Scorpio/People’s Spring
မိုးတစွက်စွက်ရွာနေတဲ့ သြဂုတ် ၄ ရက်မနက်ခင်းမှာ ဖားကန့်တဝိုက်လက်နက်ကြီးသံတွေ ညံနေခဲ့တယ်။သြဂုတ် ၁ ရက်ကတည်းကတိုက်ပွဲသံတွေ ကြားနေရတာဖြစ်ပြီး ဒီနေ့ဆို ၄ ရက် မြောက်ခဲ့ပါပြီ။လက်နက်ကြီးသံတွေဟာ မိုးပြိုသလားအောက်မေ့ရအောင် ကြောက်စရာကောင်းနေခဲ့တယ်လို့ ဒေသခံတွေက ပြောပြတယ်။
ကံဆိုးစွာနဲ့ပဲ မြောက်ဖြူကျေးရွာပေါ် လက်နက်ကြီးတစ်လုံး အုန်းခနဲဆို ကျလာခဲ့တယ်။လူနေအိမ်တွေပေါ်ကျတယ်။ လက်နက်ကြီးကျတဲ့ လမ်းထဲကနေ လင်မယားနှစ်ယောက် သွေးတွေပေနေတဲ့ အဝတ်အစားတွေနဲ့ ပြေးထွက်လာတယ်။ ဆံပင်တွေစည်းနှောင်ဖို့တောင် သတိမရတဲ့ မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲမှာတော့ အသက် ၃ နှစ်အရွယ် သားငယ်လေးကို ချီထားတယ်။ သားငယ်လေးအမည်က အောင်ကောင်းပြည့်ပါ ။

လင်မယားနှစ်ယောက်လုံးထိတ်ထိတ်ပျာပျာနဲ့ ဆေးခန်းပြေးကြတယ်။ ဆေးခန်းအရောက် သားကလေး အသက်မရှိတော့တာသိရတယ်။ မိခင်ရင်ကွဲရပြီ။ ပုဆိုးလေးနဲ့ထုပ်ထားတဲ့ သားကလေးကို ပွေ့ချီရင်း မိခင်ဖြစ်သူ အော်ငိုတယ်။ ကလေးဖအေလည်း အံကိုတင်းတင်းကြိတ်ကာ ငိုတယ်။ ကုတင်ခေါင်းရင်းမှာသားအကြီးဖြစ်ပုံရတဲ့ကလေးတစ်ယောက်ကလည်း မိခင်နဲ့ညီလေးရဲ့ဖြစ်အင်ကိုကြည့်ရင်း မျက်ရည်တွေကျနေခဲ့တယ်။

Public Service Announcement
မိခင်ဟာ သားငယ်လေးကို တယုတယပွေ့ချီ ခေါ်လာတယ်။ လူမှုကူညီရေးအသင်းကနေ သားငယ်လေးရဲ့ ရုပ်အလောင်းကို မီးရှိူ့သင်္ဂြိုလ်ပေးဖို့ ထင်းနဲ့တာယာတွေပေါ် တင်လိုက်တယ်။အပေါ်အင်္ကျီအဖြူ၊ ဘောင်းဘီအပြာ ကျောင်းဝတ်စုံလေးဝတ်ထားတဲ့သားငယ်လေးရဲ့အပေါ်မှာသားငယ်ရဲ့ဘေ့စ်ဘောချန်ပီယံအင်္ကျီလေးထပ်လွှမ်းပေးလိုက်တယ်။
ဒီကနေ့စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် သားငယ်လေးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်။
“KIA ရှိတဲ့ ကုန်းကို ပစ်တာ။ ကျော်ပြီး ရွာထဲကျတာ။ ဘာမှမသိရှာတဲ့ လူမမယ်ကလေး လေး အသက်မဲ့သွားပြီ” ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ကလည်း ရှရော်ခကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ နှစ်ဦးဒဏ်ရာရခဲ့ရာမှာ အသက် (၂၁)အရွယ် အမျိုးသားလေးတစ်ဦးသေဆုံးခဲ့ပါတယ်။ ဆန်းကြွယ်ကျေးရွာမှာလည်း ပြည်သူ လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောတယ်။
KIA၊KPDF ထိန်းချုပ်ထားတဲ့ ဖားကန့်-ဆိပ်မူလမ်းနဲ့ ဆက်စပ်နေတဲ့ ရှရော်ခကျေးရွာက ညောင်ပင်ကုန်းစခန်းကိုစစ်ကောင်စီကဩဂုတ်လ၁ရက်သိမ်းယူခဲ့ပါတယ်။
သြဂုတ်၃ရက်မှာတော့KIA/KPDF တွေကရှရော်ခရွာ ညောင်ပင်ကုန်းစခန်းကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်နေပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။
တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်တပ်ရဲ့ လက်နက်ကြီးကျည်တွေဟာ လူနေကျေးရွာတွေပေါ် ကျရောက်လာပြီး ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဖားကန့် ဗျူဟာကုန်းကလက်နက်ကြီးမှော်ထဲ ကျလို့ ကလေး ထိမှန်သွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဖားကန့်ဟာ အာဏာသိမ်းကာလတလျှောက် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရက်တွေ အမြောက်အများ ရှိခဲ့တယ်။ ပြည်သူတွေဟာ ကုန်စျေးနှူန်းကြီးမြင့်တဲ့ဒဏ်ကြားကနေ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုတွေ ရင်ဆိုင်နေကြရတယ်။
ဒီနှစ်လလောက်အတွင်းမှာပဲဖားကန့်မှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မိုင်းပေါက်ကွဲမှုတွေကြောင့် အရပ်သားသေဆုံးသူဦးရေ ၄၀ဦးခန့်ရှိခဲ့တယ်လို့သိရတယ်။
အာဏာသိမ်းပြီးချိန်ကနေ ဒီနှစ် ၂၀၂၅ ခုနှစ် မေလကုန်အထိ နိုင်ငံတစ်ဝန်းလေကြောင်း တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၃,၁၀၀ ကျော်ရှိခဲ့ရာမှာ (၁၈)နှစ်အောက်ကလေးသူငယ်၄၆၆ ဦးပါဝင်ပြီး ဒဏ်ရာရသူတွေထဲမှာ ကလေးသူငယ် ၇၁၈ ဦး ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မေလက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကနေ့ မြောက်ဖြူရွာကဓာတ်ပုံတွေ၊ဗီဒီယိုတွေဟာမှတ်တမ်းတင်နိုင်သူကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အခြားပြည်သူတွေ သိခွင့်ရကြတာဖြစ်ပါတယ်။ဓာတ်ပုံမရိုက်နိုင်တဲ့၊လူမသိသူမသိ အသက်ပေးခဲ့ရတဲ့ကလေးတွေ၊ငိုကြွေးနေကြတဲ့မိခင်တွေ အများကြီး ရှိနေပါသေးတယ်။
ဆုံးသွားတဲ့ ကလေးနေရာမှာ ကိုယ့်သားသမီးသာဆိုရင် ဆိုတဲ့စိတ်ခံစားချက်ဖြစ်မိပြီး ယူကြုံးမရအောင် ခံစားရတယ်။ အဓိကတော့လူစိတ်မရှိတဲ့စစ်တပ်၊ကိုယ်ချင်းစာစိတ်မရှိတဲ့စစ်တပ်ရဲ့လူမဆန်တဲ့ လုပ်ရပ်တွေ ကြောင့် နိုင်ငံတဝန်းမှာ အပြစ်မရှိတဲ့ ကလေးသူငယ်တွေအပါမရေတွက်နိုင်တဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာတွေဟာ စိတ်မကာင်းဘူး ဆိုတာထက် ပိုပါတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးကလည်းရင်ဖွင့်ပါတယ်။
မြောက်ဖြူရွာကသားငယ်လေးနဲ့မိခင်ရဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်စာမျက်နှာမှာပြန့်လာတော့နိုင်ငံတဝှမ်းက ပြည်သူတွေစိတ်ထိခိုက်ကြတယ်။ ရင်နာကြတယ်။
“ရင်ကိုဆို့တက်သွားတယ်။ ငါ့သားသမီးသာဆိုရင်ဆိုတဲ့စိတ်နဲ့”လို့ Facebook သုံးစွဲသူ အမျိုးသမီးတဦးက မှတ်ချက်ပြုပါတယ်။
လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကလည်း “မြင်ရတာ ရင်ထဲနင့်နေတာပဲ။ သူသာန်တစ်ခုလုံးလည်း မျက်ရည်တွေနဲ့ဗျာ” လို့ဖွင့်ဟပါတယ် ။
မိခင်ဖြစ်သူဟာသားလေးကိုမသင်္ဂြိုလ်ခင် အသက်ဝိညာဥ်ကင်းမဲ့သွားပြီးဖြစ်တဲ့ သားကလေးရဲ့ ခန္ဓာကိုယ်ပေါ် လက်နှစ်ဖက်တင်ရင်း ခေါင်းငိုက်စိုက် ကျနေခဲ့တယ်။ ဘယ်လက်က သားလေးရဲ့ နှလုံးသားနေရာ ခပ်ဖွဖွတင်ထားခဲ့ပြီး ညာလက်ကတော့ သားလေးရဲ့ ဝမ်းဗိုက်လေးကို ကိုင်နေခဲ့တယ်။ နောက်တော့ သားလေးရဲ့ ဘယ်လက်ကလေးကို သူ့ပါးမှာကပ်ရင်း မိခင်ဟာ ငိုကြွေးနေခဲ့တယ်။
