ဇန်နဝါရီ – ၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring
လာမယ့် ရက်ပိုင်း ဇန်နဝါရီလ ၁၁ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း (၂) မှာမဲပေးကြဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးစီးပြီး မန္တလေးမြို့မှာ ဒီနေ့ (ဇန်နဝါရီ ၉ ရက် ) မှာ လက်ကမ်းစာစောင်ဝေငှနေပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်တွေကို စစ်သား ၊ ရဲ ၊ ယာဉ်ထိန်း ၊ မီးသတ် ၊ စည်ပင်နဲ့ ထွေအုပ်တို့ ပူးပေါင်းပြီး လမ်းသွားလမ်းလာတွေကို လိုက်လံဝေငှတာလည်း ဖြစ်ပါတယ်။
“မနက်ပိုင်းအလုပ်သွားချိန် လမ်းတော်တော်ပိတ်သွားတာ၊ ကားကိုတစ်စီးချင်းစီပေးသွားတာ”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပေါ် မန္တလေးမှာ လူထုက စိတ်ဝင်စားမှုနည်းပါးတဲ့အတွက် မဲစာရင်းကြည့်ဖို့၊မဲသွားပေးကြဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေက တဆင့် ဖိအားပေးတာတွေရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီ ၁၁ရက်မှာပြုလုပ်မယ့် ရွေးကောက် ပွဲ အပိုင်း(၂)မှာ မန္တလေးတိုင်းထဲကစဉ့်ကိုင် ၊ကျောက်ပန်းတောင်း၊ တံတားဦး ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ ၊ ဝမ်းတွင်း ၊သာစည် ၊ အမရပူရ နဲ့ မတ္တရာ စတဲ့ မြို့နယ် ၉ ခုပါဝင်နေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်မှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁)မှာတော့ မန္တလေးတိုင်းထဲက မြို့နယ် ၈ ခုမှာ ပါဝင်ခဲ့ပြီး ကျောက်ဆည် ၊ ညောင်ဦး၊ပြင်ဦးလွင်၊ချမ်းအေးသာစံ ၊ မိတ္ထီလာ၊ပျော်ဘွယ် ၊ ရမည်းသင်း နဲ့အောင်မြေသာစံမြို့နယ် တို့ဖြစ်ပါတယ်။
















































