အငြင်းပွားစရာတွေ အများကြီး ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန်မူကြမ်းဟာ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုချက် ရရှိသွားပြီ ဖြစ်ပါတယ်။
ထရမ့်ရဲ့ ကနဦး အဆိုမူကြမ်းဟာ လွှတ်တော်မှာ လိုအပ်တဲ့ ထောက်ခံမဲ အရေအတွက် မရတာကြောင့် ပြန်လည် ပြင်ဆင်မှုတချို့ လုပ်ခဲ့ရပါတယ်။ အဲဒီ ပြင်ဆင်ထားတဲ့ အဆိုကို အထက်လွှတ်တော်မှာ ပွတ်ကာသီကာ ရလဒ်မျိုးနဲ့ မဲခွဲ အနိုင်ရခဲ့ပြီးတဲ့နောက် ဇူလိုင် ၃ ရက်နေ့ ညပိုင်းက အောက်လွှတ်တော်မှာ အဲဒီ ပြင်ဆင်ထားတဲ့ မူကြမ်းကို ဥပဒေအဆင့် အတည်ပြုဖို့ မဲခွဲခဲ့ပါတယ်။
အောက်လွှတ်တော်မှာလည်း ထရမ့်ဘက်တော်သား ရီပတ်ဘလစ်ကန်တွေဟာ အဆို အထမြောက်စေဖို့ အားတက်သရော ကြိုးကြိုးစားစား စည်းရုံးခဲ့ကြပြီး နောက်ဆုံးမှာတော့ ၂၁၈ မဲ – ၂၁၄ မဲနဲ့ အသာစီး ရသွားတာ ဖြစ်ပါတယ်။ အထက်လွှတ်တော် မဲခွဲမှုတုန်းကတော့ မဲအရေအတွက် ၅၀ စီ ညီမျှနေရာကနေ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ထောက်ခံတဲ့ဖက်က ဝင်မဲပေးပြီး အသာရစေခဲ့တာ ဖြစ်ပါတယ်။
ထရမ့်က အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့ မတိုင်ခင် သူ့ရဲ့ အစိုးရ အသုံးစရိတ်နဲ့ အခွန် အဆိုပြုချက် မူကြမ်းကို လွှတ်တော်မှာ အတည်ပြုနိုင်အောင် ဖိအားပေး တောင်းဆိုထားပြီး အဲဒီဆန္ဒ လက်တွေ့ ပြည့်မြောက်သွားတဲ့ သဘောပါ။

Public Service Announcement
ထရမ့်က သူ့ရဲ့ မူကြမ်းကို အင်မတန် လှပခမ်းနားတဲ့ အဆိုပြုချက်လို့ တင်စားထားပေမယ့် တစ်ဖက်မှာတော့ အငြင်းပွားစရာတွေ အများကြီး ဖြစ်လာစေပါတယ်။ ထရမ့်က အစိုးရ အသုံးစရိတ်ကို လျှော့ချရမယ်၊ အစိုးရရဲ့ လိုငွေပြမှုကို လျှော့ချရမယ်လို့ ရွေးကောက်ပွဲကြို မဲဆွယ်ကာလမှာ တတွတ်တွတ် ပြောခဲ့ပေမယ့် အခုဥပဒေ အသက်ဝင်လာတဲ့အခါ လာမယ့် ၁၀ နှစ်တာအတွင်း အစိုးရရဲ့ လိုငွေပြမှု ဒေါ်လာ ၃.၃ ထရီလီယံ တိုးသွားလိမ့်မယ်လို့ လွှတ်တော်ရဲ့ ဘတ်ဂျတ်ရုံးက ခန့်မှန်းခဲ့ပါတယ်။
အဲဒီ ဘတ်ဂျတ်ဥပဒေမှာ လာမယ့် ၁၀ နှစ်တာအတွင်း နိုင်ငံသားတွေရဲ့ အခွန်လျှော့ချမှု၊ နိုင်ငံရဲ့ နယ်စပ်လုံခြုံရေးနဲ့ ကာကွယ်ရေး အသုံးစရိတ်တွေကို သိသိသာသာ မြှင့်တင်မှာဖြစ်ပြီး အမေရိကန်ရဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကို အစိုးရ အစီအမံနဲ့ ကျန်းမာရေး အထောက်အပံ့ ပေးထားမှု၊ သန့်စင်စွမ်းအင် အသုံးချမှု မြှင့်တင်ရေး၊ စားနပ်ရိက္ခာ ကူညီဝေမျှပေးမှု စရိတ်တွေကိုတော့ လျှော့ချသွားမှာပါ။ အကျိုးဆက်အဖြစ် အမေရိကန် ပြည်သူတွေ သန်းနဲ့ချီပြီး ကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးတွေ ဆုံးရှုံးလိမ့်မယ်လို့ လွှတ်တော် ဘတ်ဂျတ်ရုံးက ထည့်သွင်း ခန့်မှန်းထားပေမယ့် အိမ်ဖြူတော်က အဲဒီ သက်ရောက်မှုဟာ လူနည်းစုကိုပဲ ထိခိုက်စေမှာ ဖြစ်တယ်လို့ ကာကွယ် ပြောကြားထားပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်တွေ အပါအဝင် ရီပတ်ဘလစ်ကန် ပါတီဝင် တချို့ကပါ ထရမ့်ရဲ့ ဘတ်ဂျတ်မူကြမ်းကို သဘောမကျကြဘဲ အခွန်လျှော့ချမှု ဆိုတာကလည်း သာမန်ပြည်သူ အများစုထက် အမေရိကန်ရဲ့ အထက်တန်းလွှာ ရေပေါ်ဆီ အသိုင်းအဝန်းကိုပဲ ပိုပြီး အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ဝေဖန် ထောက်ပြထားပါတယ်။ ထရမ့်ကိုယ်တိုင်ကလည်း ဘီလီယံနာ သူဌေးကြီး တစ်ဦးပါ။
အောက်လွှတ်တော်မှာ မဲခွဲ အတည်ပြုမှု အောင်မြင်သွားတဲ့နောက် ထရမ့်ဟာ သူ့ရဲ့ လှပခမ်းနားတဲ့ အဆိုပြုချက် မူကြမ်းကို ဥပဒေအဖြစ် အသက်သွင်းနိုင်ရေးအတွက် ဇူလိုင် ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ လက်မှတ် ရေးထိုးသွားဖွယ် ရှိပါတယ်။
ဥပဒေသစ်အရ လာမယ့် ၁၀ နှစ်အတွင်း အစိုးရ ဝင်ငွေဟာ အခွန်ကောက်ယူမှုကနေ ဒေါ်လာ ၄.၅ ထရီလီယံလောက် ဝင်ငွေ လျော့ကျသွားမှာဖြစ်ပြီး စစ်ရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် ဒေါ်လာ ၁၅၀ ဘီလီယံလောက်စီ တိုးမြှင့် သုံးစွဲသွားမှာပါ။ အဲဒီထဲမှာ ထရမ့်က အကောင်အထည်ဖော်ဖို့ မီးစိမ်းပြထားတဲ့ ခေတ်မီ လေကြောင်း ကာကွယ်ရေးကွန်ရက် Golden Dome တည်ဆောက်ရေးအတွက် ကုန်ကျစရိတ်တွေလည်း ပါဝင်လာမယ်လို့ သိရပါတယ်။
ကိုးကား: BBC
