မသီတာစမ်းချောင်း ရေးသားသည်။
မြန်မာ့မြေပေါ်မှာ ကြားခံစစ်ပွဲ proxy war တွေ ဖြစ်လာတော့မလားလို့ ပူပန်လာကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့ မြေပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးဩဇာနဲ့ စီးပွါးရေးအကျိုးအမြတ်တွေအတွက် အားပြိုင်မှုတွေကို နည်းပေါင်းစုံနဲ့ လုပ်ကြတာမှာ ကြားခံစစ်ပွဲဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ ပါဝါကြီးတဲ့ တရုတ်၊ အမေရိကနဲ့ ရုရှတို့အပြင် အင်အားကြီးတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပါ ပါဝင်တဲ့ ကြားခံစစ်တစ်ခု ဖြစ်လာတော့မယ်လို့ ပြောဆိုလာကြတာပေါ့။
တကယ်တော့ ကြားခံစစ်ဟာ ဖြစ်နေတာ ကြာပြီလို့တောင် ဆိုရမလိုပါ။မြန်မာဟာ နိုင်ငံငယ်ရုံသာမက ခွန်အားရှိတဲ့ခေါင်းဆောင်ကိုလည်းမဆုပ်ကိုင်ထားနိုင်တဲ့ အချိန်အခါ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ပိုင်မူဝါဒရယ်လို့ အခိုင်အမာ မရှိဘဲ အာဏာမက်စိတ်၊ကိုယ်ကျိုးစီးပွါး ရှေ့တန်းတင်စိတ်နဲ့ ပြည်သူအပေါ် ဗိုလ်ကျစိုးမိုးချင်စိတ်သာ ရှိတဲ့ စစ်ခေါင်းဆောင်တွေကြောင့်လည်းအင်အားကြီးနိုင်ငံတွေပိုထဲထဲဝင်ဝင်ပါဝင်လာစေပါတယ်။
စစ်အာဏာရှင်ကျဆုံးဖို့ဆိုပြီးစီးပွါးရေးပိတ်ဆို့မှု၊ ဒဏ်ခတ်အရေးယူမှုတွေကိုအမေရိကကလုပ်တော့ ရုရှဆီက စစ်ရေးနဲ့ နည်းပညာဆိုင်ရာ အကူအညီတွေ ယူနေတဲ့ စစ်အုပ်စုဟာ တရုတ်ဆီကနေ စီးပွါးရေး၊ ရင်းနှီးမြှုပ်နှံမှု အကူအညီတွေကို လက်လွတ်မခံရအောင် ပြည်တွင်းသယံဇာတတွေနဲ့ မျှားပါတယ်။ ကမ္ဘာမှာသိက္ခာလည်းရှိ၊ငွေကြေးလည်း ကြွယ်ဝတဲ့ အမေရိကနဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေကတော့ စစ်အုပ်စုကို ဆန့်ကျင်မယ့် ဒီမိုအင်အားစုတွေကို ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ မီဒီယာ၊လူ့ရပိုင်ခွင့်အရေးတွေနဲ့ပတ်သက်ပြီးပို့ချထောက်ကူပါတယ်။

Public Service Announcement
အမေရိကကို အဆုံးထိ တိုက်မယ်လို့ အော်နေတဲ့ တရုတ်ရဲ့ မဟာဗျူဟာထဲမှာတိုင်ဝမ်ကိုကိုင်တွယ်မယ့်ဗျူဟာကို သေချာပြန်ဖတ်ကြည့်ရအောင်ပါ။
“A new type of conventional war fought under a full spectrum information warfare backed by a credible nuclear deterrent” “အများလက်ခံနိုင်လောက်တဲ့ နျူကလီယားကန့်သတ်ရေးအစီအစဉ်ကို နောက်ခံပြုထားတဲ့ ကွက်ပြည့်နယ်စုံ(သတင်း)အချက်အလက်စစ်ပွဲအခင်းအကျင်းအောက်မှာသမားရိုးကျစစ်ပွဲကိုပုံစံအသစ်နဲ့ ဆင်နွှဲရေး”တဲ့။
ဒါဟာတိုင်ဝမ်အရေးတစ်ခုတည်းအတွက် ချမှတ်ထားတဲ့မဟာဗျူဟာမဟုတ်ဘူးဆိုတာကိုလားရှိုးအတွေ့အကြုံက သက်သေခံနေပါပြီ။ရှမ်းမြောက်မှာ ‘သမားရိုးကျစစ်ပွဲ conventional war’ ကို ‘ပုံစံအသစ် new type’နဲ့ တိုက်သွားတာ တရုတ်လို့ ဆိုရပါမယ်။အဲဒီပုံစံအသစ်စစ်ပွဲအတွက်နဂါးကြီးက M အမ်သုံးလုံးလို့ ခေါ်တဲ့ လူ၊ လက်နက်၊ ငွေတွေထဲက အစိတ်အပိုင်းအချို့ကိုနည်းအသွယ်သွယ်နဲ့ ရင်းနှီးမြှုပ်နှံခဲ့ပြီး သမားရိုးကျ စစ်တိုက်ဖို့ကိုတော့ ကိုးကန့်တပ်နဲ့ ပူးပေါင်းတော်လှန်ရေးအင်အားစုတွေက လုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။
တကယ်တော့ တရုတ်ရဲ့ စွက်ဖက်မှုဆိုတာကို လားရှိုး နမူနာနဲ့ ပြောတဲ့အခါ တော်လှန်ရေးလှိုင်းကို စီးမျောခဲ့တဲ့ ကိုးကန့်တပ်ဖွဲ့တွေကိုပဲမြင်သာကြပါတယ်။ ဒါပေမဲ့ တရုတ်ဟာ ကွက်ပြည့်နယ်စုံ နင်းပြီး မြန်မာ့အရေးမှာ ပတ်သက်နေတာ ခုမှမဟုတ်ပါဘူး။ နိုင်ငံရေးလှိုင်းကြီးလေထန်တာတွေရှိမှ ရှိပေါ့။
ဂျာမဏီမှာ ရောက်နေတဲ့ တရုတ်ကထွက်ပြေးလာသူ လှုပ်ရှားတက်ကြွတဲ့လူငယ်တစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့ဖူးပါတယ်။သူကယူကရိန်း၊ ပါလက်စတိုင်းအရေးတွေမှာလည်းကမ္ဘာ့လူငယ်တွေရဲ့ နိုင်ငံရေးလှိုင်းနဲ့အတူ ဆန်တက်နေသူပါ။ သူက မြန်မာ့အရေးကိုလည်း စိတ်ဝင်စားပြီး ထိုင်းနယ်စပ်ဘက်ကို သွားကာ မြန်မာ့တော်လှန်ရေးလူငယ်တွေနဲ့ရော တခြားနိုင်ငံရေးသမားတွေကိုပါ တွေ့ဆုံခဲ့ပါတယ်။
အဲဒီကအပြန်မေးလာတဲ့မေးခွန်းက”မြန်မာလူငယ်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကြားမှာကွန်မြူနစ်ဝါဒဟာဘာလို့ဒီလောက်တောင်ရေပန်းစားနေတာလဲ။အရင်ကတည်းက ဖြစ်နေတာလား။ ခု အာဏာသိမ်းပြီးမှ ဖြစ်လာတာလား။ငါတို့တရုတ်ပြည်မှာတောင် ကွန်မြူနစ်ဝါဒနဲ့ ပတ်သက်ရင် လူထု
က စိတ်မဝင်စားတော့ဘူးလေ။ စီစီပီကို ကြည့်မရကြတာလည်း ပါတာပေါ့။ ငါတို့တရုတ်လူထု ခံစားနေရတာတွေမှာ စီစီပီရဲ့သက်ရောက်မှုတွေဟာ တရားခံဆိုတာ မသိကြတာလား” ဆိုတာပါပဲ။
ဒီတော့မှသူ့ကိုရှင်းပြရတယ်။မြန်မာမှာလည်း ဆိုရှယ်လစ်အမည်ခံ စစ်အာဏာရှင်ကို တိုက်ခဲ့တဲ့သမိုင်းတလျှောက် လူမျိုးစုဝါဒအခြေမခံဘဲနိုင်ငံရေးမူဝါဒကို အခြေခံတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဆိုတာလူထုလူတန်းစားအသီးသီးကြားမှာရော လူမျိုးစုအသီးသီးကြားမှာပါထိုးဖောက်နိုင်ခဲ့ကြောင်း၊မဆလအစိုးရကိုဗကပတွေတော်လှန်ခဲ့ရာမှာ ဆိုရှယ်လစ်-ကွန်မြုနစ် မူဝါဒရေးရာ အငြင်းအခုန်ထက် အာဏာရှိ-အာဏာမဲ့ ပဋိပက္ခအသွင်ဖက်ကို ပိုရောက်ခဲ့ကြောင်း၊ လူထုကြားမှာ ကွန်မြူနစ်သဘောတရားက စိမ့်ဝင်ခဲ့ကြောင်း၊ ကိုယ့်ဘာသာတောင် မသိလိုက်ဘဲ လူတစ်ယောက်ဟာ ဗကပရဲ့ ဆဲလ်တစ်ဆဲလ် ဖြစ်သွားနိုင်ခဲ့ကြောင်း၊ တဘက်မှာလည်း ဆိုရှယ်လစ်-ကွန်မြူနစ်ဆိုတဲ့ ကွဲပြားမှုသာ ရှိပေမဲ့ အမေရိကအပေါ် မုန်းတီးအထင်သေးတာမှာတော့ တက်ညီလက်ညီ ရှိခဲ့ကြောင်း၊ အမေရိကဟာမြန်မာဆိုရှယ်လစ်-ကွန်မြုနစ်တွေအတွက်ဘုံရန်သူ ဖြစ်ခဲ့ကြောင်း၊ ဗီယက်နမ်စစ်မှာ မဆလဝါဒဖြန့်ချိရေးတွေသိပ်အားမစိုက်ရလောက်အောင် ဗကပဆဲလ်တွေက အနုပညာအားနဲ့ပါ အမေရိက ဆန့်ကျင်ရေးကိုဆွမ်းကြီးလောင်းခဲ့ကြဖူးကြောင်း၊ဒါကြောင့် ပြည်ပစွက်ဖက်မှုကို လက်မခံကြောင်း စစ်တပ်က ဝါဒဖြန့်တဲ့အခါ အမေရိကနဲ့ အနောက်ဒီမိုကရေစီနိုင်ငံတွေကို ဆိုလိုတာသက်သက်ဖြစ်ကြောင်း၊ စစ်တပ်နဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်ခဲ့တဲ့ ရုရှကို မဆလအစိုးရက ပြည်ပစွက်ဖက်မှုလို့ မဆိုလိုသလို စီစီပီနဲ့ အတူရပ်တည်ခဲ့တဲ့ ဗကပကလည်း တရုတ်ရဲ့ စွက်ဖက်မှုဆိုတဲ့ အသုံးအနှုန်းမျိုးကို လက်ရှောင်ခဲ့ကြကြောင်းဆိုတဲ့ နောက်ခံကို ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် အစောပိုင်းကာလတွေမှာတော့ ဗကပက လွဲရင်ကျန်လက်နက်ကိုင်အစုအဖွဲ့တွေဟာတန်းတူညီမျှမှုတိုက်ပွဲ ဝင်နေတာမို့လို့ဆိုကာ လူမျိုးစုအခြေခံ စုဖွဲ့မှုကို ပိုပြီးအားထည့်ခဲ့ကြကြောင်း၊ နိုင်ငံရေးသဘောတရားရေးရာမှာလည်း ဖက်ဒရယ်လို့ ဆိုခဲ့ကြပေမဲ့ဒီမိုကရေစီဆိုတာကိုမပြောခဲ့ကြကြောင်း၊၁၉၈၈ လူထုတော်လှန်ရေး ဖြစ်လာတဲ့အခါကျမှ ဒီမိုကရေစီဆိုတဲ့သဘောတရားဟာ လူထုကြားမှာရော လူမျိုးစုလက်နက်ကိုင်တွေကြားမှာပါ စတင်ဝင်ရောက်လာတဲ့ အတွေးအမြင် ဖြစ်ခဲ့ကြောင်း၊ ၁၉၈၈ လှုပ်ရှားမှုကမဆလအစိုးရ ပြုတ်ကျရေးမှာ မရပ်ဘဲ ဒီမိုကရေစီရေးလို့ ကြွေးကြော်ကြတဲ့အခါ လက်နက်ကိုင်တော်လှန်ရေးအစုအဖွဲ့သစ်အနေနဲ့ အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်မတော်ဟာ လူမျိုးကို အခြေမခံဘဲ ပေါ်ထွက်ခဲ့ကြောင်း၊ ဒါပေမဲ့အကြောင်းကြောင်းတွေကြောင့် အေဘီအက်စ်ဒီအက်ဟာ အင်အားမရှိ မရပ်တည်နိုင်တော့တဲ့အထိ ဖြစ်ခဲ့ရကြောင်း၊ တဘက်မှာတော့ ဗကပအနေနဲ့ ရပ်တည်မရတော့အောင် အနေအထားကိုနဝတ၊နအဖကအားထုတ်ခဲ့ပြီးနောက်မှာ လူမျိုးစုအခြေခံ လက်နက်ကိုင်အစုအဖွဲ့တွေဟာ အရေအတွက်တွေ များသထက် များလာခဲ့ကြကြောင်း၊ ဒီမိုကရေစီရေးကို အကျွမ်းတဝင် မရှိခဲ့တဲ့ အဲဒီအဖွဲ့တွေဟာ ဖက်ဒရယ်ရေးကို အကျွမ်းဝင်အောင် အားထုတ်ခဲ့ကြပေမဲ့ စီစီပီနဲ့ သူ့တပ် ပီအယ်လ်အေတို့ကိုတော့ အစဉ်အဆက် အကျွမ်းဝင်ဖူးခဲ့ကြကြောင်း သမိုင်းကြောင်းကိုလည်း ရှင်းပြဖြစ်ပါတယ်။
အဲဒီအချိန်ဟာ ဆိုဗီယက် ပြိုကွဲတော့မယ့်အချိန်၊ တရုတ်မှာပါ တီယင်မန်ရင်ပြင် လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တဲ့အချိန်ပေါ့။ ဆိုရှယ်လစ်-စစ်အစိုးရကို မုန်းတီးပြီး ဆန့်ကျင်သူတွေအတွက် နိုင်ငံရေးဆိုတာမှာ ဒီမိုကရေစီကိုလည်း ညီအကိုမသိတသိအချိန်လို့ ဆိုရပါမယ်။ အတိုက်အခံ တော်လှန်သူတွေရဲ့ ပုံရိပ်တွေဟာလည်း ကွန်မြူနစ်သဘောတရားတွေနဲ့ ထွေးရောယှက်တင်ဖြစ်ခဲ့တာ မဆလတစ်သက်လည်း ရှိခဲ့ချိန်ပေါ့။ တရုတ်မှာ လူထုက အပြောင်းအလဲကို တောင်းဆိုချိန်မှာ လူထုစိတ်ကြိုက်အဖြစ် မခံရအောင်ဆိုပြီး အစိုးရကပဲ သူ့မူဝါဒတွေကို အထိအပါး မခံတဲ့ အုပ်ချုပ်ရေးနဲ့ စီးပွါးရေးအပြောင်းအလဲတွေ စလုပ်ခဲ့ပါတယ်။
မြန်မာမှာတော့ စစ်အစိုးရသစ်ဟာ မဆလနဲ့အတူ ဆိုရှယ်လစ်မူဝါဒကို စတေးလိုက်ပြီးလူထုအကြိုက် ဝေါဟာရကို ကောက်မွေးစားခဲ့တာပေါ့။ “ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ”ကို ဖော်ဆောင်ပေးမယ်ဆိုတဲ့ လမ်းပြမြေပုံကြီးကို တင်သွင်းလာတဲ့အထိလေ။
တဘက်မှာလည်းအမေရိကဟာမြန်မာ့လူထုခေါင်းဆောင်စစ်အစိုးရကိုခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ အတိုက်အခံဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအိုင်ကွန်အဖြစ် လိုလိုလားလား ပုံဖော်တွန်းတင်လာပါတယ်။ ကမ္ဘာမှာလည်း ဒီမိုကရေစီလှိုင်းလုံးကြီးက ပြင်းထန်လာပြီး ဘာလင်တံတိုင်းတွေ ပြို၊ ဆိုရှယ်လစ်ရုရှကြီး အားနည်း၊ ကွန်မြူနစ်တရုတ်က နိုင်ငံရေးထက် စီးပွါးရေးကို မောင်းတင်ဆိုတဲ့ အနေအထား ဖြစ်နေပါတယ်။ဒီတော့ မြန်မာလူငယ်တွေဟာ ဒီမိုကရေစီရေးကို အကျွမ်းဝင်ဖို့ အပတ်တကုတ်ကြိုးပမ်းလာရာက မဆလအပြုတ်မှာ ဗကပ အလုပ်ဖြစ်မလာခဲ့တော့ပါဘူး။
“လူငယ်တွေက ဘာမှ မသိဘဲနဲ့ စစ်တပ် ဝါဒဖြန့်တဲ့အတိုင်း ကွန်မြူနစ်ကို ကြောက်နေကြတာ။ အမေရိက ဝါဒဖြန့်တဲ့အတိုင်း ဒီမိုကရေစီ အော်နေကြတာ။ကွန်မြူနစ် ကောင်းလား ဆိုးလား သိချင်ရင် ကွန်မြူနစ်တွေ အုပ်ချုပ်တာ တစ်ခါလောက် ခံကြည့်ကြဦးလို့ပြောချင်တယ်”လို့ကွန်မြူနစ်အနွယ်တော်တစ်ယောက်က ပြောတာကိုကြုံခဲ့ဖူးပါတယ်။
ဒါပေမဲ့ ဗကပဟာ မြေပေါ်ပါတီအဖြစ် မရပ်တည်ခဲ့တော့ပါဘူး။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုလှိုင်းလုံးကြီးက ကြီးထွားလာတာနဲ့အမျှ ပြည်တွင်းကွန်မြူနစ်အသိုင်းအဝိုင်းဟာ ‘ပြည်သူ့အာဏာ’အသုံးကနေ ‘ပြည်သူ့ဒီမိုကရေစီ’အသုံးကို ပြောင်းလဲသုံးစွဲခဲ့ပါတယ်။
အဲဒီလိုပဲအမေရိကနဲ့ အနောက်ကမ္ဘာက’ဖက်ဒရယ်အရေး’ ‘လူနည်းစုအခွင့်အရေး’တွေကို ပို့ချတဲ့အခါမှာလည်း လူနည်းစုအစုအဖွဲ့တွေအပါအဝင် တချို့နိုင်ငံရေးသမားတွေဟာ ‘လူမျိုးစု’ဆန်ခါနဲ့ စစ်ချခံယူခဲ့ကြပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ‘အာဏာသုံးရပ် ခွဲဝေရေး’ဆိုတဲ့ ဒီမိုကရေစီနဲ့ အကျွမ်းမဝင်ခဲ့ကြဘဲ ‘အကြွင်းမဲ့အာဏာ’အယူအဆကိုသာ နားရည်ဝ၊ မျက်စိရည်ဝခဲ့တာကြောင့်မို့လို့ ဆိုရမှာပါ။ဒါကြောင့်မြန်မာ့မြေမှာစစ်အာဏာရှင်သာမက လူထုကပါ ‘ကွန်မြူနစ်တစ္ဆေ’ရော ‘လူမျိုးစုနိုင်ငံရေးတစ္ဆေ’ရော ခြောက်တာကို သိသိကြီးနဲ့ မသိသလိုနေနေကြတာပေါ့။
တရုတ်ရဲ့စီးပွါးရေး ကိုယ်ကျိုးရှာမှုကြီးကသိပ်ကို သိသာထင်ရှားလာတဲ့အခါမှာတော့ တရုတ်ဆန့်ကျင်ရေး စိတ်ခံစားချက်တွေ ရုန်းထလာခဲ့ကြပြန်ပါတယ်။ ၂၀၁၁-၁၂ ကာလ မြန်မာ့နိုင်ငံရေးမှာ အခင်းအကျင်းအသစ်ဖြစ်လာတဲ့အခါဦးဆုံး အခက်ကြုံရသူက တရုတ်ပါ။ မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ကန့်ကွက်မှုတွေ အရှိန်ရလာတဲ့အခါ တရုတ်ဆန့်ကျင်ရေးကိုပါ လူထုက ပြောဆိုလာခဲ့ပါတယ်။ မူလလက်ဟောင်း ဝါဒဖြန့်ချိရေးကျမ်းကြေကြတဲ့ စစ်အုပ်စုဟာ ခေတ်မီဆိုရှယ်မီဒီယာကိုလည်း ရင်းနှီးမြှုပ်နှံထားပြီးပြီမို့ ဒီအခက်အခဲကို ခါတိုင်းလိုပဲ မျက်လှည့်သုံးပြီး ဖြေရှင်းနိုင်ခဲ့ပါတယ်။
ကျောက်နီမော်၊ သံတွဲ၊ ၉၆၉၊ အမျိုး-ဘာသာ-သာသနာ၊ ရိုဟင်ဂျာ-ဘင်္ဂါလီဆိုတဲ့ ဆူနာမီကြီး ပေါ်လာတော့ တရုတ်ဆန့်ကျင်ရေးဆိုတာ အသံမှိန်တဲ့အဆင့်တောင် မကတော့ဘဲ ပျောက်ကို သွားတော့တာပါပဲ။ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကြီး အေးအေးဆေးဆေး ပြီးသွားတဲ့အထိဆိုပါတော့။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအရေးကိစ္စတွေကို ကြည့်ရင် လူငယ်တွေဟာ စစ်ကောင်စီကို မကြေနပ်လို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပေမဲ့ နိုင်ငံရေးအရ အသေးစိတ် တွေးတောပြီး ကိုယ် ပူးပေါင်းမယ့် လက်နက်ကိုင်အစုအဖွဲ့ကို ရွေးချယ်ခဲ့ကြတာမျိုး မရှိပါဘူး။ စစ်ရေးသက်သက် မလုပ်ကြဘဲ နိုင်ငံရေးသဘောတရားတွေ နားလည်ရအောင် လေ့လာကြမယ်ဆိုတဲ့အခါဘယ်လိုသဘောတရားတွေကို ပိုပြီး စိတ်ဝင်စားကြ လေ့လာကြလဲဆိုတာကတော့ သုတေသန လုပ်ထားမှပဲ ကိန်းဂဏန်းနဲ့ ပြောနိုင်မှာပါ။
တရုတ်ကွန်မြူနစ်ပါတီ စီစီပီမှာပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပီအယ်လ်အေ ရှိသလို နွေဦးတော်လှန်ရေးအတွင်းမှာလည်း ပြည်တွင်းဖြစ် ပီအယ်လ်အေ စုဖွဲ့နိုင်ခဲ့ပါတယ်။ (တချို့တွေက ဘေဂျင်းထိ သင်တန်းတောင် သွားတက်ဖူးတယ်ဆိုသတင်းလည်းရှိပါတယ်) မြေပေါ်ပါတီအဖြစ် မရပ်တည်ခဲ့တဲ့ ဗကပဟာလည်း ဘယ်အလံ ဘယ်အသွင်နဲ့ ဘယ်လိုစုဖွဲ့နေမယ်ဆိုတာကို အတိအကျ မသိရင်သာ ရှိမယ် သူ မပျောက်ကွယ်သွားဘူးဆိုတာကိုတော့ ခံစားသဘောပေါက်မိနိုင်ကြမှာပါ။ ဒါတွေကြောင့်လည်း နွေဦးတော်လှန်ရေးဟာ စကစကို ဖြုတ်ချပြီးကာမှ ‘ပြည်သူ့ဒီမိုကရေစီ’ဆိုကာ ကွန်မြူနစ်ဝါဒကို ယိုင်တဲ့အရွေ့မျိုး ဖြစ်သွားမလားဆိုပြီး တရုတ်လူငယ်က မေးခွန်းထုတ်တာပါ။
ဒါကြောင့် လားရှိုးကိစ္စကျမှ တရုတ်ရဲ့ ‘ပုံစံအသစ်နဲ့ သမားရိုးကျစစ်’ကို မြင်ရတာလို့ မမှတ်ယူသင့်ပါဘူး။ နဂါးကြီးကဟိုးခေတ်အဆက်ဆက်မှာကတည်းက အသွင်ပြောင်းပြီး ကိန်းအောင်းနေသလို အိပ်မောလည်း မကျနေခဲ့ပါဘူး။ ခုမှ နိုးထလာပြီး အမြှီးယမ်းနေတာလည်း မဟုတ်ရပါဘူး။ စီစီပီနဲ့ရော ရှီကျင့်ဖင်အစိုးရနဲ့ပါ ရန်သူဖြစ်နေတဲ့ တရုတ်လူငယ်တစ်ယောက်ကတောင်ဒီလိုအနေအထားတွေကို တွေ့ရှိသိမြင်နေတာမို့ အပြိုင်အဆိုင် ထောက်လှမ်းနေကြတဲ့ ရုရှ၊ အမေရိက၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့က သိထားတန်သရွေ့လည်း သိထားကြမှာ ဖြစ်ပါတယ်။ သူတို့ဘက်ကလည်း မအိပ်မနေ လေ့လာမှုတွေ ရှိနေမှာပါပဲ။
ဒီတော့ ကြားခံစစ်ကို ပူပန်ကြတယ်ဆိုရာမှာ မြေစာပင် ဖြစ်မှာ ကြောက်လို့ ပူပန်ကြတာမှန်ပါတယ်။ စစ်ကောင်စီကို အပြုတ်ဆော်စေချင်လို့ ကြားခံစစ် ဖြစ်ကာမှဖြစ်ရော မပူပန်နေတော့ပါဘူးဆိုတာလည်း မှန်ပါတယ်။တကယ်ပူပန်ရမှာတွေက အမှန်တကယ် ရှိနေသေးတယ်ဆိုတာလည်း မမေ့ကြဖို့ပါပဲ။
‘ကွက်ပြည့်နယ်စုံ (သတင်း)အချက်အလက်စစ်ပွဲ အခင်းအကျင်းအောက်မှာ သမားရိုးကျစစ်ပွဲကို ပုံစံအသစ်နဲ့ ဆင်နွှဲရေး’လို့ ဆိုတယ် မဟုတ်လား။ ပုံစံအသစ်နဲ့စစ်ဆိုတာသမားရိုးကျ လက်နက်တိုက်ပွဲတင်မက ကွက်ပြည့်နယ်စုံ (သတင်း)အချက်အလက်စစ်ပွဲသက်သက်လည်း ဖြစ်နိုင်နေသေးတာကိုသတိကြီးကြီးထားနိုင်ကြဖို့လိုအပ်ပါကြောင်း။
