■တိုက်ပွဲရပ်နားချိန်ဒေသတည်ငြိမ်လုံခြုံရေးစုပေါင်းအားနဲ့ တာဝန်ယူကြရမယ်လို့ အဖွဲ့ ဥက္ကဋ္ဌ ပြော
■စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တအာင်းအမျိုးသားများနှင့်အတူလက်တွဲတိုက်ပွဲဝင်သွားမည်ဟုမန္တလေးPDFဖော်ပြ
ဇန်နဝါရီ-၁၂၊၂၀၂၆။ဟန်နွေ/People’s Spring
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ၂၀၂၅ အောက်တိုဘာ ၂၈ရက်မှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့လို့ ဒီကနေ့ ဇန်နဝါရီ ၁၂ရက်မှာ ကျရောက်တဲ့ ၆၃နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ တအာင်းဒေသ အသီးသီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်ပြီး ပြည်သူတွေလည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ခံရခြင်းက သက်သာခွင့်ရလာခဲ့ကြောင်းTNLAကထုတ်ပြန်ပါတယ်။

Public Service Announcement
TNLAရဲ့တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဘောထားထုတ်ပြန်ချက်မှာအခုလိုဖော်ပြထားတာဖြစ်ပြီး ထုတ်ပြန်ချက်မှာ စစ်ကောင်စီ ကို မြန်မာ့တပ်မတော်လို့ဖော်ပြထားပါတယ်။
“မြန်မာပြည်တစ်ဝှမ်းလုံးပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ပြီး၊စစ်မှန်သည့်နိုင်ငံရေးပြုပြင်ပြောင်လဲမှုများ ပေါ်ပေါက်လာစေရန်ဆန္ဒပြုရင်းတအာင်းအမျိုးသားတို့၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ကို ပြည်သူလူထုနှင့်အတူ ရောက်ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တအာင်းအမျိုးသားတို့၏ (၆၃) နှစ်ပြည့်မြောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ သဘောထားကို ထုတ်ပြန်လိုက်ပါသည်”လို့လည်းTNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
TNLA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းရဲ့တော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းကိုလည်းထုတ်ပြန်ခဲ့ရာ အခုလို အုပ်ချုပ်ရေးနယ်မြေရှိလာဖို့က နိုင်ငံရေး၊ လူမှူရေးဆောင်ရွက်ချက်တွေနဲ့ ဆွေးနွေးအဖြေရှာပြီး ရရှိခဲ့ကြတာ မဟုတ်ဘဲ စစ်ရေးအရတိုက်ယူခဲ့ရတာဖြစ်ကြောင်း ဖော်ပြပါတယ်။
“ဒီဂုဏ်ဒြပ်မြင့်မားတဲ့တန်ဖိုးကိုအရာရှိ၊အရာခံ၊ရဲ ဘော်ရဲမေများ မှတ်သားထားကြဖို့လိုအပ်ပါတယ်။ နယ်မြေစစ်ဆင်ရေးကာလအတွင်းတအာင်းအာဇာနည်ရဲဘော်တွေ ကိုယ် လက်အင်္ဂါနဲ့ အသက်ပေါင်းမြောက်များစွာပေးဆပ်ခဲ့ကြရပါတယ်။ စစ်ဆင်ရေးကာလအတွင်း အသက်အိုးအိမ်စည်းစိမ်းတွေ ဆုံးရှုံးနစ်နာသည့်တိုင် စိတ်ရှည်သည်းခံပြီးမိမိတို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အား စိတ်ရော ကိုယ်ပါ ကူညီပံ့ပိုးပေးခဲ့ကြတဲ့ မိဘပြည်များကိုလည်း အထူးလေးစားတန်ဖိုးထားဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်” လို့TNLAဥက္ကဋ္ဌကပြောပါတယ်။
၂၀၂၅ မှာ နိုင်ငံရေးအပြောင်းအလဲတွေနဲ့အတူ စစ်ရေးကဏ္ဍလည်း သိသာစွာ ပြောင်းလဲခဲ့တာအားလုံးအသိဖြစ်ပြီး အဲဒီနှစ်ကာလတွေအတွင်း ဒေသခံပြည်သူတွေနဲ့ရဲဘော်အပေါင်းတို့ ကိုယ်ရောစိတ်ပါ ခက်ခဲကြမ်းတမ်းတဲ့ကာလ ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့အချိန်လို့ မှတ်ယူကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောပါတယ်။
“အခုလိုမိမိတို့ ဒေသတွင်း တိုက်ပွဲရပ်နားချိန်အတွင်းမှာ မိဘပြည်သူများနဲ့ ရဲဘော်တို့က ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့လက်တွဲပြီးမိမိတို့ ဒေသတည်ငြိမ်လုံခြုံအေးချမ်းစေရေးအတွက် စုပေါင်းအားနဲ့ တာဝန်ယူကြရမှာဖြစ်တယ်။တိုက်ပွဲကာလအတွင်းနစ်နာဆုံးရှုံးကြတဲ့ဒေသခံလူထုတွေရဲ့ အိုးအိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ အများပြည်သူသုံး အဆောက် အအုံ၊ ဆေးရုံနဲ့လမ်းတံတားတွေကို တတ်နိုင်သမျှ ပြုပြင်သွားရမှာဖြစ်ပါတယ်”လို့လည်း ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ပြောပါတယ်။
ဒါ့အပြင်ဒေသစွဲမျိုးနွယ်စွဲစိတ်ခံစားမှုတွေကို ပယ်ဖျက်ကြ ပြီး အပြန်အလှန်သွားလာကူညီဖေးမကြဖို့လိုအပ်ကြောင်းပြောကာဒေသတွင်းရှိအခြားဒေသခံ တိုင်းရင်းသားညီအကိုတွေနဲ့လည်း မတူကွဲပြားတဲ့ ကိုးကွယ် ရာဘာသာ၊ ရိုးရာဓလေ့၊ နောက်ခံသမိုင်းကြောင်းတွေကို အပြန်အလှန်လေးစားမှုထားရှိ လက်တွဲနေထိုင်သွားကြရမယ်လို့ မှာကြားပါတယ်။
“ပြောင်းလဲလာတဲ့ ဒေသအခြေအနေနဲ့တိုးတက်မှုတွေကိုနားလည်လက်ခံပြီးအတူရင်ဆိုင်ကျော်လွှားနိုင်ဖို့လည်း လိုအပ် ပါတယ်။ယခုတအာင်းနယ်မြေအတွင်း နှစ်ပေါင်း (၇၀) နီးပါး စစ်အစိုးရအဆက်ဆက်ရဲ့ အုပ်ချုပ်ရေးယန္တယားနဲ့ လည်ပတ်ခဲ့တာ ဖြစ်တဲ့အတွက် လူမျိုးတမျိုးတည်းရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်အောက် ကြီးပြင်းလာကြတဲ့အတွက် မြေပြင်ပကတိမှာ စုပေါင်း နေထိုင်ကြတဲ့ မိမိတို့ နယ်မြေခံ ဒေသခံတိုင်းရင်းသားအချင်းချင်း ချစ်ခင်ရင်းနှီးစွာနဲ့ အတူယှဉ်တွဲနေထိုင်တတ်ဖို့ မေ့လျော့နေခဲ့ ကြတာဖြစ်တယ်” TNLA ဥက္ကဋ္ဌက ပြောပါတယ်။
ဒေသအတွင်းမှာ တအာင်း၊ကချင်၊ ရှမ်း၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့်နဲ့ အခြားတိုင်းရင်း သားများစွာ စုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက် လူမျိုးတမျိုးနဲ့တမျိုး မေတ္တာတရားနဲ့ အတူနေထိုင်သွားရမှာဖြစ်ကြောင်းတိုက်တွန်းပါတယ်။
ဒေသရဲ့ အခြေအနေ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်ပြီး သတိဝိရိယရှိစွာနဲ့ သွားလာနေထိုင်ကြဖို့ လည်း မေတ္တာရပ်ခံခဲ့ပါတယ်။
တအာင်းတော်လှန်ရေးနေ့အခမ်းအနားကို ညီနောင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုးကန့်တပ်မတော်(MNDAA)နဲ့ အာရက္ခတပ်တော်(AA)တို့ကလည်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ဒီကနေ့ ကျရောက်တဲ့ (၆၃) နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို တအာင်းပြည်သူတစ်ရပ်လုံးမှလည်း ဂုဏ်ယူ ဝင့်ကြွားစွာ ကျင်းပနေကြတာကို တွေ့မြင်ရလို့ များစွာ ဂုဏ်ယူ ကျေနပ် ပီတိဖြစ်ရဟု ဖော်ပြပါတယ်။
“အခြားတစ်ဖက်တွင်ယခုကဲ့သို့အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ PSLF/TNLA အဖွဲ့အစည်းနှင့် တအာင်းလူမျိုးများ၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှု၊ ပြောင်းလဲမြန်ဆန်နေသော မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲအကြားတွင် စစ်ရေးကို ညီနောင်မဟာမိတ်၊ မိတ်ဖက်အဖွဲ့အစည်းများအပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့နောက်ပိုင်း ပေါ်ပေါက်လာခဲ့ကြသော မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ ကြီးမားသော ဟန်ချက်ညီစစ်ဆင်ရေးတစ်ရပ်အား အချိန်ကိုက်ပြုလုပ်နိုင်ခဲ့သောကြောင့်ဖြစ်သည်” လို့ MNDAAနဲ့ TNLA ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင်မိမိတို့အနေနဲ့ စစ်အာဏာရှင်စနစ်ကိုတော်
လှန်နေကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒနဲ့ မိမိတို့ဟာ ထပ်တူကျတဲ့အပြင် အဖိနှိပ်ခံဘဝတူများအဖြစ် အမြဲတမ်း အတူရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။
တအာင်းတော်လှန်ရေးနေ့ အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)-MDY PDF၊ မိုးကုတ်ဗျူဟာနဲ့ ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်(DPLA)တို့ကလည်း ဝမ်းမြောက် ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)အထူးလှုပ်ရှားတပ်မသည် တအာင်းဒေသတွင်သန္ဓေတည်မွေးဖွားခဲ့သော တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်အားလျော်စွာ PSLF/TNLA နှင့် တအာင်းပြည်သူလူထု၏ ကျေးဇူးတရားများသည်ကျွန်ုပ်တို့အပေါ်တွင် နက်နက်ရှိုင်းရှိုင်း တည်ရှိပြီးထိုကျေးဇူးတရားများကို အစဥ်အမှတ်ရနေမည်ဟုလည်းဖော်ပြသည်။
ထိုအပြင် မန္တလေး(PDF) အထူးလှုပ်ရှားတပ်မအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ တအာင်းအမျိုးသားများနှင့်အတူလက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

















































