ဇန်နဝါရီ-၁၂၊၂၀၂၆။မိုမို/People’s Spring
ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ဒီကနေ့(ဇန်နဝါရီ ၁၂ရက်)မနက်အစောပိုင်းကတည်းက လေကြောင်းကနေ သုံးကြိမ်ထက်မနည်း ဗုံးကြဲနေတာလို့ ဆိုပါတယ်။
“ ပဲနွယ်ကုန်းမြို့အနီးကို လေကြောင်းကနေ ဗုံးကြဲတာ” လို့ ရွှေကျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဲဒါအပြင် မနေ့ညပိုင်းကတည်းက တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ပြီး လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ အသံကြီး၊အသံသေးတွေ အစုံပဲ။ဒီမနက်လည်း လေယာဥ်တောက်လျှောက်လာတယ်” လို့ ပဲနွယ်ကုန်း မြို့အနီးရှိနေသူက ပြောပါတယ်။
မနေ့က(ဇန်နဝါရီ ၁၁ရက်)ကစပြီး ပဲနွယ်ကုန်းမြို့နယ်က အမှတ်(၃၀၇)ခြေမြန်တပ် ရင်း (ခမရ-၃၀၇)အနီးမှာ တိုက်ပွဲတွေဖြစ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ခမရ(၃၀၇)တပ်ရင်းဟာ အမှတ်(၆)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းဖြစ်ပါတယ်။ရွှေပြည်အေးရွာမှာ တည်ရှိပြီးဒေသခံတွေအနေနဲ့ ယာယီရှောင်တိမ်းနေဖို့ PDF ပူးပေါင်းတပ်တွေက ကြိုတင်သတိပေးထားတယ်လို့သိရပါတယ်။
ပဲနွယ်ကုန်းမြို့ဟာ ရန်ကုန် – မန္တလေး ကားလမ်းဟောင်းရော ရထားလမ်းပိုင်းပါရှိတဲ့ မြို့ဖြစ်ပါတယ်။
လက်ရှိစစ်ရေးအခြေအနေအရ ခရီးသွားပြည်သူတွေအနေနဲ့ စစ်ရေးသတင်းတွေ နားစွင့်ဖို့ မြို့ခံတွေက အသိပေးပါတယ်။
ပဲနွယ်ကုန်းမြို့နဲ့ ဆက်စပ်နေတဲ့ တောကျွဲအင်းမြို့ကို PDF ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၉ရက်မှာ စစ်တောင်းမြစ်ဝှမ်းဒေသအောင်မြင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ထိန်းချုပ်ခဲ့ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ တောကျွဲအင်း မြို့ (အောင်မြင်မြို့)အပြင် အုတ်တွင်းမြို့နယ်က ညောင်ခြေထောက်နဲ့ကျွဲပွဲကြား စည်ပင်သာကျေးရွာက စစ်ကောင်စီတပ်စခန်း၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီးရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ ကင်းစခန်း အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
မနေ့ကလည်း စစ်တပ်လုပ်တဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ထန်းတပင်၊မင်းလှ၊ပေါင်းတည်နဲ့ ဖြူးမြို့နယ်တွေမှာ တိုက်ခိုက်ခံရမှုတွေရှိပြီး စစ်အုပ်စု သေဆုံးမှုတွေရှိခဲ့ပါတယ်။
ဇန်နဝါရီ ၇ရက်ကလည်း နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

















































