ဖိလစ်ပိုင်သမ္မဟောင်းဒူတာတေးရဲ့ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC )တရားခွင် မစခင် အကြိုစစ်ဆေးကြားနာမှုကို မတ် ၁၄ ရက်မှာ စတင်ခဲ့ပါတယ်။
နိုင်ဝင်ဘာ ၁ ရက် ၂၀၁၁ ခုနှစ်ကနေ မတ် ၁၉ ၂၀၁၉ ခုနှစ်တွေအတွင်း ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကို ကနဦးကြားနားတာဖြစ်ပါတယ်။ အခုလိုပဲ နောက်တစ်ကြိမ်အကြိုစစ်ဆေးတဲ့ကြားနာမှုကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြုလုပ်မယ်လို့ တရားသူကြီးက ဆိုပါတယ်။
ဒီကနေ့ ကြားနာမှုကိုတော့ ICC အမျိုးသမီးတရားသူကြီး ၃ ဦးက ဦးဆောင်ခဲ့ပြီးတော့ ဒူတာတေးရဲ့ရှေ့နေအဖြစ် သူ့မိတ်ဆွေအရင်းအချာလည်းဖြစ် သူ့ရှေ့နေလည်းဖြစ်သူ မစ္စတာ Salvador Medialdea က ဆောင်ရွက်ပါတယ်။

Public Service Announcement
တရားသူကြီးက ဒူတာတေးကို သူ့အမည်၊ မွေးသကရာဇ်နဲ့ မွေးရပ်မြေကိုပဲ ဖြေကြားစေခဲ့ပြီးတော့ စွပ်ဆွဲခံရသူ ဒူတာတေးဖြစ်ကြောင်းအတည်ပြုပါတယ်။
တရားခွင်အရာရှိက ဒူတာတေးကိုစွပ်စွဲချက်တွေနဲ့ပတ်လို့ ဖတ်ကြားပြီး ဒူတာတေးရှေ့နေဘက်ကလည်း ဒူတာတေးကိုဖမ်းဆီးခေါ်ဆောင်မှုအပါအဝင် ကျန်းမာရေးအခြေအနေတွေကိုပါ တင်ပြခဲ့ပါတယ်။
“သမ္မတဟောင်းဟာ ပြန်ပေးဆွဲခဲ့ရတာဖြစ်တယ်လို့” ICC ရာဇဝတ်မှုခုံရုံးဆီဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတာနဲ့ပတ်သက်လို့ သူ့ရှေ့နေက ပြောပါတယ်။
ကြားနာမှုက ၂၅ မိနစ်လောက်သာ ကြာမြင့်ခဲ့ပါတယ်။ ဒူတာတေးကတော့ အချုပ်ခန်းစင်တာကနေပဲ Video Conferencing နဲ့ တက်ရောက်ခဲ့တာပါ။ ကြားနာမှုတလျောက်လုံးမှာ ဒူတာတေးက မျက်လုံးကို စုံမှိတ်ပြီး ထိုင်ခုံမှာမလှုပ်မယှက် ထိုင်နေခဲ့ပါတယ်။
ဒူတာတေးရဲ့ရှေ့နေက ဒူတာတေးမှာ အကြားနဲ့ အမြင်ဆိုင်ရာ ကျန်းမာရေးပြသနာတွေရှိနေလို့ တရားရုံးကို တင်ပြခဲ့ပေမယ့် တရားသူကြီးကတော့ သူအချုပ်စခန်းစင်တာကိုရောက်ရောက်ချင်း စစ်ဆေးချက်တွေအရတော့ သူဟာပုံမှန်အသိသတိရှိပြီး ကျန်းကျန်းမာမာရှိတယ်လို့ ဆရာဝန်ရဲ့ဆေးစစ်ချက်ကို ကိုးကားပြောဆိုသွားပါတယ်။
သူ့သမီးဖြစ်သူ လက်ရှိဖိလစ်ပိုင်ရဲ့ ဒုတိယသမ္မတ ဆာရာဒူတာတေးကတော့ တရားခွင်ပြင်ပကပဲ စောင့်ကြည့်လေ့လာခွင့်ရခဲ့ပါတယ်။ တရားရုံးကြားနာမှုအပြီးမှာတော့ အချုပ်ခန်းမှာရှိတဲ့ ဖခင်ဖြစ်သူနဲ့ တစ်နာရီကြာတွေ့ခွင့်ရခဲ့ပြီး သူ့ကို ဖိလစ်ပိုင်ကိုအမြန်ဆုံးပြန်ဖို့ နိုင်ငံကနေမထွက်ခွာဖို့ သေချာအထပ်ထပ်မှာကြားတယ်လို့ဆိုပါတယ်။
ဒူတာတေးဟာ အခုလည်းအချုပ်ခန်းစင်တာရဲ့ ဆေးရုံဆောင်ဘက်မှာရှိနေပြီး သူ့ ကျန်းမာရေးအခြေအရ ဆရာဝန်က ဒီကနေ့ကြားနာမှုကို Video Conferencing ကနေပဲ တက်စေခဲ့တာဖြစ်တယ်လို့လည်း ဆာရာဒူတာတေးကပြောပါတယ်။
ဒူတာတေးဟာ ICC အချုပ်ခန်းမှာပဲနေထိုင်ရင်း နောက်ရုံးချိန်းကို ထပ်စောင့်ရဦးမှာဖြစ်ပါတယ်။ ICC အချုပ်ခန်းစင်တာမှာ ဒူတာတေးလိုပဲ တရားရင်ဆိုင်ဖို့ရောက်ရှိထိန်းသိမ်းခံထားရသူ အိုင်ဗရီကို့စ်သမ္မတဟောင်း Laurent Gbagbo အပါအဝင် ၅ ဦးလည်း အတူရှိနေကြတာဖြစ်ပါတယ်။
ကိုးကား – ICC, Rappler
