ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့ကြား ဖုန်းဆက် ဆွေးနွေးမှု အသံဖိုင် ပေါက်ကြားခဲ့မှုက နှစ်နိုင်ငံ ဆက်ဆံရေးကို ပြန်လည်ကုစားဖို့ အားထုတ်မှုတွေမှာ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာခဲ့ပါတယ်။
ဖေထောင်ထန်ဟာ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား လက်ရှိ ဖြစ်ပေါ်နေတဲ့ နယ်စပ်ရေးရာ တင်းမာမှုတွေနဲ့ ပတ်သက်ပြီး ဇွန်လ ၁၅ ရက်နေ့တုန်းက ကမ္ဘောဒီးယားရဲ့ ဝန်ကြီးချုပ်ဟောင်းနဲ့ လက်ရှိ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်းဆီ ဖုန်းဆက် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဖေထောင်ထန်ရဲ့ ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး ခင်မင် ကျွမ်းဝင်မှုတွေ ရှိနေပါတယ်။
ဟွန်ဆန်းက သူဟာ ပွင့်လင်းမြင်သာမှုကို ဦးစားပေးဖို့အတွက် ဖေထောင်ထန်နဲ့ ဖုန်းပြောတာကို အသံသွင်းယူထားခဲ့တယ်လို့ Facebookမှာ အတည်ပြုခဲ့ပါတယ်။ ပြီးတော့ အဲဒီ အသံဖိုင်ကို လွှတ်တော် အမတ်တွေ၊ အရာရှိတွေ စုစုပေါင်း လူ ၈၀ လောက်နဲ့ ပြန်လည် ဝေမျှခဲ့တယ်လို့ ဟွန်ဆန်းက ဆိုပါတယ်။ ပြီးတော့ ပေါက်ကြားလာတဲ့ အသံဖိုင်ဟာ ၉ မိနစ်စာ တည်းဖြတ်ထားတာသာ ဖြစ်ပြီး ၁၇ မိနစ်စာ အပြည့်ကို ထိုင်းဖက်က နားထောင်ချင်ရင် သူ့အနေနဲ့ အချိန်မရွေး ထုတ်ပေးနိုင်တယ်လို့လည်း ဟွန်ဆန်းက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ ဒီလုပ်ရပ်ဟာ ဟွန်ဆန်းဖက်က ကျင့်ဝတ်ကင်းမဲ့မှု၊ စည်းဖောက်မှုလို့ စွပ်စွဲထားပါတယ်။ ဖေထောင်ထန်ကလည်း ပေါက်ကြားလာတဲ့ အသံဖိုင်ဟာ သူနဲ့ ဟွန်ဆန်း ဖုန်းပြောထားတာတွေ ဖြစ်တယ် ဆိုတာကို ဇွန်လ ၁၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတည်ပြုခဲ့ပါတယ်။

Public Service Announcement
စကားပြန်တွေ အသုံးပြုပြီး အပြန်အလှန် ဆွေးနွေးခဲ့တဲ့ အဲဒီ အသံဖိုင်ထဲမှာ ဖေထောင်ထန်က ဟွန်ဆန်းကို ဦးလေးလို့ ခေါ်ဝေါ်ခဲ့ပြီး လက်ရှိ နှစ်နိုင်ငံ နယ်စပ် ပြဿနာမှာ ထိုင်းဖက်က ထွက်နေတဲ့ ဆန့်ကျင်ဖက် အသံတွေကို နားမထောင်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။ ဖေထောင်ထန်ပြောတဲ့ ဆန့်ကျင်ဖက် အသံဆိုတာဟာ နယ်စပ်က ထိုင်းစစ်ဗိုလ်ချုပ် တစ်ဦးကို ရည်ညွှန်းတာဖြစ်ပြီး အဲဒီဗိုလ်ချုပ်ဟာ လူတွေ အာရုံစိုက်တာ ခံချင်နေရုံ သက်သက်ဖြစ်ပြီး နိုင်ငံအတွက် အမှန်တကယ် အထောက်အကူ မပြုပါဘူးလို့ အတင်းတုပ်တဲ့ သဘောမျိုး ထည့်ပြောထားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြန်ရှင်းရာမှာတော့ ဖေထောင်ထန်က ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းမှုမှာ သူအသုံးပြုခဲ့တဲ့ ချဉ်းကပ်မှု နည်းလမ်း တစ်ခုသာဖြစ်ပြီး ထိုင်းစစ်တပ်နဲ့ သူနဲ့ကြား ဘာပြဿနာမှ မရှိဘူးလို့ ပြောကြားသွားပါတယ်။ ဖေထောင်ထန်က ထိုင်းအစိုးရရဲ့ လိုလားမှုဟာ ကမ္ဘောဒီးယားနဲ့ အငြင်းပွားမှုတွေ ပြေလျော့စေရေးကိုသာ ဦးတည်တယ်လို့လည်း ဆိုပါတယ်။ နောက်ပြီး သူ့အနေနဲ့ ယုံကြည်စိတ်ချမှု ကင်းမဲ့သွားပြီဖြစ်လို့ ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေးသီးသန့် စကားပြောဆိုတာတွေ လုပ်တော့မှာ မဟုတ်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က အတည်ပြုသွားပါတယ်။
ဟွန်ဆန်းကတော့ အသံဖိုင် ပေါက်ကြားမှုဟာ သူမျှဝေခဲ့တဲ့ နိုင်ငံရေးသမားတွေ၊ အရာရှိတွေ စုစုပေါင်း အယောက် ၈၀ ထဲက တစ်ဦးဦးဆီက ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။ ဒီဖြစ်စဉ်နောက်ပိုင်း ဟွန်ဆန်းနဲ့ ရှီနာဝတ်ထ် မိသားစုကြားက ဆက်ဆံရေးမှာပါ အက်ကြောင်းထင်လာဖွယ် ရှိပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မေလ ၂၈ ရက်နေ့တုန်းက နယ်စပ် တစ်နေရာမှာ နှစ်ဖက်စစ်တပ်တွေချင်း ပစ်ခတ်မှုကနေ ပြဿနာတွေ တင်းမာမှုတွေ စတင်လာခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ နောက်တော့ နှစ်ဖက်တပ်တွေက နယ်စပ်မှာ စစ်ပြင်နေကြပြီးမှ ဆွေးနွေးညှိနှိုင်းမှုတွေအရ တပ်တွေ အသီးသီး ပြန်ရုပ်သိမ်းခဲ့တာပါ။
ဇွန်လ ၁၇ ရက်နေ့မှာတော့ ကမ္ဘောဒီးယားဟာ ထိုင်းစစ်တပ်ဟာ ဒရုန်းတွေ သုံးပြီး ကမ္ဘောဒီးယား အချုပ်အခြာ အာဏာ ပိုင်နက်ကို ထိပါးကျူးကျော်တာ၊ နယ်စပ်နားမှာ ကတုပ်ကျင်းတတွေ တူးတာ၊ တပ်တွေ နေရာချတာတွေ လုပ်နေတယ်လို့ ကမ္ဘောဒီးယားက စွပ်စွဲခဲ့ပြီး ထိုင်းကတော့ ငြင်းဆိုထားပါတယ်။
ပြီးတော့ ဖနွမ်ပင် မြို့တော်မှာ ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေက ထိုင်းနဲ့ ပဋိပက္ခမှာ အစိုးရကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ပြီး အလံတွေကို ဝှေ့ရမ်းခဲ့သလို မျိုးချစ်စိတ်ဓာတ် ထက်သန်ရေး ဆောင်ပုဒ်တွေ ကြွေးကြော်ရင်း ချီတက်ခဲ့ကြပါတယ်။
ကိုးကား: Reuters
