မေ-၁၇၊၂၀၂၅။ကဖေး/People’s Spring
စစ်ကောင်စီအားအာဏာဖီဆန်ပြီးလူထုအားကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့်မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာခင်မောင်လွင်ကို အမျိုးသားညီညွတ်ရေးအစိုးရက ကျန်းမာရေးဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရပါမောက္ခဒေါက်တာ ခင်မောင်လွင်အား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးလိုက်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က မေလ ၁၆ ရက်ညတွင် ကြေညာသည်။
ဒေါက်တာခင်မောင်လွင်သည် ၁၉၈၇ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ M.B,B.S ဘွဲ့ကို ရရှိခဲ့ပြီး ၁၉၉၂ခုနှစ်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဌာန လက်ထောက်ဆရာဝန်၊၁၉၉၇ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံ (ခွဲစိတ်ကုပညာ) ဘွဲ့ရရှိခဲ့သည်။ ၂၀၀၀ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဦးနှောက်နှင့်အာရုံကြောခွဲစိတ် အထူးကုဆရာဝန်အဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်အထူးကုဆရာဝန်ကြီးအဖြစ်ရာထူး တိုးခဲ့သည်။

Public Service Announcement
၂၀၀၈ခုနှစ်တွင် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ တွဲဖက်ပါမောက္ခ (ဦးနှောက် နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) အဖြစ်ရာထူးတိုးပြီး ၂၀၁၀ ခုနှစ်တွင်မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၏ ပါမောက္ခ/ဌာနမှူး (ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး) ဖြစ်လာခဲ့သည်။ ၂၀၁၅ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၉ COVID-19 ရောဂါတိုက်ဖျက်ရေးကာလတွင် ဧရာဝတီဖောင်ဒေးရှင်း၏ ကိုဗစ်ကုသရေးစင်တာတာဝန်ခံဆရာဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဆေးတက္ကသိုလ် (မန္တလေး) ကို CDM တက္ကသိုလ်အဖြစ်ကြေညာခဲ့သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပါမောက္ခချုပ်နေအိမ်ခြံဝင်းအတွင်းဝင်၍ ဖမ်းဆီးရန်ကြိုးစားခဲ့သည်။
ထိုအချိန်မှစ၍တိမ်းရှောင်ခဲ့ပြီး လွတ်မြောက်နယ်မြေ၌ NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ တာဝန်များကို ထမ်းဆောင်နေခဲ့သူဖြစ်သည်။ ယခုအခါ NUGအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရခြင်းဖြစ်သည်။
ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ကြောင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ကြေညာချက်ကို ဒေါက်တာခင်မောင်လွင်က လူမှုကွန်ရက်တွင် ပြန်လည်မျှဝေပြီး တာဝန်များကို ပိုမိုထမ်းဆောင်ခြင်း စစ်အာဏာရှင်တော်လှန်ရေးကို အဆုံးစွန်အထိတိုက်ပွဲဝင်သွားမည်ဟု အသိပေးထားသည်။
NUG၊ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးမှာ ဆေးတက္ကသိုလ်(၁)ရန်ကုန်၏ပါမောက္ခချုပ်၊အရိုးအကြောဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ဒေါက်တာ ဇော်ဝေစိုးဖြစ်သည်။ ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာခင်မောင်လွင်သည် စစ်အာဏာရှင်တော်လှန်ရေးတွင် အလွန်တက်ကြွကြပြီး လူထုထောက်ခံမှုအပြည့်အဝရရှိထားသည့် ဆရာဝန်နှစ်ဦးဖြစ်သည်။
