အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးနေတဲ့ စစ်ဆင်ရေးတွေမှာ အစ္စရေးနဲ့အတူ ပူးပေါင်းသွားဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စဉ်းစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တော်တော်များများက ထရမ့်ဟာ အီရန် နျူကလီးယား ပစ်မှတ်တွေကို အမေရိကန် စစ်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်ဖို့ သေသေချာချာ ချိန်ဆ စဉ်းစားနေတယ်လို့ CBS သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တကယ်လို့ အမေရိကန်ကသာ ကိုယ်ထိလက်ရောက် ဝင်ပါမယ်ဆိုရင် ဖြစ်နိုင်ခြေ အရှိဆုံး ပစ်မှတ် နေရာတစ်ခုဟာ ဖော့ဒို ယူရေနီယမ် သန့်စင်စက်ရုံ ဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီ စက်ရုံဟာ အီရန်ရဲ့ နျူကလီးယား စီမံကိန်းမှာ အရေးအပါဆုံး အစိတ်အပိုင်း တစ်ခုအဖြစ် လည်ပတ်နေပါတယ်။
ထရမ့်က အီရန်ကို အမေရိကန်ကိုယ်တိုင် ပါဝင်တိုက်ခိုက်ဖို့ သင့်မသင့် စဉ်းစားနေတယ်ဆိုတဲ့အကြောင်း CBSဆီ အသိပေးခဲ့တဲ့ထဲမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိ တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement
ဖော်ဒိုဟာ တောင်တစ်လုံးရဲ့ အောက်ဖက် ပေ ၃၀၀ လောက်အနက်မှာ မြေအောက်ဘန်ကာတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့ နေရာဖြစ်ပြီး အီရန်ရဲ့ အစွမ်းအထက်ဆုံး လေကြောင်း ကာကွယ်ရေး စနစ်တွေ ဖြန့်ကျက်ထားပါတယ်။ ကွမ်ပြည်နယ်ထဲမှာ တည်ရှိတဲ့ အဲဒီ နေရာမှာ အီရန်ရဲ့ နျူကလီးယား လက်နက်တွေ တီထွင်စမ်းသပ်မှုကို အဓိက လုပ်ဆောင်နေတယ်လို့လည်း ယူဆရပါတယ်။
ဒါပေမဲ့ ထရမ့်ဟာ အီရန်ကို ပါဝင်တိုက်ခိုက်မယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးသလို တကယ်လို့ စစ်ဆင်ရေး ဆင်နွှဲခဲ့မယ် ဆိုရင်လည်း ဘယ်လို လုပ်ဆောင်သင့်တယ် ဆိုတာကို သူ့ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တွေကြားမှာ ညှိနှိုင်း သဘောတူညီမှု မရသေးပါဘူး။
ထရမ့်ဟာ သူ့ရဲ့ အမျိုးသား လုံခြုံရေးအဖွဲ့ အရာရှိတွေနဲ့ ဇွန်လ ၁၇ ရက် မနက်ပိုင်းတုန်းက အဲဒီကိစ္စကို အိမ်ဖြူတော်မှာ ဆွေးနွေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ တက်ရောက်သူတွေထဲမှာ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီရို၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်၊ အမျိုးသား ထောက်လှမ်းရေးဌာန အကြီးအကဲ တူလ်စီ ဂက်ဘက်ဒ်၊ CIA ထောက်လှမ်းရေး ဌာန အကြီးအကဲ ဂျွန်ရက်ကလစ်ဖ်နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အီရန်ဟာ နျူကလီးယား လက်နက်တွေ လက်တွေ့ ထုတ်လုပ်နိုင်ဖို့ အရမ်းနီးကပ်တဲ့ အဆင့်ကို ရောက်နေပြီလို့ စွပ်စွဲပြီး ဇွန်လ ၁၃ ရက်နေ့တုန်းက အီရန်ရဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့ပါတယ်။
အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အမေရိကန်က တိုက်ရိုက် မပါဝင်ဘူးလို့ ငြင်းဆိုထားပေမယ့် ဇန်နဝါရီ ၁၇ ရက်နေ့မှာတော့ သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က အမေရိကန်ရဲ့ ပါဝင်ပတ်သက်နိုင်ခြေကို တွေးဆစရာ ဖြစ်လာမယ့် ပို့စ်တွေ ဆက်တိုက် တင်ခဲ့ပါတယ်။ ဥပမာ ထရမ့်ရဲ့ ပို့စ်တွေမှာ အစ္စရေးရဲ့ စစ်ဆင်ရေး ဆိုတာထက်ပိုတဲ့ အဓိပ္ပါယ်မျိုးအဖြစ် ကျုပ်တို့ ဆိုတဲ့ နာမ်စားမျိုးကို သုံးစွဲခဲ့ပါတယ်။
ဥပမာ ပို့စ်တစ်ခုမှာ ထရမ့်က ‘အီရန်ရဲ့ ဝေဟင်ပိုင်နက်ကို ကျုပ်တို့က အပြည့်အဝ ထိန်းချုပ်ထားပြီ’လို့ ရေးသားထားပြီး တခြားတစ်ခုမှာတော့ ‘အီရန် အစိုးရ အဓိပတိ အယာတိုလာ အလီ ခါမေနီ ဘယ်မှာ ရှိနေတယ် ဆိုတာကို သိပေမယ့် လောလောဆယ်တော့ ကျုပ်တို့က သူ့ကို ရှင်းလင်းဦးမှာ မဟုတ်ဘူး’ဆိုတာမျိုး သုံးနှုန်းထားခဲ့ပါတယ်။
ကိုးကား: CBS
