ဇွန်-၁၃၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရေကြည်မြို့နယ်တွင်စစ်ကောင်စီတပ် အခိုင်အမာခံစစ်ပြင်ထားသည့်အမှတ် ၃၄၄အမြောက်တပ်ရင်း(အမတ ၃၄၄)မှ စစ်သားများစတင်ဆုတ်ခွာနေပြီး တိုက်ပွဲများပိုပြင်းထန်လာသည်။
“၃၄၄ကအမြောက်တွေကျုံပျော်ခလရ(၃၆)ကို ပို့တယ်။ကားတွေနဲ့ မိုးကာတွေအုပ်ပြီးဇွန်လ၁၁ရက်နဲ့ ၁၂ ရက်က စပို့တာ။၃၄၄ကနေစပြီးဆုတ်ခွာလာတဲ့အခြေအနေဖြစ်ပါတယ်”ဟုဒေသတွင်းစစ်ရေးအခြေအနေစောင့်ကြည့်နေသူတစ်ဦးကပြောသည်။
အမတ(၃၄၄)သည် ဂွ-ငသိုင်းချောင်းလမ်းလမ်းပိုင်းမှ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ သီတာကုန်းပြင်အုပ်စု၌ရှိသည်။အမတ(၃၄၄) ကာကင်းစခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ အာရက္ခတပ်တော်(AA)နှင့် PDFပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
ကျံးပျော်မြို့သည် ရေကြည်၊ငသိုင်းချောင်းမြို့နှင့် ဆက်စပ်ပြီးပုသိမ်-ဟင်္သာတအဝေးပြေးလမ်းဖြတ်သည့် မြို့ဖြစ်သည်။
“ခလရ(၃၆)ကိုပို့ပေမယ့်သူလည်းအခွံပဲရှိတာ။ ရခိုင်က တိုက်ပွဲတွေမှာ ခလရ(၃၆)က စစ်ကြောင်းလိုက် ပြုတ်တာတွေ ရှ်ိတယ်။ အခုက စစ်ကောင်စီက ပရမ်းပတာဆုတ်လာရပုံရှိတယ်”ဟုဒေသတွင်းမှာကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။
လက်ရှိ စစ်ရေးအခြေအနေကို အသိပေးခြင်းမရှိသော်လည်း ရေကြည်၊ငသိုင်းချောင်းနှင့် ကျုံပျော်မြို့မှဒေသခံများ လုံခြုံရေးသတိပြုရန်၊ စစ်ကောင်စီစစ်ကြောင်းများ၏အန္တရာယ်ကို မပေါ့ဆရန် ၎င်းက သတိပေးသည်။
“တိုက်ပွဲက ၃၄၄ ကို တည်ထိုးနေပြီ။AAနဲ့ PDFတွေက နယ်မြေစိုးမိုးမှု ကောင်းကောင်းရထားပြီလို့ သိရတယ်” ဟုကျုံပျော်မြို့ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် အမတ(၃၄၄)အနီးဝန်းကျင်နှင့် ဂွ-ငသိုင်းချောင်းလမ်းပိုင်းရှိ ရေနံ့သာရွာအနီး၌လည်း တိုက်ပွဲဖြစ်ပွားနေကြောင်းသတင်းရရှိသည်။ဂွ-ငသိုင်းချောင်းလမ်းသည် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကိုချိတ်ဆက်ထားသည့်အဓိကလမ်းဖြစ်သည်။
၂၀၂၄ ဒီဇင်ဘာလ၂၉ရက်တွင် AAက ရခိုင်ပြည်နယ် ဂွမြို့နယ်ကို AAက သိမ်းယူပြီးနောက် ဧရာဝတီ-ရခိုင်နယ်စပ်ဒေသများဖြစ်သည့် သာပေါင်း၊ ရွှေသောင်ယံ၊ ရေကြည်မြို့နယ်တို့မှ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို AAက ထိုးစစ်ဆင်ခဲ့သည်။ အမြောက်တပ်(၃၄၄)နှင့်ဆက်စပ် သော တိုက်ပွဲသတင်းကို AAက အသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ရေကြည်မြို့နယ်နှင့်ဆက်စပ်နေပြီး ဟင်္သာတခရိုင်အတွင်းပါဝင်သည့်လေးမျက်နှာမြို့နယ်အတွင်းမှ ကျေးရွာအချို့ကိုလည်း AAနှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားသည်။ ၎င်းတို့လက်လွှတ်ခဲ့ရသည့်ကျေးရွာများကို စစ်ကောင်စီကလေကြောင်းနှင့်လက်နက်ကြီးအသုံးပြုတိုက်ခိုက်နေ၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသည်။
မတ်လ ၂၈ရက်က စစ်ကိုင်းနှင့်မန္တလေးကို ဗဟိုပြုလှုပ်သွားသော ငလျင်ကြောင့် စစ်ကောင်စီကရော AAပါဝင်သည့်မဟာမိတ်သုံးဖွဲ့ကအပစ်ရပ်ထားသည်။လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးသော်လည်း မကွေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်မှ AA သိမ်းယူထားသည့်စခန်းများကိုစစ်ကောင်စီကပြန်တိုက်ရန်ကြိုးပမ်းနေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်မှစစ်ကြောင်းထိုးခြင်းများပြုလုပ်နေ၍ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု ဧပြီလ ၅ရက်က သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီကမူ AAနှင့် ဖြစ်ပွားနေသောတိုက်ပွဲများကြောင်း သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
အကယ်၍ အမတ(၃၄၄)ကို AA သိမ်းယူနိူင်ခဲ့ပါက ဧရာဝတီတိုင်းအတွင်းစစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်ပြီး ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ လေးမျက်နှာ၊ ဟင်္သာတ၊ မြန်အောင်၊ ကွင်းကောက်၊အင်္ဂပူမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများက သတိပေးသည်။
ဧရာဝတီတိုင်းအတွင်းဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်ပြီး စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသောစစ်ဘေးရှောင်များအားကူညီကြရန် ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ဧပြီလတွင်ထုတ်ပြန်ခဲ့သည်။ရေကြည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံများ လုံခြုံရေးသတိပြုကြရန် ထုတ်ပြန်ထားသည်။
