အိန္ဒိယ ခရီးသည်တင် လေယာဉ် ပျက်ကျမှုမှာ တစ်ဦးတည်း အသက်ရှင် ကျန်ရစ်ခဲ့သူ အမျိုးသားဟာ ညီဖြစ်သူရဲ့ ရုပ်အလောင်း မြေချမှုမှာ ပါဝင်ပြီး ခေါင်းတလားကို ဝင်ထမ်းခဲ့ပါတယ်။
ဇွန်လ ၁၂ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ အမာဒါဘက်မြို့မှာ အိန္ဒိယ လေကြောင်းရဲ့ ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ် ပါသွားသူ ၂၄၂ ဦးထဲမှာ အိန္ဒိယဖွား ဗြိတိန်နိုင်ငံသား ဗစ်ရှ်ဝါရှ်ကူးမား ရာမက်ရှ် တစ်ဦးကလွဲလို့ ကျန်တဲ့ ၂၄၁ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်က လူနေဧရိယာထဲ ပျက်ကျခဲ့တာကြောင့် မြေပြင်ပေါ် ရှိနေသူ ၃၀ လောက်လည်း သေဆုံးခဲ့ပါတယ်။
အသက် ၄၀ အရွယ် ရာမက်ရှ်ဟာ လေယာဉ်ရဲ့ အရေးပေါ် ထွက်ပေါက်နားက ထိုင်ခုံမှာ ထိုင်နေခဲ့သူဖြစ်ပြီး ပျက်ကျခါနီးမှာ အချိန်မီ ခုန်ထွက်နိုင်ခဲ့တာပါ။ လေယာဉ်က ပျက်ကျသွားပြီး မီးဟုန်းဟုန်း တောက်လောင်နေချိန်မှာ ရာမက်ရှ်က ကယ်ဆယ်ရေးတွေဆီ လမ်းလျှောက်ပြီး ထွက်လာတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေမှာ လူပြောများခဲ့ပါတယ်။
ရာမက်ရှ်ဟာ ဆေးရုံမှာ တက်ရောက်ကုသမှုတွေ ခံယူခဲ့တဲ့နောက် ဇွန်လ ၁၈ ရက်နေ့မှာတော့ လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ ညီဖြစ်သူ အဂျေးရဲ့ နာရေးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ ကမ်းရိုးတန်း မြို့တစ်ခုဖြစ်တဲ့ ဒီယူမှာ ပြုလုပ်တဲ့ နာရေး အစီအစဉ်မှာ ရာမက်ရှ်ဟာ အတော်လေး တုန်လှုပ်ကြေကွဲနေတာကို တွေ့နိုင်ပါတယ်။ သူ့ရဲ့လက်မောင်းနဲ့ မျက်နှာမှာတော့ ပတ်တီးတွေ၊ ပလာစတာတွေ ရှိနေဆဲပါ။ သူဟာ လွန်ခဲ့တဲ့ ၅ ရက်လုံးလုံး ဆေးရုံမှာ နေခဲ့ရတာ ဖြစ်ပါတယ်။ နာရေးမှာတော့ ရာမက်ရှ်ဟာ အဂျေးရဲ့ ခေါင်းတလားကို တခြားသူတွေနဲ့အတူ ဝင်ပြီး ထမ်းခဲ့ပါတယ်။

Public Service Announcement
အဂျေးရဲ့ ရုပ်အလောင်းကို မြေချတဲ့ အစီအစဉ်မှာတော့ ညီအစ်ကို နှစ်ယောက်ရဲ့ မိခင်ကိုလည်း တွေ့ခဲ့ရပါတယ်။ လေယာဉ် ပျက်ကျရာမှာ ဒီယူမြို့ခံ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့ပါတယ်။
အရှိန်နဲ့ ထိုးဆင်းပြီး မီးလောင် ပေါက်ကွဲသွားတဲ့ လေယာဉ်ရဲ့ အရေးပေါ် ထွက်ပေါက်ကနေ ရာမက်ရှ် ဘယ်လို အသက်ရှင် လွတ်မြောက်ခဲ့သလဲ ဆိုတာကို ဘယ်သူမှ ရှင်းမပြနိုင်ပါဘူး။ သူဟာ ညီဖြစ်သူကို ကယ်ချင်ဇောနဲ့ မီးလောင်နေတဲ့ လေယာဉ်ဆီ ကမူးရှူးတိုး ပြန်သွားဖို့ ကြိုးစားခဲ့ပါသေးတယ်။
Boeing 787-8 အမျိုးအစား လေယာဉ်ဟာ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အကြာမှာတင် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ လေယာဉ်ရဲ့ Black box နှစ်လုံးစလုံးကို ရှာတွေ့ထားတာကြောင့် ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေမှာ ပိုပြီး ခရီးရောက်လာမယ်လို့ ယုံကြည်ရပါတယ်။
ကိုးကား: BBC
