အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)ရဲ့ တရားလို (ဆွဲချ)ရှေ့နေ ကာရင်မ်ခန်းဟာ လိင်ပိုင်းဆိုင်ရာ မလျော်ကန်တဲ့ လုပ်ရပ်တွေ ကျူးလွန်ကြောင်း စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး လုပ်ငန်း တာဝန်တွေကနေ ခွင့်ရက် သတ်မှတ် အနားပေး ခံထားလိုက်ရပါတယ်။
အသက် ၅၅ နှစ်အရွယ် ဗြိတိန်နိုင်ငံသား ရှေ့နေကို လတ်တလောမှာ ခွင့်ခံစားခွင့် ပြုထားမယ်လို့ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ICCက မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ လိင်ပိုင်းဆိုင်ရာ မလျော်ကန်မှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်တဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်အပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်လို့ ခုံရုံးက ပြောပါတယ်။ ခန်းကတော့ သူ့အပေါ် စွဲချက်တင်ထားတာတွေကို ခြွင်းချက်မရှိ ငြင်းဆိုထားပါတယ်။
ခန်းကို ICCက ရာထူးက ထုတ်ပယ်မလား၊ ဒါမှမဟုတ် ကိုယ်တိုင် နုတ်ထွက်မလား ဆိုတာကို Fox သတင်းဌာနက ICCဆီ အီးမေးလ်ပေးပို့ စုံစမ်းထားပေမယ့် အကြောင်းပြန်မှု မရသေးဘူးလို့ ဆိုပါတယ်။ ICCကတော့ နောက်ထပ် သီးခြားစုံစမ်းမှု လုပ်ငန်းစဉ်တစ်ခု ဆက်လက် ဆောင်ရွက်နေတဲ့ ကာလအတွင်း ခန်းက ခွင့်ယူထားလိမ့်မယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ထွက်ပေါ်လာခဲ့တဲ့ စွပ်စွဲချက်တွေအပြီး ခန်းကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုခဲ့တဲ့ အမျိုးသမီး အခွင့်အရေး အဖွဲ့အစည်းတွေကတော့ ICC ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ ခန်းဟာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက လက်အောက်ခံ ဝန်ထမ်းတွေထဲက တစ်ဦးကို မလျော်မကန် ဖိအားပေးမှုတွေနဲ့ လိင်အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီအကြောင်း ပေါက်ကြားစေခဲ့တဲ့အတွက် သူမသင်္ကာတဲ့ တခြားဝန်ထမ်းတွေကို ရာထူးချတာ အပါအဝင် လက်တုံ့ပြန်တဲ့ လုပ်ရပ်တွေကိုလည်း ခန်းက ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ခန်းကတော့ သူဟာ နာမည်ဖျက် အပုပ်ချမှု တစ်ခုမှာ သားကောင်ဖြစ်နေရပြီး သူကိုယ်တိုင်ရော၊ မိသားစုပါ ခြိမ်းခြောက်တာတွေ ခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။ ICCဟာ အတွင်းပိုင်းမှာ စုံစမ်းမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ၂၀၂၄ နှစ်ကုန်ပိုင်းမှာတော့ ပြင်ပ စုံစမ်းစစ်ဆေးမှုတွေကို ခန်းက ခံယူရမှာ ဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
ခန်းဟာ ဂါဇာ စစ်ပွဲကို အကြောင်းပြုပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ICCက ဝရမ်းထုတ်ဖို့ အဓိက ဦးဆောင် လှုပ်ရှားခဲ့သူပါ။ ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေအတွက် အာဏာသိမ်း မြန်မာ စစ်ခေါင်းဆောင်တွေကိုလည်း ဖမ်းဝရမ်းထုတ်ပေးဖို့ ICCဆီ သူက လျှောက်ထား တောင်းဆိုထားပါတယ်။
ခန်းဟာ လတ်တလောမှာ ဘက်ပေါင်းစုံ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ မဟာမိတ် အစ္စရေး နိုင်ငံရဲ့ ဝန်ကြီးချုပ်ကို ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ဖေဖော်ဝါရီလမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ခန်းကို အရေးယူ ပိတ်ဆို့မှုတွေ ကြေညာခဲ့ပါတယ်။
ကိုးကား: Fox
