close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိန္ဒိယမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဗြိတိန် F-35 တိုက်လေယာဉ် ပြန်လည် မထွက်ခွာနိုင်သေး

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဗြိတိန် ရေတပ်ပိုင် F-35 တိုက်လေယာဉ်ဟာ လက်ရှိ အချိန်ထိ အိန္ဒိယကနေ မထွက်ခွာနိုင်သေးဘဲ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ဗြိတိန် ရေတပ်ပိုင် F-35 တိုက်လေယာဉ်ဟာ လက်ရှိ အချိန်ထိ အိန္ဒိယကနေ မထွက်ခွာနိုင်သေးဘဲ ဖြစ်နေပါတယ်။

ကမ္ဘာပေါ်မှာ နည်းပညာ အဆင့်အမြင့်ဆုံးလို့ သတ်မှတ် ခံထားပြီး ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ တိုက်လေယာဉ်ဟာ ဇွန်လ ၁၄ ရက်နေ့ ညပိုင်းက အိန္ဒိယနိုင်ငံ၊ ကီရာလာ ပြည်နယ်ထဲက သီရူဗန်နန်သာပူရမ် လေဆိပ်မှာ အရေးပေါ် ဆင်းသက်ပြီး ကတည်းက သောင်တင်နေခဲ့တာပါ။ သတင်းတွေအရ လေယာဉ်ရဲ့ ဟိုက်ဒရောလစ် စနစ်တစ်ခုမှာ ချွတ်ယွင်းချက် ဖြစ်ပေါ်နေခြင်းကြောင့် ပြန်လည် ထွက်ခွာဖို့ နှောင့်နှေး ကြန့်ကြာနေတာလို့ သိရပါတယ်။

F-35B တိုက်လေယာဉ်ဟာ ဗြိတိန် တော်ဝင်ရေတပ်ရဲ့ HMS Prince of Wales လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ အခြေစိုက်တာပါ။ အဲဒီ သင်္ဘောကြီး ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်စုဟာ အိန္ဒိယ ရေတပ်နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်ခဲ့ပြီးတဲ့နောက် ကီရာလာ ကမ်းလွန် ရေမိုင် ၁၀၀ လောက်အကွာ ပင်လယ်ပြင်မှာ ရှိနေဆဲပါ။

တိုက်လေယာဉ်ဟာ ပျံသန်းရင်း ရုတ်တရက် လောင်စာဆီ လျော့နည်းကျဆင်းသွားမှု ပြဿနာ ကြုံရပြီး လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက် လေယာဉ်တင် သင်္ဘောပေါ်ကနေ MJS-101 ရဟတ်ယာဉ် တစ်စီးနဲ့အတူ အင်ဂျင်နီယာတွေ ရောက်လာပြီး လေယာဉ်ကို ပြင်ဆင်နေခဲ့ပါတယ်။ မူလက ဇွန်လ ၁၇ ရက်နေ့မှာ တိုက်လေယာဉ်က ပျံတက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားပေမယ့် မမျှော်လင့်ဘဲ ကြန့်ကြာမှုတွေ ဆက်ပြီး ကြုံနေရတာပါ။

Public Service Announcement

Public Service Announcement

လောင်စာဆီ ရုတ်တရက် ကျဆင်းပြီး အရေးပေါ် ဆင်းသက်ရတယ် ဆိုတာမျိုးဟာ ရှားပါးတဲ့ အခြေအနေမျိုး ဖြစ်ပေမယ့် အရမ်းကြုံတောင့်ကြုံခဲ ပြဿနာတော့ မဟုတ်ဘူးလို့ လက်နက် ပါရဂူတွေက ပြောပါတယ်။

အမေရိကန်ရဲ့ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်တဲ့ တိုက်လေယာဉ်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုတွေကနေ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက်စွမ်းရည် ပိုင်ဆိုင်ထားပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ ပဉ္စမမျိုးဆက် စာရင်းဝင် တိုက်လေယာဉ် လက်တစ်ဆုပ်စာထဲမှာ ပါဝင်ပါတယ်။ လေယာဉ်မှာ တပ်ဆင်ထားတဲ့ အာရုံခံ၊ ပစ်မှတ်ရှာ၊ လက်နက်စနစ်တွေ အားလုံးဟာ ခေတ်ရှေ့အပြေးဆုံး နည်းပညာတွေကို အသုံးပြုထားတာပါ။

F-35တွေမှာ အဓိက တည်ဆောက်ပုံအရ မျိုးကွဲသုံးခု ရှိပါတယ်။ F-35Aတွေဟာ ပုံမှန် ပြေးလမ်းတွေမှာ အတက်အဆင်း ပြုလုပ်ပြီး လက်နက် ခဲယမ်း ပမာဏ အများဆုံး တင်ဆောင်နိုင်သလို အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတချို့ရဲ့ လေတပ်တွေမှာ အသုံးပြုပါတယ်။ ပြီးတော့ မူကွဲ ၃ ခုထဲမှာ အပေါ့ပါးဆုံး၊ စွမ်းဆောင်ရည် အမြင့်ဆုံး၊ အကျစ်လစ်ဆုံး အမျိုးအစား ဖြစ်ပါတယ်။

F-35Bတွေက ပြေးလမ်းတိုသာ လိုအပ်သလို ရဟတ်ယာဉ်တွေလိုမျိုး ထောင်လိုက် အတက်အဆင်းလည်း ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ F-35Aတွေလောက် လောင်စာဆီ များများ မသယ်ဆောင်နိုင်သလို တချို့ စစ်ဆင်ရေး စွမ်းဆောင်ရည်တွေမှာလည်း အကန့်အသတ် ရှိသွားပါတယ်။

F-35Cတွေကတော့ လေယာဉ်တင် သင်္ဘောတွေမှာ အခြေစိုက်ဖို့ အဓိက ဒီဇိုင်းထုတ်ထားပြီး လောက်လွှဲ တွန်းကန် စနစ်နဲ့ လွှတ်တင်နိုင်သလို အဆင်းမှာ လေယာဉ်ရဲ့ အရှိန်ကို အတားအဆီးတွေနဲ့ ချိတ်ပြီး လျှော့ချတာမျိုးလည်း စွမ်းဆောင်နိုင်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကတော့ F-35Aတွေကို မှာယူပြီးတဲ့နောက် နိုင်ငံရဲ့ စစ်ရေးလိုအပ်ချက်တွေနဲ့ ကိုက်ညီစေမယ့် F-35Iတွေအဖြစ် ပြောင်းလဲ တည်ဆောက်ထားပါတယ်။ အစ္စရေး လေတပ်ဟာ F-35I စုစုပေါင်း ၇၅ စီး ပိုင်ဆိုင်ထားပြီး လက်ရှိ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အီရန်ရဲ့ မြေပြင် အခြေစိုက် လေကြောင်း ကာကွယ်ရေး စနစ်တွေ၊ စစ်အခြေစိုက် စခန်းတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေမှာ အားအထားရဆုံး အပိုင်းက ပါဝင်နေပါတယ်။

ကိုးကား: NDTV

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ခရီးသည်တင်လေယာဉ် ပျက်ကျမှုမှာ ဗြိတိန် နိုင်ငံသား တစ်ဦးတည်းသာ အသက်ရှင် လွတ်မြောက်ခဲ့ပြီး ကျန်တဲ့ ၂၄၁ ဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ဆိုးရွားတဲ့ ရေကြီးမှုတွေ၊ နောက်ဆက်တွဲ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန်ကို အားပေး ထောက်ခံသူတွေဆိုတဲ့ စွပ်စွဲချက်အောက်မှာ အိန္ဒိယ အာဏာပိုင်တွေက လူပေါင်း ၈၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပြည်တွင်းဖြစ် ထုတ်လုပ်မယ့် စီမံကိန်းကို အိန္ဒိယ အစိုးရက မီးစိမ်းပြလိုက်ပြီ ဖြစ်ပါတယ်။