close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန်ပြော

အစ္စရေးကို တိုက်ခိုက်ရာမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ အသုံးပြုခဲ့တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

Reuters

အစ္စရေးကို တိုက်ခိုက်ရာမှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ အသုံးပြုခဲ့တယ်လို့ အီရန်က ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေးက ဆက်လက် လုပ်ဆောင်နေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့အတွက် ဇွန်လ ၁၈ ရက် မနက်ပိုင်းမှာ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဟိုက်ပါဆောနစ် ဒုံးကျည်တွေကိုပါ ထုတ်သုံးခဲ့တယ်လို့ အီရန်ရဲ့ အကြီးဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ် (IRGC)က ပြောပါတယ်။

အစ္စရေးရဲ့ မဟာမိတ်ဖြစ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်အနေနဲ့ ခြွင်းချက်မရှိ အရှုံးပေးသင့်ပြီလို့ ခြိမ်းခြောက် သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ IRGCက ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ထုတ်သုံးကြောင်း ကြေညာခဲ့တာပါ။

ဇွန်လ ၁၈ ရက် မနက်ပိုင်းတုန်းက အစ္စရေး တိုက်လေယာဉ်တွေဟာ အီရန်ရဲ့ မြို့တော် တဟီရန်မှာရှိတဲ့ စစ်လက်နက် ပစ္စည်း စက်ရုံတွေကို ပစ်မှတ်ထား ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် IRGCက အီရန်ရဲ့ ဖာတားဟ်-၁ အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်တွေနဲ့ အစ္စရေးကို လက်တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစ္စရေးကို ၁၁ သုတ်မြောက်အဖြစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်တဲ့ စစ်ဆင်ရေးမှာ ဖာတားဟ်-၁ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်ဆိုတာ ဂုဏ်ယူစွာ ကြေညာလိုကြောင်း IRGCက ဆိုပါတယ်။ ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ နှုန်းကို ဆိုလိုတာပါ။

အရမ်းမြန်နှုန်းမြင့်မြင့် ပျံသန်းလေ့ ရှိတာကြောင့် သီအိုရီအရဆိုရင် လက်ရှိ ကမ္ဘာပေါ် အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေး ဒုံးခွင်းဒုံး အများစုဟာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ပစ်ချဖို့ အရမ်းခက်ပါတယ်။ ပြီးတော့ ဟိုက်ပါ ဆောနစ် ဒုံးကျည်တွေဟာ မြန်မြန်ဆန်ဆန် လမ်းကြောင်းပြောင်းလဲ ရှောင်တိမ်းနိုင်တဲ့ အစွမ်းမျိုးလည်း ရှိတာကြောင့် ကြားဖြတ်ပစ်ချဖို့ ပိုခက်ခဲပါတယ်။

အမေရိကန်၊ တရုတ်၊ ရုရှားတို့လို ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံတွေဟာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးစား သုတေသနပြု တီထွင်နေကြပြီး အီရန်ကတော့ အသံထက် ၁၃ ဆကနေ ၁၅ ဆထိ ပိုမြန်တဲ့ ဖာတားဟ်-၁ ဒုံးကျည်တွေကို ထုတ်လုပ်နေပြီလို့ ၂၀၂၂ မှာ ကြေညာခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ နည်းပညာပိုင်း ပိုအဆင့်မြင့်တယ်ဆိုတဲ့ ဖာတားဟ်-၂ ဒုံးကျည်တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည်တွေရဲ့ စွမ်းရည်ဟာ အီရန် ရည်ညွှန်းထားသလောက် တကယ် ထက်မြက်ရဲ့သလား ဆိုတာကို မသိရသေးဘဲ အခုတစ်ကြိမ်ကျမှ လက်တွေ့စစ်ပွဲမှာ ပထမဆုံးအကြိမ် ထုတ်သုံးလာတာ ဖြစ်ပါတယ်။

၆ ရက်ကြာမြင့်လာပြီဖြစ်တဲ့ အီရန်-အစ္စရေး စစ်ရေးပဋိပက္ခအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ စစ်ဘက်နဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံ အများအပြား ပျက်စီးပြီး အကြီးအကျယ် အထိနာနေပါတယ်။ အလားတူပဲ အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းတွေ အုံလိုက်ကျင်းလိုက် ပစ်လွှတ်မှုတွေကြောင့် ကမ္ဘာ့အကောင်းဆုံးလို့ တင်စား ခံထားရတဲ့ အစ္စရေး လေကြောင်းကာကွယ်ရေး စနစ်တွေပါ မနိုင်ဝန် ထမ်းနေရပြီး အီရန် ဒုံးကျည်တွေက အစ္စရေး မြို့တွေမှာ ကျရောက်ပေါက်ကွဲနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ရှိ အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန် စစ်တပ်က ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့ မရနိုင်တဲ့ အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီက သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ စစ်ဆင်ရေးတွေမှာ အစ္စရေးနဲ့အတူ ပူးပေါင်းသွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

လက်ရှိ အီရန် အစိုးရက ဖြုတ်ချတာ ခံခဲ့ရသူ ရှားဘုရင်ဟောင်းရဲ့ သားက အီရန်ပြည်သူတွေ အနေနဲ့ အစိုးရကို အုံကြွ တော်လှန်ဖို့ အချိန်အခါကောင်း ရောက်နေပြီလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ အပစ်အခတ် ရပ်စဲရေး ကြားဝင် ညှိနှိုင်းပေးဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ ထင်ကြေးတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ငြင်းဆိုခဲ့ပါတယ်။