“ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၈၀) အရွယ်ရောက်လာတာတောင်၊ နောက်မျိုးဆက် ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့လူထုတာဝန်တွေကိုပုခုံးပြောင်းထမ်းဆောင်ဖို့ ကိုယ်စွမ်းကိုယ်စချိနဲ့နေတာမျိုးဖြစ်လို့ မရဘူးလို့ပြောချင်ပါတယ်။အဲသည်လို ဖြစ်နေရင်လည်း မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကြားရရင်စိတ်မကောင်း ဖြစ်နေလိမ့်မယ်လိုထင်ပါတယ်”
— ဒူဝါလရှီးလ
ဇွန်-၁၉၊၂၀၂၅။ထားမြတ်/People’s Spring
ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတဒူဝါလရှီးလက မွေ့နေ့ဆုမွန်စကား ပြောကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်နိုင်သေးခင်အချိန်၌လည်းတိုင်းပြည်နှင့် လူထုငြိမ်းချမ်းရေး၊အကြောက်တရားက လွတ်မြောက်ရေး ကြိုးစားနေရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လူထုသဘောထားနှင့် သွေဖီသောလုပ်ရပ်များမလုပ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း လူထု သဘောထားနှင့် သွေဖီသော မည်သည့် လုပ်ရပ်မျိုးကိုမှ လုပ်ဆောင်မည်မဟုတ်ဟု ယာယီသမ္မတက ကတိပြုသည်။
“စစ်အာဏာရှင်စနစ်အမြစ်ပြတ်ဖျက်သိမ်းရေးဟာ နွေဦးတော်လှန်ရေးရဲ့မူလလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့အပြင်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အန္တိမ ပန်းတိုင်ဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေးအတွက်လူထုတော်လှန်ရေးနည်းနဲ့လူထုနိုင်ငံရေး နည်းပေါင်းစပ်ပြီးတော့တွန်းလှန်တိုက်ပွဲဝင်ကြဖို့ဟာနွေဦးတော်လှန်ရေးရဲ့အခြေခံလမ်းစဉ်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement
ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေးဆိုသည်များကိုဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမှ လုပ်မည် ဟု သဘောထားများကြားနေရဟုလည်းဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်နိုင်သေးခင် အချိန်မှာလည်း၊ တိုင်းပြည်နဲ့ လူထု ငြိမ်းချမ်းဖို့ “အကြောက်တရားက လွတ်မြောက်ဖို” ကြိုးစားနေရမှာ ဖြစ်တယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၈၀)အရွယ်ရောက်လာတာတောင်၊ နောက်မျိုးဆက် ခေါင်းဆောင်တွေဟာ တိုင်းပြည်နဲ့ လူထုတာဝန် တွေကို ပုခုံးပြောင်းထမ်းဆောင်ဖို့ ကိုယ်စွမ်းကိုယ်စ ချိနဲ့နေတာမျိုးဖြစ်လို့ မရဘူးလို့ ပြောချင်ပါတယ်။ အဲသည့်လို ဖြစ်နေရင်လည်းမွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြားရရင် စိတ်မကောင်းဖြစ်နေလိမ့်မယ်လို ထင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
ရှေ့မျိုးဆက်ခေါင်းဆောင်များထက်တိုင်းပြည်နှင့် လူထုကအားကိုးထိုက်သောမျိုးဆက်သစ် ခေါင်းဆောင်များကို ပြည်သူကအလိုရှိနေသည်ဟုလည်း ယာယီသမ္မတက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း လူ့အဖွဲအစည်းကို ရေခံမြေခံကောင်း ဖန်တီးပေးရန် အမြဲကြိုးစားနေသည်ဟုလည်းယာယီသမ္မတက ပြောကြားသည်။
ဇွန်လ၁၉ရက်တွင်ကျရောက်သည့်ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို မွေးနေ့ရှင်မပါဘဲ ကျင်းပရသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်ကို အမှတ်ရစေလိုကြောင်း ယာယီသမ္မတကပြောသည်။
လေးနှစ်တာ ကာလသည် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အတွက်ခက်ခဲသော နှစ်ဖြစ်သကဲ့သို့ တိုင်းပြည်နှင့်လူထုအတွက်လည်း အခက်ခဲဆုံး အကြမ်းတမ်းဆုံးသော နှစ်ကာလများဖြစ်ခဲ့သည်။
“အခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းပြည်နဲ့ လူထုတစ်ရပ်လုံးဟာ ဒီလို ခက်ခဲ ကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းနေကြရဆဲ…ဆိုတာကို၊ ကျွန်တော်တို အားလုံး အထူး အမှတ်ရ နေဖို လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့် မွေးနေ့မှာ၊ မွေးနေ့ရှင်အတွက် မွေးနေ့ဆုမွန်စကားတစ်ခု ပြောချင်ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျန်းကျန်းမာမာဖြစ်ဖို့၊ ကိုယ်စိတ်နှလုံးငြိမ်သက်ခြင်းနဲ့ ငြိမ်းအေးခြင်းကို နှလုံးသွင်းနိုင်ဖို” ဆန္ဒမွန်ပြုချင်ပါတယ်” ဟု ယာယီသမ္မတကဆုမွန်ကောင်းတောင်းပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စွန့်လွှတ်အနစ်နာခံမှုများကိုအောက်မေ့ သတိရပြီးတိုင်းပြည်နှင့်လူထုကို စစ်အာဏာရှင်စနစ်ဆိုးဒဏ်က လွတ်မြောက်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားနေကြောင်း၎င်းက ကတိပြုသည်။
“ဒီလိုအသက်(၈၀)အရွယ်မှာတောင် တိုင်းပြည်နဲ့ လူထုအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြှုပ်နှံပေးဆပ်မှုဟာတစ်ချက်မျှနောက်တွန့်ခဲ့တာမရှိခဲ့ဘူးဆိုတာကို လေးစားစွာ တွေ့မြင်ခဲ့ရပါတယ်။ဒါပေမယ့်မွေးနေ့ရှင်ဟာစစ်အာဏာရှင်သန္ဓေယုတ်တွေရဲ့ မတရားဖမ်းဆီးခြင်းကို ခံထားရတာကြောင့်၊ကျွန်တော့်အနေနဲ့အင်မတန်ထိခိုက်ဝမ်းနည်းရပါတယ်။ ဒီဝမ်းနည်းမှုဟာမနောကံသက်သက် ဝမ်းနည်းမှုလည်း မဟုတ်ဘဲ၊ ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင် /မြင်စေချင်တဲ့ “ပြည်သူအားလုံး ကြောက်ရွံမှုက လွတ်မြောက်အောင်” ကျွန်တော်တို အားလုံး လက်တွေ့ကာယကံမြောက် ကြိုးစားနေ ကြောင်း ပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။
မြန်မာ့နိုင်ငံရေးသမိုင်း၌ အကြီးကျယ်ဆုံးသော လူထုထောက်ခံမှုကို ရရှိသည့် နိုင်ငံ့ခေါင်းဆောင်တစ်ယောက်အသက် (၈၀)ပြည့်မွေးနေ့၌အကျဉ်းကျခံနေရပြီး ဖြတ်သန်းနေရသည်မှာစိတ်မကောင်းစရာဖြစ်သည်ဟုယာယီသမ္မတကပြောသည်။
“ဒါပေမယ့်ကျွန်တော်တိုအားလုံးရဲ့ဆုတောင်းမေတ္တာတွေကို မွေးနေ့ရှင်ဟာသိမ်မွေ့စွာရရှိခံစားနိုင်မယ်လို ကျွန်တော် ယုံကြည်ပါတယ်” ဟု ယာယီသမ္မက ပြောကြားသည်။
