close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားက မိတ်ဖက် အစုအဖွဲ့နဲ့ ဆက်ဆံရေးကို ထိုင်းမီဒီယာ အဖွဲ့အစည်းတွေ ဖြတ်တောက်

ထိုင်းမှာ လူသိထင်ရှားတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းကြီး ၃ ခုဟာ ကမ္ဘောဒီးယား အခြေစိုက် မိတ်ဖက် အဖွဲ့အစည်းနဲ့ ဆက်ဆံရေးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

Reuters

ထိုင်းမှာ လူသိထင်ရှားတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းကြီး ၃ ခုဟာ ကမ္ဘောဒီးယား အခြေစိုက် မိတ်ဖက် အဖွဲ့အစည်းနဲ့ ဆက်ဆံရေးကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ၅ ရက်ကြာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေး ပဋိပက္ခတွေမှာ ထိုင်းမီဒီယာတွေက ကျင့်ဝတ်မဲ့ တစ်ဖက်စောင်းနင်း သတင်းရေးသား ဖော်ပြခဲ့ကြောင်း ကမ္ဘောဒီးယားဖက်က စွပ်စွဲခဲ့တဲ့နောက် အခုလို ဆုံးဖြတ်ခဲ့တာလို့ ထိုင်းမီဒီယာ အဖွဲ့အစည်းတွေက ပြောပါတယ်။

The Nation

ထိုင်းဂျာနယ်လစ်များ အဖွဲ့ချုပ်၊ အွန်လိုင်းသတင်း ထုတ်လုပ်မှု အဖွဲ့ချုပ်၊ ထိုင်းမီဒီယာ လုပ်သားများ သမဂ္ဂတို့ဟာ ကမ္ဘောဒီးယား ဂျာနယ်လစ်များအသင်း (CCJ)နဲ့ ဆက်ဆံရေးကို ရပ်စဲလိုက်ပြီလို့ ဇူလိုင် ၃၁ ရက်နေ့မှာ ပူးတွဲ ကြေညာခဲ့ပါတယ်။

ထိုင်းဖက်က အစုအဖွဲ့တွေဟာ ထိုင်းမီဒီယာတွေဟာ စစ်ရေး ပဋိပက္ခနဲ့ ပတ်သက်လို့ ကျင့်ဝတ်မဲ့ ရေးသားတာတွေ၊ အချက်အလက် မဆန်းစစ်ဘဲ သတင်းဖော်ပြခဲ့တာတွေ ရှိခဲ့တယ်ဆိုတဲ့ CCJရဲ့ စွပ်စွဲချက်တွေကို အတိအလင်း ငြင်းဆိုတယ်လို့လည်း ကြေညာပါတယ်။ ထိုင်းသတင်းဌာနတွေဟာ ကျင့်ဝတ်ကင်းမဲ့တဲ့ သတင်းဖော်ပြမှုတွေ လုံးဝ မလုပ်ခဲ့ဘူးလို့လည်း ထိုင်းမီဒီယာ အစုအဖွဲ့တွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီတော့ CCJရဲ့ စွပ်စွဲချက်ဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း၊ CCJဟာ ထိုင်းမီဒီယာတွေရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကို အခြေအမြစ် ကင်းမဲ့တဲ့ စွပ်စွဲ ဝေဖန်မှုတွေ လုပ်ခဲ့တာသာဖြစ်ကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားခဲ့ပါတယ်။

ပြီးတော့ CCJ အနေနဲ့ ထိုင်းမီဒီယာတွေရဲ့ အရေးကိစ္စတွေကို စွက်ဖက်တာတွေကနေ ရပ်တန့်ဖို့၊ ကမ္ဘောဒီးယားမှာ သတင်းတု သတင်းမှားတွေ ပျံ့နှံ့နေတာကို တိုက်ဖျက်နိုင်ရေး အာရုံစိုက်ဖို့၊ ကိုယ်တိုင်က ပရော်ဖက်ရှင်နယ် ကျင့်ဝတ်စံနှုန်းတွေကို အလေးထားဖို့ တန်ပြန် တောင်းဆိုခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ် တိုက်ပွဲတွေအတွင်း လူပေါင်း ၄၃ ဦးလောက် သေဆုံးခဲ့သလို ၃ သိန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဇူလိုင် ၂၈ ရက် ညသန်းခေါင်မှာတော့ နှစ်ဖက် သဘောတူ အပစ်အခတ် ရပ်စဲခဲ့ပြီး အဲဒီ အခြေအနေဟာ လက်ရှိ အချိန်ထိ ဆက်လက် တည်တံ့နေဆဲ ဖြစ်ပါတယ်။

ကိုးကား: The Nation

ဆက်စပ်သတင်းများ