်း တင်းမာနေပြီး နှစ်ဖက်ကြားမှာ သံအရာရှိတွေကို ပြန်ခေါ်ယူတာ၊ တခြားနိုင်ငံရဲ့ သံအရာရှိတွေကို နှင်ထုတ်တာတွေ လုပ်ဆောင်နေကြပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ပဋိပက္ခတွေ ဖြစ်မလာအောင် ထိုင်းဖက်က အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သေးတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်က ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယား သတင်းဌာန တချို့နဲ့ လူမှုကွန်ရက် သုံးစွဲသူတွေက ထိုင်း F-16 တိုက်လေယာဉ်တွေ ပစ်ချခံရကြောင်း သတင်းမှားတွေ ဖြန့်ဝေနေတယ်လို့ ထိုင်းလေတပ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ခန့်မှန်းထားသလိုပဲ ဟွန်ဆန်းဟာ နစ်နာသူလို လုပ်ပြနေပြန်တယ်လို့ လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်က လူမှုကွန်ရက် မီဒီယာမှာ ခနဲ့ပြီး ရေးသားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ် စစ်ရေး ပဋိပက္ခကို သတိကြီးကြီးနဲ့ ကိုင်တွယ်ဖို့ ထိုင်းယာယီ ဝန်ကြီးချုပ်က တိုက်တွန်းခဲ့ပါတယ်။ တစ်ဖက်မှာတော့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က စစ်အင်အားသုံး တုံ့ပြန်ဖို့ကလွဲပြီး နည်းလမ်း မရှိဘူးလို့ ပြောကြားထားပါတယ်။