စစ်တပ်စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့၊ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ဟု ပဲခူးတိုင်းစစ်ဌာန ထုတ်ပြန်
လက်နက်ခဲယမ်းတွေသိမ်းရ၊ စစ်တပ်ဖမ်းထားတဲ့ ပြည်သူ ၈ဦးကို စိစစ်လွတ်ပေးခဲ့ဟုဆို
ဇန်နဝါရီ-၉ ၊၂၀၂၆။ မိုမို/People’s Spring
အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းခဲ့တယ်လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဒီကနေ့(ဇန်နဝါရီ ၈ ရက်) မနက်အစောပိုင်းကစပြီး တောကျွဲအင်းမြို့၊ သာယာကုန်းမြို့၊ အုတ် တွင်းမြို့နယ်၊ ညောင်ခြေထောက်၊ ကျွဲပွဲကြားနဲ့ စည်ပင်သာကျေးရွာတွေမှာရှိတဲ့ စခန်း ၁၄ခုကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။
တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တ ရားအဆောက်အအုံများ၊ ရွေးကောက်ပွဲကော်မရှင်ရုံး နဲ့ နယ်မြေရဲစခန်းတို့ကို မီးရှို့ရှင်းလင်းခဲ့ပြီး မြို့ကိုလည်း ခေတ္တခဏ ထိန်းချုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် တောကျွဲအင်းမြို့နယ်မြေရဲစခန်းမှာ စစ်တပ်ကဖမ်းဆီး ချုပ်နှောင်ထားတဲ့ ပြည်သူ (၈) ဦးကို စီစစ်ပြီး လွှတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ညောင်လေးပင်မြို့နဲ့ ပိန်းဇလုပ်မြို့ကြားက ရန်ကုန် – မန္တလေးလမ်းဟောင်းမှာလည်း လုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီမနက်စစ်ဆင်ရေးကို အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၃) ကွပ်ကဲမှုအောက်ရှိ အမှတ်(၃၅၀၂) တပ်ရင်း၊ ဗျူဟာ(၂၄) ကွပ်ကဲမှုအောက်ရှိ P27803 အာဠာဝကတပ်ရင်း၊ P23503 ဒေါင်းဖြူတပ်ရင်း၊P29903 နဂါးနီတပ်ရင်းတွေ ပါဝင်ပါတယ်။
ဗျူဟာ(၂၅) ကွပ်ကဲမှုအောက်က အမှတ်(၃၇၀၂) တပ်ရင်း၊ P29914 အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ(၂၆) ပူးပါင်းတပ်ဖွဲ့ နဲ့ အုတ်တွင်းမြို့နယ်ပကဖ၊ ဖြူးမြို့နယ်ပကဖတို့လည်း စစ်ဆင်ရေးမှာ ပူးပေါင်းခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ပါတယ်။
ကျောက်တံခါးမြို့နယ်၊ သာယာကုန်းမြို့၊ မီး ရထားလမ်းတံတားမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ဂိတ်စခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၉)က ပူးပေါင်းစစ်ဆင်ရေးအနေနဲ့ တိုက်ပွဲ ဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တောင်းမြစ်ဝှမ်းဒေသ အောင်မြင်စစ်ဆင်ရေးအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပဲခူးတိုင်းစစ်ဌာန နယ်မြေအတွင်း စစ်ဆင်ရေးတွေ တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေအနီးဝန်းကျင်ကိုမလိုအပ်ဘဲ သွားရောက်တာမလုပ်ဖို့နဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ ပဲခူးတိုင်းစစ်ဌာနက တိုက်တွန်းထားပါတယ်။
(အောင်မြင်စစ်ဆင်ရေးအဖြစ် တောကျွဲအင်းမြို့(အောင်မြင်မြို့)အပါအဝင် ရန်ကုန် – မန္တလေးလမ်းဟောင်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ချေးမှုန်းအပြီး မြင်ကွင်း။ ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန)




















































