ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကားတချို့ကို အစ္စရေး ဂါဇာ ကမ်းမြှောင်ဒေသထဲ ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဂါဇာမှာ လူသားချင်း စာနာမှု မစ်ရှင်တွေ ဆောင်ရွက်ခွင့်ကို သီတင်း ၁၁ ပတ်ကြာအောင် ပြင်းပြင်းထန်ထန် ကန့်သတ် ပိတ်ဆို့ထားခဲ့တဲ့နောက် မေလ ၁၉ ရက်နေ့မှာ ထရပ်ကားတွေ ဝင်ရောက်မှုကို အကန့်အသတ်နဲ့ ပြန်လည် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဂါဇာမှာ အငတ်ဘေး ကြုံလာနိုင်ခြေ မြင့်မြင့်မားမား ရှိနေကြောင်း ထောက်ပြမှုတွေ၊ မဟာမိတ် အမေရိကန် အစိုးရရဲ့ ဖိအားပေးမှုတွေကြောင့် အစ္စရေးက တစ်ထစ်လျှော့ပြီး ဂါဇာ ပြည်သူတွေအတွက် အနိမ့်ဆုံးအဆင့် လိုအပ်မယ့် အတိုင်းအတာ ပမာဏလောက် ထောက်ပံ့ရေး ပစ္စည်းတွေ တင်ပို့ဖို့ကို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပစ္စည်းတွေ ဖြန့်ဝေမှုကို ဟားမားစ် ပြောက်ကျားတွေက ထိန်းချုပ်တာမျိုး လုံးဝ လက်ခံမှာ မဟုတ်ကြောင်း အစ္စရေးက တင်းတင်းမာမာ သတိပေးထားပါတယ်။
ကုလသမဂ္ဂက ဂါဇာကို ထောက်ပံ့ရေး ယာဉ်တန်းတွေ ပြန်ဝင်ခွင့် ရလာတာကို ကြိုဆိုခဲ့ပေမယ့် ပို့ဆောင်ခွင့်ရတဲ့ ပစ္စည်းတွေဟာ ပမာဏ အားဖြင့်တော့ ဂါဇာ လူဦးရေ ၂.၁ သန်းနဲ့ ယှဉ်ရင် ပင်လယ်ထဲက ရေတစ်ပေါက်လောက်သာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
မေလ ၁၉ ရက်နေ့က အစားအသောက်တွေ၊ ကလေးနို့မှုန့်တွေနဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကား ၅ စီးဟာ ဂါဇာကို ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဂါဇာကို ထောက်ပံ့ရေး ယာဉ်တန်းတွေ ပြန်ဝင်ခွင့် ပြုထားတာဟာ အနိမ့်ဆုံး လိုအပ်ချက် အတွက်သာ ကန့်သတ်ထားတာ ဖြစ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဂါဇာမှာ အငတ်ဘေး ဆိုက်သွားတယ်ဆိုတဲ့ အခြေအနေမျိုးကတော့ လက်တွေ့အားဖြင့်ရော၊ သံတမန်ရေး ရှုထောင့်ကပါ ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ နေတန်ညာဟုက ဆိုပါတယ်။
ဒါပေမဲ့လည်း အဲဒီလို ခွင့်ပြုထားမှုဟာ အစ္စရေး ကုမ္ပဏီတွေက ဂါဇာမှာ ရိက္ခာ ဖြန့်ဝေရေး စင်တာတွေ တည်ထောင်ပြီး ထောက်ပံ့ရေး ပစ္စည်းတွေ ဝေငှမှုကို စတင်တာဝန်ယူသွားမယ့် အချိန်ထိသာ ဖြစ်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။ လူသားချင်း စာနာမှု မစ်ရှင်တွေမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို အသုံးပြုဖို့ ဆိုတာဟာ အမေရိကန် အစိုးရရဲ့ စိတ်ကူးဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ ကျင့်ဝတ်စည်းကမ်းတွေနဲ့ မညီညွတ်ဘူးလို့ ယူဆတဲ့အတွက် အဲဒီ ကိစ္စမှာ ပူးပေါင်းမှာ မဟုတ်ကြောင်းပြောပြီး ဆန့်ကျင်ထားပါတယ်။
အစ္စရေးဟာ ဂါဇာကို ထောက်ပံ့ရေး ပစ္စည်းတွေ ပြန်လည် ဝင်ရောက်ခွင့် ပြုလိုက်ပေမယ့် တစ်ဖက်မှာလည်း ဂါဇာက စစ်ဆင်ရေးတွေကို ပိုမို ချဲ့ထွင် အရှိန်မြှင့်တော့မယ့် အကြောင်းကို အတည်ပြု ကြေညာထားပါတယ်။ မေလ ၁၉ ရက်နေ့မှာတင် ဂါဇာအနှံ့ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ဆေးရုံတွေရဲ့ သတင်းရင်းမြစ်တွေက ပြောကြားထားကြပါတယ်။
ကိုးကား: BBC
