နယ်စပ်မှာ လတ်တလော အတွေ့များနေတဲ့ ထောက်လှမ်းရေး ဒရုန်းတွေကို ကမ္ဘောဒီးယားဖက်က စေလွှတ်တာလို့ ထိုင်းကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒုတိယ ကာကွယ်ရေး ဝန်ကြီး နတ်တာဖောင် နတ်ဖာနစ်က ကမ္ဘောဒီးယား ဒရုန်းတွေဟာ ထိုင်းနိုင်ငံ ပိုင်နက်ဖက်ခြမ်း နယ်ကျော် ပျံသန်းမှုတွေလည်း ရှိခဲ့ပြီး အဲဒီ ဖြစ်စဉ် တစ်ခုချင်းစီကို ထိုင်းအာဏာပိုင်တွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့ တခြား အထောက်အထားတွေ ရယူနေတယ်လို့ ဩဂုတ် ၄ ရက်နေ့တုန်းက သတင်းထောက်တွေကို အသိပေးခဲ့ပါတယ်။
ဩဂုတ် ၃ ရက်နေ့တုန်းက ဆူရင်တဝိုက်မှာ တွေ့ခဲ့တဲ့ ဒရုန်းတွေဟာ ကမ္ဘောဒီးယားကနေ စတင်ပျံသန်းလာပြီး လာရာလမ်းအတိုင်း လှည့်ပြန်သွားတာကိုလည်း အတည်ပြု တွေ့ရှိထားခဲ့တယ်လို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကမ္ဘောဒီးယား လေပိုင်နက်ထဲကို ထိုင်းရဲ့ ဒရုန်းတချို့ ဝင်ရောက်နေတာ တွေ့ရှိခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့တာကိုလည်း နတ်တာဖောင်က ပယ်ချသွားခဲ့ပါတယ်။

Public Service Announcement
ကမ္ဘောဒီးယား ဒရုန်းတွေက ထိုင်းလေပိုင်နက်ထဲ ရောက်ရှိလာတာမျိုးကို ထိုင်းလေတပ်က ဘယ်လို တုံ့ပြန်ကိုင်တွယ်မလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ သူက မဖြေခဲ့ပါဘူး။
ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဂျီရာယူ ဟောင်ဆက်ဘ်က အရပ်ဖက် ဒရုန်းတွေ ပျံသန်းခွင့်ကို ယာယီ ပိတ်ပင်ထားတဲ့ ဥပဒေကို ချိုးဖောက်ရင် ထောင်ဒဏ် တစ်နှစ်ထိ ဖြစ်စေ၊ ဘတ် ၄၀၀၀၀ ထိ ဒဏ်ကြေးဖြစ်စေ ချမှတ် ခံရနိုင်တယ်လို့ ပြောပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် တင်းမာမှုတွေကို အကြောင်းပြုပြီး ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၅ ရက်ကြာ စစ်မက်ဖြစ်ပွားပြီး အခုတော့ အပစ်အခတ် ရပ်စဲထားပါတယ်။ နယ်စပ် တိုက်ပွဲတွေအတွင်း နှစ်ဖက် အသေအပျောက်ဟာ ၄၃ ဦးထက်မနည်း ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ကမ္ဘောဒီးယားနဲ့ နယ်စပ်ထိစပ်တဲ့ ဧရိယာ အများစုကို ကွပ်ကဲနေတဲ့ ထိုင်းအမှတ် ၂ စစ်နယ်မြေ ဦးစီးဌာနကတော့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေဟာ ဒရုန်းဖျက် စနစ်တွေ ပိုမိုဖြည့်တင်း ဝယ်ယူဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ထားကြောင်း ကြေညာခဲ့ပါတယ်။
ကိုးကား: Bangkok Post












































