close
Connect with us

Hi, what are you looking for?

သတင်း

ဂျပန်လုပ်ငန်းစုကြီးအချို့ သီလဝါဆိပ်ကမ်းစီမံကိန်းမှနှုတ်ထွက်မည်ဟု JFM ဆို

ဆူမီတိုမို​ကော်ပို​ရေးရှင်း ၊တိုယိုတာ ဆူဂျိုကုမ္ပဏီအပါအဝင် ဂျပန်လုပ်ငန်းစုအချို့ သီလဝါဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်တော့မည်ဟု အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar(JFM) က ထုတ်ပြန်သည်။

​မေ-၁၆၊၂၀၂၅။ရဲခေါင်/People’s Spring

ဆူမီတိုမို​ကော်ပို​ရေးရှင်း ၊တိုယိုတာ ဆူဂျိုကုမ္ပဏီအပါအဝင် ဂျပန်လုပ်ငန်းစုအချို့ သီလဝါဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်တော့မည်ဟု အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့ Justice For Myanmar(JFM) က ထုတ်ပြန်သည်။

ရန်ကုန်မြို့၊သန်လျင်မြို့နယ်တွင်ရှိသော သီလဝါဘက်စုံသုံးနိုင်ငံတကာဆိပ်ကမ်းစီမံကိန်းမှ နှုတ်ထွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရေး နှင့် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာရေးအတွက် ဂျပန်ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရကျောထောက်နောက်ခံရှိ အာမခံကုမ္ပဏီနှင့် အခြေခံအဆောက်အဦကဏ္ဍ ရင်း နှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းတစ်ခုတို့ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်ဟုဖော်ပြသည်။

သီလဝါဆိပ်ကမ်းကို နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခံထားရသည့် စစ်အုပ်စုစီးပွားရေး လုပ်ငန်းစုကြီးဖြစ်​သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်ဆက်စပ်အထောက်အထားများရှိသော ခရိုနီကုမ္ပဏီ Ever Flow River Group (EFR)နှင့် မိတ်ဖက်လုပ်ကိုင်နေ ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် အရပ်ဘက်အဖွဲ့အစည်းများက Sumitomo Corporation၊ Toyota Tsusho၊ Kamigumi ကုမ္ပဏီလီမိတက်၊အစိုးရဘဏ္ဍာရေးဖြင့် အခြေခံအဆောက်အဦကဏ္ဍရင်းနှီးမြှုပ်နှံမှု ကော် ပိုရေးရှင်း Japan Overseas Infrastructure Invest ment Corporation for Transport & Urban De velopment (JOIN) နှင့် Nippon Export and Investment Insurance (NEXI) တို့ထံ စာရေးသားပေးပို့ခဲ့ရာ အဆိုပါစီမံကိန်းရှိ ၎င်းအဖွဲ့များ၏ ပါဝင်ပတ်သက်မှုအပေါ် စိုးရိမ်ပူပန်မှုများကို ဖော်ပြခဲ့ကြောင်းအသိပေးသည်။

၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နေ့မြန်မာစစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းလုံ လောက်သည့် လူ့အခွင့်အရေးဆိုင်ရာ တင်ကြိုစိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်းရှိ၊မရှိကို မေးမြန်းစုံစမ်းခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါပေးစာများတွင် အထူးသဖြင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က မကြာသေးမီက ထုတ်ပြန်လိုက်သည့် ဆိပ်ကမ်းစီမံကိန်းအတွက် ကာလရှည်ကြီးကြပ်လုပ်ကိုင်သူအသစ်ခေါ်ယူထားသောတင်ဒါထုတ်ပြန်မှုနှင့်စပ်လျဉ်း၍ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများရုပ်သိမ်းမည့်အစီအစဉ် ရှိ၊မရှိကိုလည်း မေးခွန်းထုတ်ခဲ့ကြောင်း JFM က ပြောသည်။

သီလဝါဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံအတွက် ဂျပန်နိုင်ငံတရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ၏အစိတ်အပိုင်းအဖြစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ထံမှ ကြီးကြပ်လုပ်ပိုင်ခွင့်များ ရရှိပြီးနောက်ပိုင်း Kamigumi ကုမ္ပဏီ သည် TMIT ကို JOIN၊ Sumitomo Corporation၊ Toyota Tsusho နှင့် မြန်မာကုမ္ပဏီ K Efficient Logistics Consortium Company Limited တို့အကြား ဖက် စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် STJ Thilawa Terminal Co., Ltd တို့နှင့်အတူ စတင်တည်ဆောက်ခဲ့သည်။

TMIT သည် ၂၀၁၉ ခုနှစ်၊ မေလမှစ၍ ဆိပ်ကမ်းကို ကြီးကြပ်လုပ်ကိုင်ခဲ့သည်။ K Efficient Logistics Consortium Company Limited သည် EFR Group ၏ အစိတ်အပိုင်း ဖြစ်သည်။

EFR သည်လည်း ဦးပိုင်ကုမ္ပဏီခွဲLann Pyi Marine ကုမ္ပဏီနှင့် ရန်ကုန်မြို့ရှိကုန်းတွင်းဆိပ်ကမ်းဝန်း တစ်ခုတည်ဆောက်ရာတွင် မိတ်ဖက်များ ဖြစ်ကြသည်။ ဦးပိုင်ကုမ္ပဏီနှင့် ထပ်မံတိုးချဲ့ထားသော Lann Pyi Marine ကုမ္ပဏီသည် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့်ဩစတြေးလျနိုင်ငံတို့၏ဒဏ်ခတ်ပိတ်ဆို့မှုများ ခံထားရသည်။

Kamigumi ၊Sumitomo Corporation နှင့် Toyota Tsusho တို့သည် အရပ်ဘက်အဖွဲ့အစည်းများ၏ စုံ စမ်းမေးမြန်မှုများကို ပြန်လည်ဖြေကြားခဲ့ရာ ၎င်းတို့အနေဖြင့် စီမံကိန်းမှ နှုတ်ထွက်တော့မည် ဖြစ်ကြောင်း၊ စာရင်းဖျက်သိမ်းမှုများအား စတင်လုပ်ဆောင်ထားပြီးဖြစ်ကြောင်းအ​ကြောင်းကြားခဲ့သည်ဟုဆိုသည်။

ရုပ်သိမ်းထွက်ခွာချိန်အတွင်း ဝန်ထမ်းအကူးအပြောင်းကာလအတွက် ပံ့ပိုးမှုများအပါအဝင် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးနှင့် လူအခွင့်အရေးစံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်ထားကြောင်းလည်းပြောဆိုခဲ့သည်ဟု သိရသည်။

သို့​သော်ယင်းသို့နုတ်ထွက်မှုသည်နိုင်ငံစုံစီးပွားရေးလုပ်ငန်းကြီးများအတွက် OECD လမ်းညွှန်ချက်များ သို့မဟုတ် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်အခြေခံမူများ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့် မည်သို့ကိုက်ညီမှုရှိကြောင်း အသေးစိတ် အချက်အလက် တစ်စုံတရာကို ပေးအပ်ခြင်း မရှိသေးဟု ဆိုသည်။

စီမံကိန်းပိုင်ဆိုင်မှုပစ္စည်းများကို မည်သို့ လွှဲပြောင်းမည်၊ စာချုပ်ရပ်ဆိုင်းမှုအတွက် လျော်ကြေးများကိုစစ်အုပ်စုထံပေးချေခြင်းရှိမရှိ၊သို့မဟုတ် စီမံကိန်းမှ နောင်ရရှိလာမည့် ဝင်ငွေများအား စစ်တပ်ဆက်နွှယ်အဖွဲ့အစည်းများထံ မရောက်ရှိစေရေး မည်သို့ကာကွယ်မည် စသည်တို့နှင့် ပတ်သက်၍ပွင့်လင်းမြင်သာမှု မရှိကြောင်းလည်း JFM က ထောက်ပြသည်။

JOINသည်စုံစမ်းမေးမြန်းမှုများအားထိထိရောက်ရောက် ပြန်လည်ဖြေကြားခြင်းမရှိမှုသည် အများပြည်သူဘဏ္ဍာငွေများအား ရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်းတစ်ရပ်ထံမှ အများပြည်သူသို့ တာဝန်ခံမှုကင်းမဲ့ခြင်းသည် အလွန်တရာ စိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း အသိပေးသည်။

JOIN နှင့် သီလဝါဆိပ်ကမ်းစီမံကိန်းမှ အပြည့်အဝ ပွင့်လင်းမြင်သာစွာနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းထွက်ခွာရာတွင် ပါဝင်သည့်ကုမ္ပဏီများအားလူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရမည့် ၎င်းတို့တာဝန်များကို လိုက်နာလုပ်ဆောင်ရန်နှင့် ငွေကြေးအကျိုးအမြတ် မှန်သမျှ မြန်မာစစ်အပ်စုထံ မရောက်ရှိစေရေး ကာကွယ်ရန် အဖွဲ့အစည်း ခုနှစ်ဖွဲ့တို့မှ တိုက်တွန်းထားသည်။

Mekong Watch ၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ ယုကာကီဂူချီက “မြန်မာနိုင်ငံတွင်း အန္တရာယ် ကြီးလွန်းတဲ့ စီမံကိန်းတွေကနေ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းထွက်ခွာတာကို လုပ်ရိုးလုပ်စဉ် စီးပွားရေး ဆုံးဖြတ်ချက်တစ်ခုလို မှတ်ယူလို့မရပါဘူး။ ကုမ္ပဏီတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ထွက်ခွာမှုက စစ်အုပ်စု ဒါမှမဟုတ် စစ်ခရိုနီတွေအတွက် ဘဏ္ဍာငွေဆိုင်ရာအကျိုးအမြတ် မရရှိနေအောင် လုပ်ဆောင်ဖို့တာဝန် ရှိပါတယ်။ JOIN အဖွဲ့ရဲ့ တိတ်ဆိတ်နေတာ၊ NEXI ရဲ့ စီးပွားရေးအန္တရာယ်ကို အမြင်ကျဉ်းမြောင်းစွာ ဘာသာပြန်ဆိုမှုတွေက တာဝန်ယူမှုရှိတဲ့ စီးပွားရေး အမူအကျင့်တွေကို လိုက်နာဖို့ ပျက်ကွက်မှုသာ ဖြစ်ပါတယ်” ဟု ပြောသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း “မြန်မာစစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုကြီးတွေကိုဆက်တိုက်ကျူးလွန်နေပြီး၊မတ်လအတွင်းမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီး နောက်ပိုင်းမှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်ပြီး လုပ်ဆောင်နေပါတယ်။ လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိတဲ့ ပြီးစလွယ် နုတ်ထွက်မှုတွေက ရက်စက်ကြမ်းကြုတ်မှုကြီးတွေမှာ လောင်စာြဖည့်ပေးနေတဲ့ အန္တရာယ်ရှိပါတယ်။ကုမ္ပဏီတွေနဲ့ဂျပန်အစိုးရတို့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီစစ်အုပ်စုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှု မရှိအောင် ဘယ်လိုလုပ်ဆောင်နေကြောင်းမဖြစ်မနေထုတ်ပြန်ဖို့ လိုအပ်ပါတယ်”ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါဒေသတွင် ၂၀၁၃ ခုနှစ်တွင် မြန်မာ -ဂျပန်နှစ်နိုင်ငံအစိုးရ ပူးပေါင်းတည်ဆောက်အကောင်အထည်ဖော်ခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ-ဂျပန် ဖက်စက်ကုမ္ပဏီထူထောင်၍ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ဇွန်လအထိ သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကုမ္ပဏီ ၁၀၃ ခုက ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံ မြှုပ်နှံထားသည်။

စစ်ကောင် စီက၂၀၂၃ ခုနှစ်အောက်တိုဘာလတွင်ထုတ်ပြန်ရာ နိုင်ငံ ၂၁ ခုမှ ကုမ္ပဏီ ၁၀၀ ကျော်က ဒေါ်လာ နှစ်ဘီလီယံကျော်ရင်း နှီးမြှုပ်နှံထားသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပကုမ္ပဏီများက စစ်အုပ်စုကို လှူဒါန်းငွေ အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၅.၈ သန်းသည် စစ်အုပ်စု ကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုများနှင့် နိုင်ငံတဝန်းလူထုအပေါ် ကျူးလွန်နေမှုများအတွက် အထောက်အပံ့ ဖြစ်သွားနိုင်ကြောင်း Justice For Myanmar က သတိပေးလိုက်သည်။

သတင်း

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စစ်ဂျူလီဘစ်ရှော့ဟာ တရုတ်ကုမ္ပဏီများရှယ်ယာပါဝင်တဲ့အဖွဲ့အစည်းအတွေမှာ အကြီးတန်းရာထူးများ ရယူထားတာကြောင့် ကုလအထူးကိုယ်စားလှယ်တစ်ဦးအနေနဲ့ အကျိုးစီးပွားပဋိပက္ခရှိ၊ မရှိ စုံစမ်းစစ်ဆေးပေးဖို့ Justice For Myanmar(JFM)က တောင်းဆိုလိုက်ပါတယ်။

သတင်း

24 Hour Group၊ KT Group ၊ ထူးကုမ္ပဏီအုပ်စု ၊ IGG တို့အပါအဝင်ATR​လေယာဥ်အုပ်ကိုပံ့ပိုး​ပေး​နေ​သောကုမ္ပဏီများကို နိုင်ငံတကာကဒဏ်ခပ်အ​ရေးယူရန် တိုက်တွန်း

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။