ဇန်နဝါရီ – ၁၂ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့ အနောက်မြောက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်တွေကြား စစ်ရေး တင်းမာနေတယ်လို့သိရပါတယ်။
စစ်ကောင်စီတပ် တပ်စွဲထားတဲ့ ခံစပ်ကုန်း အနောက်ရွာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဇန်နဝါရီလ ၇ ရက်က သိမ်းယူလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဆုတ်ခွာသွားပြီး ခံစပ်ကုန်းအရှေ့ရွာမှာ အင်အားသွားပူးပေါင်းပြီးနောက် လက်ရှိမှာတော့ တိုက်ပွဲ ဆက်မဖြစ်ပေမယ့် စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

Public Service Announcement
“ သူတို့နောက်ကိုပြန်ဆုတ်သွားတယ် ”လို့ မြင်းခြံနယ်အတွင်းက တော်လှန် ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
နွားထိုးကြီးမြို့ရဲ့ အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်က စတင်ကာ စစ်ကြောင်းထိုးလာပြီး ခံစပ်ကုန်း (ရှေ့၊နောက်)ရွာတွေအပါအဝင် အိုင်းမ၊မင်းရွာစတဲ့ကျေးရွာတွေက နေအိမ် ၁,၀၀၀ကျော် ကိုမီးရှို့ခဲ့ပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲမတိုင်ခင်မှာ မြင်းခြံခရိုင်အတွင်းက မြို့နယ်တွေကို အင်အားအများအပြားသုံးပြီး စစ်ကြောင်းထိုးခဲ့တာပါ။မြင်းခြံခရိုင် ထဲမှာ မြင်းခြံ ၊ တောင်သာ နဲ့ နွားထိုးကြီးမြို့နယ်တို့ပါတယ်။
အဲဒီမြို့နယ်သုံးခုထဲမှာမြင်းခြံ နဲ့တောင်သာကို စစ်ကောင်စီက ဇန်နဝါရီလ ၂၅ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃) ထည့်သွင်းထားပါတယ်။
နွားထိုးကြီးမြို့နယ်မှာတော့ စစ်ကောင်စီ ရွေးကောက်ပွဲမကျင်းပနိုင်ပါဘူး။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းမှာတည်ရှိပြီး ဖိုခနောင့်သဖွယ် ဖွဲ့စည်းထားတဲ့ မန္တလေးတိုင်းထဲက နွားထိုးကြီး ၊မြင်းခြံနဲ့ တောင်သာမြို့နယ်တွေဟာအာဏာသိမ်းစစ်ကောင်စီတပ်ကိုလက်နက်စွဲကိုင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ပြီးခဲ့တဲ့ နှစ် မေလအတွင်း နွားထိုးကြီး ၊ မြင်းခြံ ၊တောင်သာ နဲ့ ငါန်းဇွန်မြို့နယ်တွေထဲက စစ်ကောင်စီတပ်စခန်းတွေကို အထူးစစ်ဆင်ရေးအဖြစ် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ် အငိုက်မိပြီးအထိနာခဲ့ဖူးပါတယ်။
ဓာတ်ပုံ – Google Earth

















































