ကင်ဆာရောဂါသည် ယူကရိန်းစစ်ရှောင် မိန်းကလေးငယ် တစ်ယောက်နဲ့ သူ့ရဲ့ မိသားစုဝင် တချို့ဟာ အစ္စရေးနိုင်ငံမှာ ခိုလှုံနေစဉ် အတောအတွင်း အီရန်ဒုံးကျည် ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
အသက် ၇ နှစ်သာ ရှိသေးတဲ့ နက်စ်ညာ ဘားခ်ဟာ ရှားပါးတဲ့ ကင်ဆာရောဂါ တစ်မျိုးကို စွဲကပ် ခံစားနေရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ဇာတိနိုင်ငံ ယူကရိန်းကို ရုရှားက ကျူးကျော် စစ်ပြုခဲ့ပြီး နက်စ်ညာမှာလည်း ကင်ဆာဖြစ်နေတာကို တွေ့ရှိခဲ့တဲ့နောက် မိသားစုဟာ စစ်ရှောင်ဖို့ရော၊ ဆေးကုသဖို့ အတွက်ပါ အစ္စရေးနိုင်ငံဆီ ရွှေ့ပြောင်းခဲ့ကြပါတယ်။ ဒါပေမဲ့လည်း စစ်ရဲ့ ဆိုးရွားတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေဟာ သူတို့မိသားစုကို နောက်တစ်ကြိမ် လက်လှမ်းမီသွားခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ ဘတ်ယမ်မြို့မှာ နေထိုင်နေတဲ့ နက်စ်ညာတို့ မိသားစုဟာ ဇွန်လ ၁၃ ရက်နေ့ ညပိုင်းက အီရန်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်း သူတို့ရဲ့ တိုက်ခန်းကို တည့်တည့်မတ်မတ် ထိမှန်တာ ခံခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် နက်စ်ညာနဲ့အတူ သူ့ရဲ့မိခင်၊ အဖွား၊ အစ်ကိုနှစ်ဦးတို့ပါ သေဆုံးခဲ့ပါတယ်။
အစ္စရေးက အီရန်ရဲ့ နျူကလီးယားနဲ့ စစ်ရေးဆိုင်ရာ ပစ်မှတ်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အီရန်ဖက်က ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်တဲ့ ပထမဆုံး ညမှာပဲ နက်စ်ညာတို့ မိသားစု ကံဆိုးသွားခဲ့ကြရှာတာပါ။ ဒီဖြစ်စဉ်ကို အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Ynetက စတင် ဖော်ပြခဲ့ပါတယ်။

Public Service Announcement
နက်စ်ညာရဲ့ ဖခင် အာတမ်ကတော့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ ကျန်ခဲ့ပြီး ရုရှားကို တိုက်ခိုက်နေပါတယ်။ သူဟာ အဝေးရောက်နေတဲ့ မိသားစုကို ဘာအကူအညီမှ မပေးနိုင်ခဲ့ဘဲ သတင်းဆိုးကို လက်ခံရရှိခဲ့ပါတယ်။
နက်စ်ညာဟာ သွေးကင်ဆာ ရောဂါရဲ့ ရှားပါးတဲ့ မျိုးကွဲတစ်ခုအတွက် အစ္စရေးမှာ ဆေးဝါးကုသမှု ခံယူနေရတာပါ။ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ အိုဒက်ဆာ ဇာတိဖြစ်တဲ့ နက်စ်ညာမှာ ရောဂါဆိုးကြီး စွဲကပ်နေတာကို မိသားစုက ၂၀၂၂ မှာ သိရှိခဲ့ရပါတယ်။ ယူကရိန်းမှာ ဓာတ်ကင်ကုထုံး ခံယူရင်း နက်စ်ညာရဲ့ အခြေအနေက အစပိုင်းမှာ တိုးတက်လာပေမယ့် နောက်တော့ ကင်ဆာက ပြန်ပြီး ဆိုးရွားလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ရှောင်ကူညီရေး အဖွဲ့အစည်းတွေ၊ အစ္စရေးက အလှူရှင်တွေနဲ့ ချိတ်ဆက်မိပြီး နက်စ်ညာဟာ အစ္စရေးနိုင်ငံဆီ ရွှေ့ပြောင်းခွင့် ရခဲ့သလို ချဉ်ဆီ အစားထိုး ကုထုံးကို ခံယူခဲ့ပါတယ်။ ဒါပေမဲ့လည်း ရလဒ်အရ မအောင်မြင်ခဲ့ဘဲ သွေးကင်ဆာက တကျော့ပြန် ခေါင်းထောင်လာခဲ့ပြန်ပါတယ်။ အခုတော့ မျှော်လင့်မထားဘဲ ကျရောက်လာတဲ့ စစ်မက်ဘေးဆိုးကြီးက သူ့ရဲ့ ကြိုးစားရှင်သန်နေမှုကို အဆုံးသတ်ပစ်လိုက်ပါတယ်။
နက်စ်ညာရဲ့ ဖခင်ဖြစ်သူ အာတမ်က သူ့မိသားစုဟာ ရုရှားက ခဏခဏ ဗုံးကြဲတာကို ခံနေရတဲ့ အိုဒက်ဆာမြို့မှာနဲ့ ယှဉ်ရင် အစ္စရေးမှာ ဘေးကင်း လုံခြုံလိမ့်မယ်လို့ ယုံကြည်ခဲ့ကြကြောင်း ကြေကြေကွဲကွဲ ပြောပြခဲ့ပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ ယူကရိန်း သံရုံးကတော့ ဇွန်လ ၁၃ ရက်ညပိုင်းနဲ့ ဇွန်လ ၁၄ ရက် မနက်အစောပိုင်းတွေမှာ အစ္စရေးဆီ အီရန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းက ဘတ်ယမ်မြို့မှာရှိတဲ့ လူနေအဆောက်အအုံကို ထိမှန်ခဲ့တာကြောင့် ကလေး ၃ ဦး အပါအဝင် ယူကရိန်းနိုင်ငံသား ၅ ယောက် အသက်ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ဘတ်ယမ်မြို့မှာ ဒုံးကျည်မိုး ရွာခဲ့တဲ့ အဲဒီတစ်ညတာအတွင်း နောက်ထပ် ဒေသခံ ၄ ယောက်လည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။ အခုဆိုရင် အီရန်နဲ့ အစ္စရေးကြားက စစ်ရေးပဋိပက္ခဟာ ၈ ရက် ကြာမြင့်လာပြီဖြစ်ပြီး နှစ်ဖက်စလုံးက ဒုံးကျည်တွေ၊ ဒရုန်းတွေ၊ ဗုံးတွေ အသုံးပြုပြီး နေ့စဉ်ရက်ဆက် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။
ကိုးကား: Telegraph
