ဇန်နဝါရီ-၉၊ ၂၀၂၆။ အိမ်သွင်/People’s Spring
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့မှာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)တပ်ဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ၂ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
NSCN(K-YA) နဲ့ NSCN(K-AM)အဖွဲ့ဟာ ပန်ဆောင်မြို့ခမ္မတိုင်ဘုရားကျောင်းအနီးမှာ ဒီနေ့ ဇန်နဝါရီ ၉ရက် မနက် ၅နာရီခန့်မှာ တိုက်ပွဲဖြစ်ပွားတာလို့ နာဂလူငယ်တစ်ဦးကပြောပါတယ်။
“ နာဂ၊နာဂချင်းချတာဗျာ။ စိတ်ပျက်ဖို့ကောင်းပါတယ်။ NSCN ( K-AM) ဘက်က နှစ်ဦးသေဆုံးတယ်ဗျာ” လို့ အဲဒီလူငယ်က ဆိုပါတယ်။

Public Service Announcement
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ဟာ နာဂလူမျိုးတွေ နေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အဖွဲ့တွင်း သဘောထားကွဲလွဲမှုတွေကြောင့် အဖွဲ့တွေကွဲပြီး ဦးဆောင်သူအမည်ကို အစွဲပြုသတ်မှတ်တဲ့အဖွဲ့တွေ လှုပ်ရှားနေပါတယ်။
အခုတိုက်ပွဲဖြစ်တဲ့ နှစ်ဖွဲ့မှာ NSCN(K-YA)ကို ဦးယုန်းအောင်ဆိုသူ ဦးဆောင်ပြီး NSCN(K-AM)ကို ဦးအန်းမိုင်းဆိုသူ ဦးဆောင်တာဖြစ်ပါတယ်။
“ နာဂလူကြီးတွေက အတွေးအခေါ် အဟောင်းတွေနဲ့ သွားနေတာ။ သူတို့က လူငယ်တွေကို နေရာမပေးဘူး။ ပြတ်ပြတ်သားသားမလုပ်ဘဲ တစ်သက်လုံး တော်လှန်ဖို့ပဲတွေးနေကြတာ” လို့ ပန်ဆောင်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးက သတင်းမထုတ်ပြန်သေးပါဘူး။ NSCNအဖွဲ့တွေဟာ မြန်မာဘက်မှာရောအိန္ဒိယဘက်မှာပါ လှုပ်ရှားကြသလို မြန်မာနိုင်ငံဘက်မှာဆိုရင် စစ်ကောင်စီနဲ့ ဆက်စပ်မှုတွေလည်းရှိနေပါတယ်။
မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နဲ့ ၁,၀၂၁ မိုင်ခန့် နယ်စပ်ချင်းဆက်စပ်နေပါတယ်။ နယ်စပ်တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
NSCN တပ်တွေကို အိန္ဒိယစစ်တပ်ကလည်း မြန်မာပိုင်နက်ထဲအထိဝင်ပြီး တိုက်ခိုက်လေ့ရှိပါတယ်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ လဟယ်မြို့နယ် ကမ်မော်လောရီကျေးရွာကို ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၂၀ရက် ညမှာ အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲလို့ အသက် ၈နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ NSCN(K-YA)အဖွဲ့ရဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ Piyong Konyak(ပီယောင်းကွန်းရက်) ရဲ့ နေအိမ်ကို ဗုံးထိမှန်ခဲ့ပြီး သေဆုံးသူနှစ်ဦးဟာ ဗိုလ်မှူးချုပ်ပီယောင်းကွန်းရက်ရဲ့သားနဲ့ မြေးဖြစ်သူတို့ ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင် ၁၃ရက်ကလည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်က ကျေးရွာအချို့ကို အိန္ဒိယစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သားနေအိမ်တွေပျက်စီးခဲ့ပါတယ်။
အိန္ဒိယဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားဗုံးကြဲတာလို့ India Today သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
















































