မနှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းဖို့ အဲဒီကာလ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ဖြစ်ခဲ့သူ ရှိတ်ခ်ဟာဆီနာက ညွှန်ကြားခဲ့ကြောင်း ဖုန်းအသံဖိုင် တစ်ခုကို အခြေပြုပြီး ခိုင်မာတဲ့ စွပ်စွဲမှုတွေ ထွက်ပေါ်လာပါတယ်။
မတ်လလောက်တုန်းက စတင်ပေါက်ကြားလာတဲ့ ဖုန်းအသံဖိုင်ထဲမှာတော့ ဟာဆီနာ ဆန္ဒပြပွဲတွေ ပြင်းထန်နေခဲ့တဲ့ ကာလမှာ ဆန္ဒပြသူတွေကို လူသေစေလောက်တဲ့ လက်နက်တွေ အသုံးပြု ဖြိုခွင်းဖို့၊ တွေ့ရာနေရာမှာ ပစ်ခတ်ဖို့ သူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို ညွှန်ကြားထားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဇူလိုင်နဲ့ ဩဂုတ်လတွေတုန်းက ဖြစ်ပွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲတွေအတွင်း အစိုးရရဲ့ အင်အားသုံး တုံ့ပြန် ဖြိုခွင်းမှုတွေနဲ့ တခြား အရှုပ်အထွေးတွေကြောင့် လူ ၁၄၀၀ ကျော်လောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။ ဩဂုတ်လဆန်းမှာတော့ အဲဒီ အုံကြွမှုကြောင့် ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျခဲ့ပြီး ဟာဆီနာ ကိုယ်တိုင်လည်း အိန္ဒိယကို ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ပါတယ်။
ဟာဆီနာက သူဟာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပါတယ်။ အခုတော့ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အစိုးရ ရှေ့နေတွေက ဟာဆီနာအပေါ် စွပ်စွဲမှုတွေအတွက် ခိုင်မာတဲ့ သက်သေ အထောက်အထားအဖြစ် အဲဒီ အသံဖိုင်ကို တင်သွင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဟာဆီနာဟာ ဆန္ဒပြမှုတွေကို ဖြိုခွင်းရာမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ကြောင်း မျက်ကွယ် တရားခွင်မှာ စီရင်စစ်ဆေးတာ ခံနေရပါတယ်။

Public Service Announcement
ဟာဆီနာရဲ့ နိုင်ငံရေး ပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ် (ALP)ကတော့ ဥပဒေ ရှုထောင့်ကနေ ဘယ်လို ခိုင်မာအားကောင်းတဲ့ သက်သေ အထောက်အထားမျိုးကိုမှ တင်ပြနိုင်မှာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။ အသံဖိုင်ထဲမှာတော့ ဟာဆီနာဟာ ဘယ်သူဘယ်ဝါ ကွဲကွဲပြားပြား မကြေညာရသေးတဲ့ အစိုးရ အရာရှိ တစ်ဦးနဲ့ ဖုန်းပြောနေခဲ့တာပါ။ အဲဒီ အသံဖိုင်ဟာ ဟာဆီနာက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းဖို့၊ ပစ်သတ်ဖို့ ညွှန်ကြားခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိ အချိန်ထိ ထွက်ပေါ်လာသမျှထဲမှာ အခိုင်မာဆုံး သက်သေ တစ်ခုလည်း ဖြစ်လာပါတယ်။

မနှစ်က ဇူလိုင်လတုန်းက အစိုးရ အလုပ်နေရာ ခွဲတမ်းသတ်မှတ်ချက် စည်းမျဉ်းတွေကို မကျေနပ်လို့ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပေမယ့် အာဏာပိုင်တွေရဲ့ အကြမ်းပတမ်း ဖြိုခွင်းမှုတွေကြောင့် ပိုမိုကျယ်ပြန့်တဲ့ လူထုအုံကြွမှုကြီးအသွင် ပြောင်းလဲခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ကို ဆယ်စုနှစ်နဲ့ချီ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဟာဆီနာရဲ့ အစိုးရလည်း ပြိုလဲသွားခဲ့ပါတော့တယ်။
ဩဂုတ် ၅ ရက်နေ့ကတော့ ဘင်္ဂလားဒေ့ရှ်က ဆန္ဒပြပွဲတွေမှာ သွေးအစွန်းဆုံး နေ့တွေထဲကတစ်ခု ဖြစ်ခဲ့ပြီး အဲဒီနေ့မှာပဲ ဟာဆီနာဟာ ဒါကာမြို့တော်က ဝန်ကြီးချုပ် အိမ်တော်ဆီ ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေ အုံနဲ့ကျင်းနဲ့ ဝင်မလာခင် အချိန်မီလေး ရဟတ်ယာဉ်နဲ့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ အသံဖိုင်ထဲက ဖုန်းခေါ်ဆိုမှုကိုတော့ ဟာဆီနာက ဝန်ကြီးချုပ် အိမ်တော်ကနေ ဇူလိုင် ၁၈ ရက်နေ့မှာ လုပ်ဆောင်ခဲ့တာလို့ သတင်းရင်းမြစ် တစ်ဦးက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီကာလဟာ ဆန္ဒပြပွဲတွေကို ရဲတွေက အကြမ်းပတမ်း ဖြိုခွင်းမှုတွေ စတင်လာလို့ လူထုက ဒေါသထွက်နေတဲ့ အချိန်၊ ဆန္ဒပြပွဲတွေရဲ့ လားရာဟာ အလုပ်အကိုင် ကိစ္စကနေ ဟာဆီနာ အစိုးရ ပြုတ်ကျရေးဆီ စတင်ဦးတည်လာမယ့် အလှည့်အပြောင်း အချိန်လည်း ဖြစ်ပါတယ်။
အဲဒီ ဖုန်းခေါ်ဆိုမှုအပြီး ရက်ပိုင်းအကြာမှာပဲ စစ်သုံးလက်နက်အဆင့် ချေမှုန်းရေး ရိုင်ဖယ်တွေကိုပါ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စတင် သုံးစွဲလာခဲ့ကြောင်း သိရပါတယ်။ အခုနှစ် မတ်လဆန်းမှာ အဲဒီ အသံဖိုင်ဟာ ဘယ်သူဘယ်ဝါမှန်း အတိအကျ မသိတဲ့ ရင်းမြစ် တစ်ခုခုဆီကနေ ရည်ရွယ်ချက်ရှိရှိ ဖွင့်ချမှုကြောင့် စတင် ပေါက်ကြားလာတာ ဖြစ်ပါတယ်။
ဟာဆီနာရဲ့ ပါတီဖြစ်တဲ့ ALPကတော့ အဲဒီအသံဖိုင်ဟာ လုပ်ကြံဖန်တီးထားတဲ့ အတုတစ်ခုခု မဟုတ်ဘူး ဆိုတာကိုတောင် တိတိကျကျ အာမမခံနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။ ဟာဆီနာနဲ့အတူ သူ့အစိုးရ လက်ထက်က တာဝန်ယူခဲ့တဲ့ တခြားအရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာလည်း ဆန္ဒပြသူတွေကို တရားလက်မဲ့ သတ်ဖြတ်မှုတွေနဲ့ ဆက်စပ်ပြီး အမှုရင်ဆိုင်နေရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရ လက်အောက်ခံ တရားရေး အာဏာပိုင်တွေက လူပေါင်း ၂၀၃ ယောက်ကို အမှုဖွင့် စစ်ဆေးနေပြီး အဲဒီထဲက ၇၃ ယောက်ကတော့ ထိန်းသိမ်းခံထားရပါတယ်။
ကိုးကား: BBC
