ဇန်နဝါရီ-၇၊ ၂၀၂၆။ ရှိန်း/People’s Spring
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ဟင်္သာမရွာကို မီးရှို့နေတဲ့ စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြစ်လယ်က သံခွန် သင်္ဘောပေါ်တည့်တည့်ကျပြီး နစ်မြှုပ်ကာ အမျိုးသား ၁ဦး သေဆုံး၊ ၈ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၂ရက်ကစတင်ပြီး စဉ့်ကူးမြို့နယ် အနောက်ခြမ်းကို ဝင်ရောက်နေတဲ့ စစ်အုပ်စုဟာ ကျေးရွာတွေကို မီးလိုက်ရှို့နေပြီး ဇန်နဝါရီ ၅ရက်နဲ့ ၆ရက်တို့မှာ ဟင်္သာမရွာနဲ့ ကြက်တူရွေးရွာတို့ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတပ်ကပဲ မနေ့ ညနေပိုင်းမှာ စစ်ရှောင်တွေရှိတဲ့ ရေလယ်ခေါင်က ကျွန်းတွေနဲ့ မြစ်လယ်က စက်လှေတွေကို ဒရုန်းနဲ့ ဗုံးလိုက်ကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
မနေ့ညနေပိုင်းက ဗုံးကြဲခံရမှုမှာ သံခွန်သင်္ဘော ပေါ်ကျပြီး မန္တလေးမြို့က အသက်၃၀ အရွယ် အမျိုးသား ၁ဦး သေဆုံးကာ အမျိုးသား ၅ဦးနဲ့ အမျိုးသမီး ၃ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။
“ ပြေးစရာ မြေမရှိတော့ စက်လှေတွေနဲ့ မြစ်ထဲထွက်နေရတာ။ အဲတာကို လက်နက်ကြီးတွေနဲ့ပစ်၊ ဒရုန်းနဲ့ ဗုံးချလုပ်နေတာ။ သေတဲ့ သူက မန္တလေးကလို့ သိရတယ်။ သံခွန်သင်္ဘောတွေလည်း ဒီဘက်မှာပိတ်မိနေတာများတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က အဲဒီဒေသမှာ စဉ့်ကူးမြို့နယ်နဲ့ ဝက်လက်မြို့နယ်နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးနေတာမို့ ဒေသခံတွေဟာ စက်လှေတွေနဲ့ ဧရာဝတီမြစ်အတွင်း နေထိုင်နေရတယ်လို့ သိရပါတယ်။

















































