close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး-အီရန် ပဋိပက္ခမှာ ဝင်ပါဖို့ သင့်မသင့် ထရမ့်က နှစ်ပတ်ကြာ စောင့်ကြည့်မယ်လို့ အိမ်ဖြူတော်ပြော

ထရမ့်ကို ငြိမ်းချမ်းရေး ဦးစီးချုပ်လို့ ညွှန်းဆို

The New York Times

အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်က စစ်ရေးအရ ဝင်မပါခင် သမ္မတ ဒေါ်နယ်လ်ထရမ့်က နှစ်ပတ်လောက် အချိန်ယူ စောင့်ကြည့်မယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

ထရမ့်ဟာ မဟာမိတ် အစ္စရေးကို ကူညီပြီး အီရန်ရဲ့ နျူကလီးယားဆိုင်ရာ စစ်ရေးပစ်မှတ်တွေကို ဝင်ရောက်ဗုံးကြဲ ဖျက်ဆီးဖို့ အမေရိကန် စစ်အင်အားကို ထုတ်သုံးလာနိုင်ကြောင်း ထင်ကြေးတွေ ပျံ့နှံ့နေပြီး ထရမ့်ကိုယ်တိုင်ကလည်း အဲဒီကိစ္စကို မငြင်းပါဘူး။ သူ့အနေနဲ့ လက်ရှိ ပဋိပက္ခမှာ ဝင်ပါဖို့ ဆုံးဖြတ်နိုင်သလို ဝင်မပါတာလည်း ဖြစ်နိုင်ကြောင်း၊ သူ့အတွေးကို ဘယ်သူမှလည်း သိနိုင်မှာ မဟုတ်ကြောင်း ထရမ့်က မတင်မကျ ပြောဆိုထားပါတယ်။

နီးစပ်သူတွေကတော့ အစ္စရေး အစိုးရဟာ အမေရိကန် အနေနဲ့ အီရန်ကို ဝင်ရောက်တိုက်ခိုက်ပေးဖို့ တောင်းဆိုနေကြောင်း ပြောကြားထားပြီး အီရန်ဖက်ကလည်း အမေရိကန်သာ ဝင်ပါလာရင် ပြင်ဆင်လို့ မရတဲ့ အကျိုးဆက်တွေ ကြုံရစေမယ်လို့ သတိပေးထားပါတယ်။

အစ္စရေး-အီရန် ပဋိပက္ခ တစ်ပတ်ပြည့်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာတော့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ကာရိုလိုင်း လီယာဗစ်က သမ္မတ ထရမ့်အနေနဲ့ အီရန်ဆီက စေ့စပ်ဆွေးနွေးဖို့ လက်ခံလာအောင် အခွင့်အရေး ပေးလိုစိတ် ရှိနေဆဲလို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သိပ်မဝေးတဲ့ အနာဂတ်မှာ အီရန်နဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာဖို့ အခွင့်အရေးမျိုး ရှိနိုင်သလို အထမမြောက်တာလည်း ဖြစ်နိုင်ကြောင်း၊ ဒီတော့ အမေရိကန် ဝင်ပါဖို့ သင့်မသင့် ဆိုတာကို နှစ်ပတ်လောက် အချိန်ယူပြီးမှ ဆုံးဖြတ်ဖို့ စိတ်ကူးထားကြောင်း ထရမ့်ကိုယ်စား လီယာဗစ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူက သမ္မတ ထရမ့်ဟာ သံတမန်ရေး နည်းလမ်းနဲ့ အဖြေရှာနိုင်ဖို့ကို အဓိက လမ်းဖွင့်ပေးထားဆဲ ဖြစ်ပေမယ့် အီရန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်တာမျိုးကိုတော့ လုံးဝ ခွင့်ပြုလိမ့်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

သမ္မတ ထရမ့်ဟာ သံတမန်ရေးနဲ့ အဖြေရှာဖို့ကို အမြဲတမ်း ဦးစားပေး လိုလားကြောင်း၊ သူဟာ ‘ငြိမ်းချမ်းရေး ဦးစီးချုပ်’ တစ်ဦးဖြစ်ကြောင်း၊ ထရမ့်ဟာ အင်အားကို အခြေပြုပြီး ငြိမ်းချမ်းရေးကို ဖန်တီးတဲ့ သမ္မတလို့ သတ်မှတ်နိုင်ပြီး ဒါကြောင့်လည်း သံတမန်ရေးအတွက် အခွင့်အလမ်းက ရှိနေမှာ ဖြစ်ကြောင်း၊ အဲဒီ အခွင့်အလမ်းမျိုးကို ဆုပ်ကိုင်ဖို့ သမ္မတက အမြဲတမ်း အာသီသရှိကြောင်း လီယာဗစ်က ဆက်ပြောပါတယ်။ ဒါပေမဲ့ ထရမ့်ဟာ လိုအပ်လာရင် အင်အားသုံးဖို့လည်း ဘယ်တော့မှ တွန့်ဆုတ်နေမှာ မဟုတ်တာကိုလည်း ထပ်လောင်း ပြောပြလိုကြောင်း လီယာဗစ်က သတိပေးသွားပါတယ်။

အီရန်ဟာ နျူကလီးယားလက်နက်တစ်ခု စတင်ပိုင်ဆိုင်ဖို့ အရမ်းနီးကပ်တဲ့ အဆင့်မျိုးထိ ရောက်ရှိနေပြီဆိုတဲ့ ယုံကြည်ချက်ကို အိမ်ဖြူတော်က ဆက်လက် ဆုပ်ကိုင်ထားဆဲလို့လည်း သူက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာတော့ အီရန်ရဲ့ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆာ့ဒ် ခါတစ်ဘ်ဇာဒါးဟ်က BBC သတင်းဌာနနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာမှာ အမေရိကန်သာ ဝင်ပါလာရင် အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံး ငရဲပွက်သွားမယ်လို့ သတိပေးသွားပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတာဟာ အမေရိကန်ရဲ့ စစ်ပွဲ မဟုတ်တာကို အမှတ်ရဖို့ လိုကြောင်း၊ ထရမ့်ကလည်း ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ စစ်ဝင်တိုက်တဲ့ အမေရိကန် သမ္မတ တစ်ဦးအဖြစ် တစ်သက်လုံး မှတ်တမ်းဝင်သွားမှာဖြစ်ကြောင်း ခါတစ်ဘ်ဇာဒါးဟ်က ဆိုပါတယ်။

နောက်ပြီး အီရန်ဟာ နိုင်ငံရဲ့ နျူကလီးယား ထိန်းချုပ်ရေး မူဝါဒနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဆဋ္ဌမအသုတ် ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ အစ္စရေးရဲ့ ကျူးကျော် တိုက်ခိုက်မှုကို ကြုံခဲ့ရတာ ဖြစ်ကြောင်း၊ ထရမ့်ဟာ အဲဒီအခြေအနေ အမှန်တွေကို အသိဆုံး ဖြစ်ပေမယ့်လည်း လူမှုကွန်ရက်တွေပေါ်မှာ လက်တွေ့နဲ့ ဆန့်ကျင်တဲ့၊ ရှုပ်ထွေးတဲ့ စွပ်စွဲချက်တွေနဲ့ အီရန်ကို ဝေဖန် ထိုးနှက်ခဲ့ကြောင်းလည်း သူက စွပ်စွဲသွားပါတယ်။

ကိုးကား: Reuters, BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

အခုလ ၁၃ရက် မနက်စောစောပိုင်းမှာ အစ္စရေးဟာ အီရန်ကို Operation Rising Lion အမည်တပ်ထားတဲ့ စစ်ဆင်ရေးနဲ့ အီရန်ကို တိုက်ခိုက်ခဲ့တာပါ။ စစ်ဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံစလုံးမှာ လူပေါင်းရာချီပြီး သေဆုံးခဲ့ကြရပါတယ်။ အများစုက အရပ်သားတွေပါ။

နိုင်ငံတကာ

အစ္စရေးက ဆေးရုံတစ်ခုကို အီရန်ဒုံးကျည် ထိမှန်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ဘန်ကာဖျက်ဗုံး (Bunker buster)တွေကို အသုံးပြုပြီး အီရန်ရဲ့ ပင်မ နျူကလီးယား သုတေသန စခန်းတစ်ခုကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အစိုးရက အမေရိကန်ကို အပူတပြင်း တောင်းဆိုနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြား စစ်ရေး ပဋိပက္ခတွေ စတင်လာတာ တစ်ပတ် ပြည့်မြောက်သွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေကတော့ အရှိန်မပျက် ဆက်လက် ဖြစ်ပွားနေပါတယ်။

Facebook