နယ်စပ်တလျှောက်က အသီးသီး ထိန်းချုပ်ထားရာ နယ်မြေတွေမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်တပ်တွေဟာ တပ်အင်အား ဖြည့်တင်း ဖြန့်ကျက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ ဇူလိုင်လတုန်းက ၅ ရက်ကြာ နယ်စပ် စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲခဲ့ကြပါတယ်။ ဇူလိုင် ၂၈ ရက်နေ့ ညသန်းခေါင်မှာ စတင် အသက်ဝင်တဲ့ သဘောတူညီမှုအရ နှစ်နိုင်ငံ တပ်တွေဟာ နယ်စပ်နဲ့ အရမ်းနီးကပ်တဲ့ နေရာတွေမှာ တပ်တွေ မထားရှိကြဖို့ လက်ခံ ကတိပြုထားပါတယ်။
ဒါပေမဲ့ ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သူ ရေတပ် နောက်တန်း သေနာပတိ ဆူရာဆန် ကွန်ဆီရီကတော့ နှစ်ဖက်စလုံးဟာ အသီးသီး လက်ရှိ ထိန်းချုပ်ထားတဲ့ နယ်စပ်အနီးတဝိုက် ဧရိယာတွေမှာ တပ်အင်အား ဖြည့်တင်းတာမျိုးတွေ ရှိနေတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း နယ်စပ်မှာ ပြဿနာ မီးပွားစ ဖြစ်စေမယ့် ထင်ရှားမြင်သာတဲ့ စစ်ရေး လှုပ်ရှားမှုတွေတော့ မတွေ့ရဘူးလို့လည်း သူက ဆိုပါတယ်။ နောက်ပြီး ကမ္ဘောဒီးယားက နယ်စပ်ဆီကို တပ်ကူအင်အား အလုံးအရင်း ပေးပို့နေခြင်းဟာ စစ်ဖြစ်နေခဲ့တဲ့ အတောအတွင်း ကမ္ဘောဒီးယားဖက်မှာ တပ်အင်အား အများအပြား ပြုန်းတီးခဲ့တာကြောင့်လို့ ယူဆရကြောင်းလည်း ဆူရာဆန်က ပြောပါတယ်။

Public Service Announcement
ထိုင်းကတော့ ကမ္ဘောဒီးယားဖက်မှာ တပ်ကူအင်အားတွေ ဖြည့်တင်းနေတဲ့ လှုပ်ရှားမှုကို မျက်ခြေမပြတ် ဆက်စောင့်ကြည့်ကြောင်းလည်း သူက အတည်ပြုခဲ့ပါတယ်။ ကမ္ဘောဒီးယား တပ်တွေရဲ့ လှုပ်ရှားပုံတွေကို ကြည့်ရင် ပြီးခဲ့တဲ့ တိုက်ပွဲတွေအတွင်း အတော်ကြီး အထိနာခဲ့ပုံရတယ်လို့ ခန့်မှန်းနိုင်ကြောင်း ဆူရာဆန်က ဩဂုတ်လ ၄ ရက်နေ့၊ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
အဲဒီနေ့မှာပဲ ကမ္ဘောဒီးယားရဲ့ ဖနွမ်ပင်ပို့စ် သတင်းဌာနက နယ်စပ်မှာရှိတဲ့ အန်ဆားနဲ့ မာလီဆိုချီယက်တာ ဒေသတွေမှာ လက်နက်အသစ်တွေ ဖြည့်တင်း နေရာချနေပြီး သံစည်းရိုးတွေ ကာနေတယ်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ အဲဒီ အရာရှိက ထိုင်းရဲ့ လုပ်ရပ်ဟာ အပစ်ရပ် သဘောတူညီမှုပါ အချက်အလက်တွေကို အတိအလင်း ချိုးဖောက်ခြင်းလို့လည်း ထည့်သွင်း စွပ်စွဲခဲ့ပါတယ်။ ထိုင်းစစ်တပ်ကတော့ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက ၅ ရက်ကြာ စစ်ရေးပဋိပက္ခအတွင်း နှစ်ဖက် အသေအပျောက် အနည်းဆုံး ၄၃ ဦးရှိခဲ့ပြီး လူပေါင်း ၃ သိန်းလောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကိုးကား: The Nation, Phnom Penh Post












































