ဖွတ်တစ်ကောင် ကိုက်ဝါး စားသောက်ခြင်းကို ခံခဲ့ရတဲ့ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်သွားခဲ့တဲ့ မိခင်ဖြစ်သူကို ထိုင်းရဲတပ်ဖွဲ့က အပူတပြင်း လိုက်ရှာနေပါတယ်။
မေလ ၁၃ ရက်နေ့တုန်းက ဘန်ကောက်မြို့တော် တောင်ဖက် ၂၅ ကီလိုမီတာ အကွာမှာရှိတဲ့ ဆမွတ်ပရာကန်မှာ ဒေသခံတွေဟာ စက်ဆုပ် တုန်လှုပ်စရာ မြင်ကွင်းကြောင့် အထိတ်တလန့် ဖြစ်ခဲ့ကြသလို လူမှုကွန်ရက်ပေါ်မှာ ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ တွားသွား သတ္တဝါ တစ်ကောင်ဟာ စွန့်ပစ်ထားတဲ့ မွေးကင်းစ ကလေး အလောင်းကို စားသောက်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။
တွေ့တွေ့ချင်းတုန်းက ဖွတ်ရဲ့ ပါးစပ်ထဲမှာ ရှိနေခဲ့တာဟာ မိုးရေလျှံရာက မြောင်းထဲကနေ သောင်တင်လာနေတဲ့ ငါးတစ်ကောင်လို့ ထင်ခဲ့မိကြောင်း၊ အသေအချာကြည့်မှ ကလေးခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်နေမှန်း သတိထားမိကြောင်း မြင်ကွင်းကို အစောဆုံး သတိပြုမိခဲ့တဲ့ မျက်မြင်သက်သေ တစ်ယောက်က ဆိုပါတယ်။ ကလေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ဖွတ်ကြောင့် အပိုင်းပိုင်း ဖြစ်နေတာကို သတိထားမိတဲ့ အချိန်မှာ ပျို့တက်လာခဲ့ကြောင်းလည်း သူက ပြောပါတယ်။
ဖွတ်ကြီးဟာ ရှည်လျားစိမ်းစိုတဲ့ ပိန်းရိုင်းပင်တွေနားမှာ စွန့်ပစ်ခံထားရတဲ့ ကလေးအလောင်းကို စားသောက်နေခဲ့တာ ဖြစ်ပြီး ဝိုင်းဖမ်းဖို့ ကြိုးစားကြတဲ့ အခါမှာတော့ အနီးမှာရှိတဲ့ ကွန်ကရစ် ခြံစည်းရိုး တစ်ခုရဲ့ အောက်ဖက်ဆီ ထွက်ပြေးသွားပြီး ပုန်းနေခဲ့ပါတယ်။ ပြီးတော့ ကလေးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းကိုလည်း ကိုက်ချီသွားခဲ့ပါတယ်။

Public Service Announcement
ရဲတွေနဲ့ ဒေသခံ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း အပိုင်းပိုင်း ဖြစ်နေတဲ့ ကလေးရဲ့ ဦးခေါင်းနဲ့ ခန္ဓာကိုယ် အပေါ်ပိုင်းလောက်ကိုသာ ပြန်ရခဲ့ပြီး တခြား အစိတ်အပိုင်းတွေနဲ့ အနှီးအစအနတွေ ရှာမတွေ့ခဲ့ပါဘူး။ ရသမျှ ရုပ်ကြွင်းတွေကို ချက်ကရီ နာရူဘိုဒင်ဒရာ ဆေးရုံဆီ ပေးပို့ပြီး သေမှုသေခင်း စစ်ချက်ယူဖို့ လုပ်ဆောင်နေပါတယ်။
ကလေးဟာ ဖွတ်ကြီးရဲ့ စားသောက်ခြင်းကို မခံရခင် နှစ်ရက်လောက်မှာ မွေးဖွားပြီး စွန့်ပစ် ခံခဲ့ရတာလို့ ကနဦး ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ရှာတွေ့ချိန်မှာ အလောင်းက မပုပ်သေးဘူးလို့ ဆိုပါတယ်။ ရဲတွေက ကလေးဟာ မွေးဖွားချိန်မှာ အသက်ရှိသေးလား၊ အသေမွေးခဲ့တာလား ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးစားနေပါတယ်။
ရဲတပ်ဖွဲ့က ကလေးရဲ့ မိခင်ကိုလည်း အပူတပြင်း လိုက်ရှာနေကြောင်း ပြောပါတယ်။ တကယ်လို့ စွန့်ပစ်ခဲ့ချိန်မှာ ကလေးက အသက်ရှိနေခဲ့သေးတယ် ဆိုရင်တော့ အဲဒီ အမျိုးသမီးဟာ ကြီးမားတဲ့ ပြစ်ဒဏ်မျိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းလူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေကြားမှာလည်း လူပြောများနေပြီး ကလေးကို စွန့်ပစ်ခဲ့တဲ့ လုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချနေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေအရ အသက် ၉ နှစ်အောက် ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ စွန့်ပစ်မှုဟာ ၃ နှစ်ထိ ထောင်ဒဏ်အပြင် ဒဏ်ငွေတွေ ချမှတ်ခံရနိုင်ပါတယ်။
ထိုင်းက မြို့ပြ ဧရိယာတွေမှာတော့ ဖွတ်တွေဟာ တူးမြောင်းတွေ၊ ရွှံ့နွှံအိုင်တွေ၊ ရေဆိုးမြောင်းတွေနဲ့ ရေအိုင်တွေနားမှာ ကျက်စားလေ့ ရှိကြပြီး ငါး၊ မြွေ၊ ဖားနဲ့ လူတွေ စွန့်ပစ်ထားတဲ့ အစားအစာတွေကို စားသောက်လေ့ ရှိပါတယ်။ ဖွတ်တွေဟာ ရန်လိုတတ်တဲ့ သဘာဝ ရှိပြီး အကိုက်ခံရရင် အပျော့စား အဆိပ်တက်နိုင်သလို ဖွတ်တွေရဲ့ သွားမှာ ဘက်တီးရီးယား ပိုးမွှားတွေလည်း ကပ်ငြိနေနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့ လူတွေကို ရန်ပြု တိုက်ခိုက်တာမျိုးတော့ အရမ်းရှားပါတယ်။
၂၀၂၀ ပြည့်နှစ်တုန်းကလည်း ထိုင်းတောင်ပိုင်းက နက်ခွန်ဆီ သမ်မာရတ်မှာ ရေကန်ဘေး စွန့်ပစ်ထားတဲ့ မွေးကင်းစ ကလေးငယ်ကို ဖွတ်တွေက စားသောက်ထားတဲ့ အလားတူ ဖြစ်ရပ်မျိုး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အပုပ်နံ့ရလို့ တိုင်ကြားမှုကို သွားရောက် စစ်ဆေးရာက ကလေးအလောင်းကို တွေ့ရှိခဲ့တာပါ။ ရုပ်ကြွင်းပေါ်က ကိုက်ရာတွေအရ ကလေးအလောင်းဟာ ဖွတ်တွေ စားသောက်တာ ခံထားရကြောင်း ရဲတွေက အတည်ပြုနိုင်ခဲ့ပါတယ်။
ကိုးကား: SCMP
