close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ထိုင်းအစိုးရ အဖွဲ့ဝင်သစ်တွေ ရောက်ရှိလာ

ရာထူးက ဆိုင်းငံ့ခံထားရသူ ဝန်ကြီးချုပ်က ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ကျမ်းကျိန်မယ်

Khaosod English

ရာထူးက ဆိုင်းငံ့ခံထားရသူ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် အပါအဝင် ညွန့်ပေါင်း အစိုးရ အစုအဖွဲ့သစ်မှာ ပါဝင်မယ့် ပုဂ္ဂိုလ်တွေဟာ ရာထူးနေရာ အသီးသီးအတွက် ဒီနေ့ (ဇူလိုင်လ ၄ ရက်)မှာ ကျမ်းသစ္စာ ကျိန်ဆိုကြမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားမှု အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး အခု သီတင်းပတ် အစောပိုင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး အမိန့်ရဲ့ ရာထူးက ဆိုင်းငံ့ခံထားရသူ ဖေထောင်ထန်းအစား ယာယီ ဝန်ကြီးချုပ် တာဝန်ယူထားသူ ပို့ဆောင်ရေး ဝန်ကြီး ဆူရီယာ ဂျန်ရွန်ရန်ကစ်က ဘုရင်ရှေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ့် အစိုးရ အဖွဲ့ဝင်တွေကို ဦးဆောင်မှာ ဖြစ်ပါတယ်။

ဖေထောင်ထန် ကိုယ်တိုင်ကတော့ ဝန်ကြီးချုပ် တာဝန်တွေကနေ ဆိုင်းငံ့ခံထားရပေမယ့်လည်း ပူးတွဲ တာဝန်ယူထားတဲ့ ယဉ်ကျေးမှု ဝန်ကြီးအဖြစ် ကျမ်းကျိန်ပွဲကို တက်ရောက်လာခဲ့ပါတယ်။

ဖေထောင်ထန်ရဲ့ ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာ သူက ထိုင်းစစ်တပ်ကို သိက္ခာချတဲ့ သဘောမျိုး ပုတ်ခတ်ပြောဆိုထားတာတွေ ပါဝင်နေရာက ပြဿနာ တက်ခဲ့တာပါ။ အဲဒီအတွက် ထိုင်းစစ်တပ်ရဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ် ပါတီဟာ ဖေထောင်ထန်ရဲ့ ညွန့်ပေါင်း အစိုးရထဲကနေ နုတ်ထွက်သွားပြီး အခုလိုမျိုး အစိုးရသစ်ကို ပြင်ဆင် ဖွဲ့စည်းခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အသံဖိုင်ထဲမှာ ဖေထောင်ထန် ပြောဆိုထားတာတွေဟာ နိုင်ငံရဲ့ သိက္ခာနဲ့ အချုပ်အခြာ အာဏာကို ထိခိုက်စေပြီး ဝန်ကြီးချုပ် တစ်ဦးအနေနဲ့ အရည်အချင်း မပြည့်မီမှု၊ ကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိနေတာကို မြင်သာစေခဲ့ပြီး အဲဒီကိစ္စကို စုံစမ်း စစ်ဆေးပေးဖို့ အထက်လွှတ်တော် အမတ် ၃၆ ဦးက အခြေခံ ဥပဒေ ခုံရုံးကို ဦးတိုက် လျှောက်ထားခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာတော့ ခုံရုံးက အဲဒီကိစ္စကို လက်ခံ စုံစမ်းပေးဖို့ သဘောတူခဲ့သလို ဖေထောင်ထန်ကိုလည်း ဝန်ကြီးချုပ် တာဝန်ကနေ ယာယီ ဆိုင်းငံ့ထားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် သူ့အစား ဒုတိယ ဝန်ကြီးချုပ်ဖြစ်တဲ့ ဆူရီယာက ယာယီ ဝန်ကြီးချုပ်အဖြစ် ရက်ပိုင်းလောက် တာဝန်ယူနေခဲ့တာပါ။

ဆူရီယာဟာ ညွန့်ပေါင်းအစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် နာရီပိုင်း အကြာမှာပဲ ယာယီ ဝန်ကြီးချုပ် တာဝန်ကို စွန့်လွှတ်ဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ ကာကွယ်ရေး ဝန်ကြီးကနေ ပြည်ထဲရေး ဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ယူမယ့် ဖုန်သမ် ဝီချာရာချိုင်က အစိုးရသစ်မှာ ဒုတိယ ဝန်ကြီးချုပ် ဖြစ်လာတာကြောင့် ဝန်ကြီးချုပ်က ရာထူးက ဆိုင်းငံ့ခံထားရချိန် သူက အစားထိုး တာဝန်ယူရမယ့် အဓိပ္ပါယ်ပါ။

ထိုင်းနိုင်ငံ သမိုင်းမှာ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသူ အသက် ၃၈ နှစ်အရွယ် ဖေထောင်ထန် အတွက်တော့ လက်ရှိမှာ နိုင်ငံရေး လှိုင်းအထန်ဆုံး ကာလတွေကို ဖြတ်သန်းနေရပါတယ်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ သူ့ရဲ့ ဖုန်းအသံဖိုင် ပေါက်ကြားလာမှုက ဖေထောင်ထန်ကို လူထုထောက်ခံမှု သိသိသာသာ ကျဆင်းသွားစေသလို ရာထူးက နုတ်ထွက်ဖို့ ဆန္ဒပြမှုတွေပါ ကြုံနေရပါတယ်။ သူဟာ ဝန်ကြီးချုပ် ရာထူးကို စွန့်လွှတ်ဖို့ နိုင်ငံရေးအရရော၊ တရားရေးအရ ပြင်းထန်တဲ့ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရာထူးက ဆိုင်းငံ့တာ ခံထားရတဲ့နောက် ၁၅ ရက်အတွင်း ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် ဟာသူ့အပေါ် စွပ်စွဲချက်တွေအတွက်အပြစ်မရှိကြောင်းခုခံလျှောက်လဲနိုင်မယ့်သက်သေတွေကို တင်ပြရမှာဖြစ်ပါတယ်။

နိုင်ငံတကာ

ယဉ်ကျေးမှုဝန်ကြီးအဖြစ် ဆက်တာဝန်ယူနေဖွယ်ရှိ

နိုင်ငံတကာ

ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်မှုအတွက် ထိုင်းဝန်ကြီးချုပ် ကျေးဇူးစကားဆို(ဖုန်းအသံဖိုင် ပေါက်ကြားမှု နောက်ဆက်တွဲ တရားရေးအရ ဖြေရှင်းရနိုင်ခြေတွေ မြင့်တက်လာနေ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ မြို့တော် ဘန်ကောက်မှာ ဇွန်လ ၂၈ ရက်နေ့က လူတွေ ထောင်သောင်းချီ စုရုံးပြီး ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ် နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။