အမေရိကန်ရဲ့ အစွမ်းအထက်ဆုံး ဘန်ကာဖျက်ဗုံး (Bunker buster)တွေကို အသုံးပြုပြီး အီရန်ရဲ့ ပင်မ နျူကလီးယား သုတေသန စခန်းတစ်ခုကို ဖျက်ဆီးပစ်ဖို့ အစ္စရေး အစိုးရက အမေရိကန်ကို အပူတပြင်း တောင်းဆိုနေတယ်လို့ သိရပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်မှာ လက်ရှိ ဆင်နွှဲနေတဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေမှာ အမေရိကန်စစ်တပ်ပါ ကိုယ်ထိလက်ရောက် ပါဝင်ဖို့ သင့်မသင့် စဉ်းစားနေကြောင်း ပြောကြားခဲ့တဲ့နောက် အမေရိကန်ရဲ့ အဓိက ပစ်မှတ်ဟာ ကွမ်ဒေသမှာရှိတဲ့ ဖော်ဒို မြေအောက် နျူကလီးယား သုတေသန စင်တာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။
ထရမ့်ကတော့ သူဟာ အီရန်အရေးမှာ အမေရိကန် စစ်အင်အားကို အသုံးပြုပြီး သေချာပေါက် ပါဝင်မယ်လို့တော့ အတည်မပြုသေးပါဘူး။ ဒီအတောအတွင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဖော့ဒိုကို အမေရိကန်ရဲ့ Bunker busterဗုံးတချို့ ကြဲချပြီး အပြီးတိုင် ချေမှုန်း ဖျက်ဆီးဖို့ တိုက်တွန်းနေကြောင်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့ပါတယ်။
စစ်လက်နက်ရေးရာ သုတေသီတွေကလည်း ဖော့ဒိုရဲ့ ခိုင်မာလှတဲ့ တည်ဆောက်ပုံအရ အဲဒီနေရာကို ဖျက်ဆီးဖို့ဆိုရင် ပေါင် ၃၀၀၀၀ အလေးချိန်ရှိတဲ့ Bunker buster ဗုံးတွေကသာ စွမ်းဆောင်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။

Public Service Announcement
ဖော့ဒိုဟာ တဟီရန်မြို့တော်တောင်ဖက် ၉၆ ကီလိုမီတာ အကွာမှာ တည်ရှိပြီး တောင်တွေရဲ့အောက် မီတာ ၉၀ ဝန်းကျင်လောက်မှာ မြေအောက်ဘန်ကာကြီးအဖြစ် အခိုင်အမာ တည်ဆောက်ထားတဲ့ သုတေသန စခန်းပါ။ အဲဒီနေရာရဲ့ အထက်ပိုင်း တောင်တွေပေါ်မှာတော့ အီရန်ရဲ့ အဆင့်အမြင့်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေ အလုံးအရင်း ဖြန့်ကျက်ထားပါတယ်။
အစ္စရေး စစ်တပ်က ပိုင်ဆိုင်ထားတဲ့ လက်နက် ခဲယမ်းတွေဟာ ဖော့ဒိုစခန်းရဲ့ အထက်မှာရှိတဲ့ ကျောက်တောင်ထုကြီးကို ဖောက်ထွင်းပြီး စခန်းကို ဖျက်ဆီးနိုင်စွမ်း မရှိကြပါဘူး။ ဒါပေမဲ့ အမေရိကန်ရဲ့ Bunker buster ဗုံးတွေကတော့ အဲဒီလို စိန်ခေါ်မှုမျိုးအတွက် တီထွင်ထားတာ ဖြစ်ပါတယ်။
GBU-57လို့ခေါ်တဲ့ ဧရာမ ထိပ်ဖူးတပ် Bunker buster ဗုံးတွေကို အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကနေ ကြဲချဖွယ် ရှိပါတယ်။ အမေရိကန်ဟာ တကယ်လို့ ဖော့ဒိုကို အမှန်တကယ် တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် လေကြောင်း တိုက်ခိုက်ရေး နည်းပညာပိုင်း အသာစီးယူပြီး ရန်သူ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို အရင်ဆုံး ဖိနှိပ် ချေမှုန်းဖွယ် ရှိပါတယ်။ အဲဒီနောက်မှာတော့ B-2တွေကနေ Bunker buster ဗုံးတွေကို ကြဲချလာနိုင်ပါတယ်။
Bunker busterဗုံးတွေဟာ ပစ်မှတ်ဆီကို ထိပ်ဖူးနဲ့တည့်တည့် စိုက်ဆင်းသွားအောင် တီထွင်ထားပါတယ်။ ပြီးတော့ ဗုံးက ချက်ချင်း ပေါက်ကွဲမှာ မဟုတ်ဘဲ ထုထည်ကြီးမားပြီး မာကျောလှတဲ့ အလွှာတွေကို ထိုးဖောက်ပြီး မြေအောက် နက်နက်ရှိုင်းရှိုင်းထိ တိုးဝင်သွားမှာပါ။ အဲဒီနောက် သတ်မှတ်ထားတဲ့ မြေအနက်ကို ရောက်ပြီ ဆိုမှသာ အပြင်းအထန် ထပေါက်ကွဲမှာ ဖြစ်ပါတယ်။
Bunker buster ဗုံးတစ်လုံးဟာ ပေါင် ၃၀၀၀၀ အလေးချိန်ရှိပြီး ထိပ်ဖူးချည်းပဲ ပေါင် ၆၀၀၀ လေးလံတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပေါက်ကွဲအား အရမ်းပြင်းထန်တဲ့ ခဲယမ်းမီးကျောက်တွေကို ထည့်သွင်းထားပါတယ်။
အမြင့်ကနေ မြေပေါ်ကို ဆောင့်ကျတဲ့ ဒဏ်ကိုရော၊ မြေကြီးအောက် တိုးဝင်သွားတဲ့ ပွတ်တိုက်မှုတွေကိုပါ ခံနိုင်ရည် ရှိစေဖို့အတွက် အဲဒီဗုံးတွေမှာ အရမ်းမာကျော အကြမ်းခံတဲ့ အပေါ်ယံလွှာနဲ့ အုပ်မိုးထားပါတယ်။
ဖော့ဒို စခန်းရဲ့ အကျယ်အဝန်းက ဘယ်လောက်ရှိတယ် ဆိုတာကို အတိအကျ မသိရပါဘူး။ ဒါကြောင့် အမေရိကန်ဟာ တကယ်ပဲ စစ်ဆင်ရေးကို အကောင်အထည် ဖော်မယ်ဆိုရင် Bunker buster ဗုံးတွေကို ဖောဖောသီသီ ထုတ်သုံးပြီး နေရာတွေ ဖြန့်ပြီး ကြဲချရမယ့် သဘောပါ။
အမေရိကန်မှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ် အမျိုးအစား ၃ ခုရှိပေမယ့် B-2တွေကသာ Bunker buster ဗုံးတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အမျိုးအစား ဖြစ်ပါတယ်။
B-2တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးမှာ ကိုယ်ပျောက်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ တစ်ခုတည်းသော ဗုံးကြဲလေယာဉ် အမျိုးအစားလည်း ဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၂၄ ခုနှစ်တုန်းက ယီမင်နိုင်ငံ အခြေစိုက် အီရန်မဟာမိတ် ဟိုသီ တပ်ဖွဲ့တွေရဲ့ မြေအောက် လက်နက်တိုက်တွေကို ဖျက်ဆီးပစ်ဖို့အတွက် B-2တွေကို အသုံးပြုခဲ့ဖူးပါတယ်။ လေယာဉ်မှူး နှစ်ဦးနဲ့ ပျံသန်းတဲ့ ဗုံးကြဲလေယာဉ်ကြီးတွေဟာ တစ်ကြိမ် ဆီဖြည့်ပြီးရင် ကီလိုမီတာ ၁၁၀၀၀ ကျော် ဆက်တိုက် ခရီးနှင်နိုင်စွမ်း ရှိတယ်လို့ လေတပ်က ထုတ်ပြန်ထားပါတယ်။
အမေရိကန်မှာ GBU-57 ဗုံးပေါင်း ဘယ်နှလုံး ရှိသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ဗုံးတွေကို ထုတ်လုပ်တဲ့ Boeing ကုမ္ပဏီက ၂၀၀၉ ခုနှစ်မှာ အဲဒီဗုံး အလုံးပေါင်း ၂၀ ကို လေတပ်ဆီ လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ လေ့လာသူတွေကတော့ အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ အဲဒီ Bunker buster ဗုံးစုစုပေါင်း ၃၀ လောက် ရှိနေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ကိုးကား: CNN
ဂရပ်ဖစ် – The Guardian, CNN
