ဗြိစ္ဆာ/People’s Spring
ဒီနေ့တော့ ရုပ်ရှင်ကားတစ်ကားကြောင့် အသည်းကွဲရတဲ့အကြောင်း ပြောပြချင်တာပါ။ ပြည်သူတွေကို လေကြောင်းကနေ ရက်ရက်စက်စက်တိုက်ခိုက်သတ်ဖြတ်၊ နေ့စဥ် မတရားဖမ်းဆီး၊ ခေါင်းပြားအောင် အိပ်ခွင့်မရတဲ့ အခြေအနေမှာ ရုပ်ရှင်ကားတစ်ကားအကြောင်း ထည့်ပြောရလောက်အောင် ဘာများ ထူးဆန်းနေပါသလဲ။
နိုင်ငံတကာမှာ စတင်ရုံတင်ပြသနေပြီဖြစ်တဲ့ AVATAR ရုပ်ရှင်တွေရဲ့ တတိယပိုင်း Avatar Fire and Ash ဟာ ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုကို ထုံးစံအတိုင်း ခံယူနေပါတယ်။ ကမ္ဘာကျော်ဒါရိုက်တာကြီး James Cameron ရဲ့လက်ရာမို့ အထူးပြောစရာ မလိုတော့ပါဘူး။
ပထမဆုံး AVATAR ရုပ်ရှင်ကို ၂၀၀၉ ခုနှစ်မှာ ရုံတင်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ရုံတင်တော့ ကြည့်မိတဲ့အချိန် သိပ်ကိုသဘောကျခဲ့ရတဲ့ ရုပ်ရှင်ပါ။ အများသိကြတဲ့အတိုင်း ပန်ဒိုရာဂြိုလ်ကြီးပေါ်က လူမျိုးစုတစ်စုရဲ့ နေရာကို လူတွေက အတင်းနယ်ချဲ့ သိမ်းပိုက်လိုက်လို့ မခံချင်စိတ်ဖြစ်ပြီး ပြန်ပြီး တော်လှန်ကြတဲ့ ဇာတ်လမ်းပါ။ ဒါပေမယ့် မတူထူးခြားတဲ့ ဆက်တင်အပြင်အဆင်တွေကြောင့် AVATAR ကို ရုပ်ရှင်ပရိသတ်တွေ သဘောကျခဲ့ကြတယ်။ ကျနော်လည်း သိပ်ကိုကြိုက်ခဲ့တယ်။

Public Service Announcement
နံပါတ် ၂ ရုပ်ရှင်ဖြစ်တဲ့ Avatar: The Way of Water ရုပ်ရှင်ကိုတော့ အာဏာသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ပါတယ်။ စိတ်ညစ်ညူးစရာကာလမို့ ရုပ်ရှင်တွေ ရုံမှာ သွားမကြည့်ဖြစ်တော့ပေမဲ့ ဒီရုပ်ရှင်ကိုတော့ ကျနော် ကြည့်ချင်ခဲ့မိတာ ဝန်ခံပါတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ ရောက်နေတဲ့သူတွေက သွားကြည့်ပြီး ခမ်းနားတဲ့ ရေအောက်ရိုက်ချက်တွေနဲ့ သိပ်ကိုကြည့်ကောင်းတယ်ဆိုပြီး ရေးကြတဲ့အခါ ကြည့်ချင်ခဲ့မိတယ်။
ဒါပေမယ့် ဒီရုပ်ရှင်ကို မြန်မာနိုင်ငံမှာ ရုံတင်နိုင်ခြင်း မရှိပါဘူး။ အကြောင်းရင်းကတော့ စစ်တပ်ကအာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံကို ဘန်း(ပိတ်ဆို့)ထားတာကြောင့် ရုံပေးမတင်တာပါတဲ့။AVATAR ရဲ့တတိယပိုင်းရုပ်ရှင်ကလည်း အလားတူပဲ မြန်မာပြည် ရုံပေးမတင်ခဲ့ပါဘူး။ မြန်မာပြည်က AVATAR ပရိသတ်တွေ ထပ်အသည်းကွဲခဲ့ရပြန်တယ်။
မြန်မာပြည်မှာ လက်ရှိ နိုင်ငံခြားရုပ်ရှင်ကားတချို့ ရုံတင်ပေမယ့် နာမည်ကြီးတဲ့ကားတွေဆို မရတတ်ပါဘူး။ တင်တဲ့ကားတွေကိုလည်း ကြားခံနိုင်ငံတခုကနေတဆင့် ငှားပြရတယ်လို့ သိရတယ်။ နောက်ထပ် နိုင်ငံတကာရုပ်ရှင်ပရိသတ်တွေကို အနှောင့်အယှက်ပေးနေတဲ့ ကိစ္စတစ်ခုကလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ အာဏာသိမ်းစစ်တပ် စိတ်တိုင်းကြခြယ်လှယ်နေသလို ၊အနုပညာရှင်အများစုကိုယ်တိုင်စစ်တပ်ဝါဒဖြန့်ချီရေးမှာပျော်ပျော်ကြီးပါဝင်နေတဲ့ မြန်မာရုပ်ရှင်လောကပါ။
နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ပရိသတ်အကြည့်များတဲ့ပွဲချိန်တွေ၊ မြို့လယ်ရုံတွေမှာ ပေးမတင်ဘူးလို့ သိရတယ်။ လူကြည့်နည်းတဲ့ မနက် ဆယ်နာရီပွဲလို ညနေ ခြောက်နာရီပွဲလိုအချိန်တွေကိုပဲ နိုင်ငံခြားကား ပေးပြပါတယ်။ လူကြည့်များတဲ့အချိန်တွေမှာတော့ မြန်မာဇာတ်ကားသာ ရုံတင်ပေးရတယ်လို့ သိရတယ်။
မြန်မာ့ရုပ်ရှင်ဘက် ကြည့်မယ်ဆိုရင်လည်း အာဏာသိမ်းကာလမတိုင်မီကဆို မြန်မာ့ရုပ်ရှင်လောကမှာ ဇဏ်ခီတို့ဇနီးမောင်နှံ၊ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံ၊ ဒါရိုက်တာထူးပိုင်ဇော်ဦး စတဲ့အနုပညာရှင်တွေကြောင့် ကျနော်တို့ လတ်ဆက်တဲ့ အနုပညာ၊ သစ်လွင်တဲ့ အနုပညာတွေ စားသုံးခွင့် ရခဲ့ကြပါတယ်။ အခုတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါဇာတ်ကားတွေနဲ့ ပေါသရုပ်ဆောင်တွေနဲ့သာ မြန်မာရုပ်ရှင်ဟာ ဟိုးအောက်ဆုံးထိ ပြန်ဆင်းသွားခဲ့ရပါပြီ။
AVATAR 2 ရုပ်ရှင် ဒစ်ဂျစ်တယ်ထွက်တော့ကျနော် မကြည့်ဖြစ်ခဲ့ပါဘူး။ ရုပ်ရှင်ရုံထဲမှာ မြင်ကွင်းအကျယ်ကြီးနဲ့ အသံတွေရုပ်တွေကောင်းကောင်းနဲ့ ကြည့်ရမယ့်ရုပ်ရှင်ကို ကျနော် ဖုန်းနဲ့မပြောနဲ့ တီဗွီနဲ့တောင် အစားထိုး မကြည့်နိုင်ခဲ့ပါဘူး။ ဒါကလည်း ရုပ်ရှင်ဝါသနာအိုးတွေ ခံစားချက်တူညီကြမယ်လို့ ထင်ပါတယ်။
တလောကလည်း နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေကို ဘာသာပြန်တင်ဆက်ပေးနေတဲ့ Channel Myanmar ဝက်ဆိုက်ကို စစ်ကောင်စီကပိတ်သိမ်းစေခဲ့ပြန်ပါတယ်။ နိုင်ငံခြားရုပ်ရှင်ဝါသနာအိုးတွေ ဒေါသထွက်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ သူတို့ကို တော်လှန်နေကြလို့ ရုပ်ရှင်နဲ့ စာပေဘက်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးတာပါ။ သူတို့သာ အပြည့်အဝ ထိန်းချုပ်ခွင့်ရသွားခဲ့မယ်ဆိုရင် အနုပညာရသခံစားမှုတွေ ပိုလို့ဆိတ်သုဥ်းရဦးမှာပါ။ ဘာကြောင့်လဲဆိုရင် စစ်အာဏာရှင်တွေဟာ လွတ်လပ်စွာဖန်တီးမှု ၊တွေးခေါ်မှုတွေကို မကြိုက်ကြလို့ပါ ။ အခုကိုလည်းစစ်တပ်အာဏာသိမ်းပြီး ၅ နှစ်နီးပါးအတွင်းပြည်တွင်းရုပ်ရှင်လောကဟာ ဇောက်ထိုးဆင်းသွားခဲ့ပြီဖြစ်ပါတယ် ။ ပြည်တွင်းရုပ်ရှင်လောကတခုလုံးနီးပါး စစ်တပ်အတွက် ဝါဒဖြန့်ပေးဖို့ နေရာရဖို့ ၊စစ်တပ်စိတ်တိုင်းကျခြယ်လှယ်မှု အရည်အချင်းရှိသူတွေလျော့ပါးလာမှုကြောင့် ပြည်သူတွေခံစားချက်တွေရဲ့ အဝေးမှာ ပေါလောကဖြစ်လာခဲ့ပါပြီ ။
ရှေ့အနာဂါတ်မှာလည်း စစ်အာဏာရှင်တွေကိုသာမဖြုတ်ချနိုင်ရင် အခုထက်ပိုဆိုးလာမှာပါ။စစ်အုပ်စုအကြိုက်ထုတ်လွှင့်တဲ့ စုတ်တီးစုတ်ချာဇာတ်ကားတွေ၊ ဝါဒဖြန့်ဇာတ်ကားတွေသာ ကျနော်တို့ ကြည့်ကြရတော့မှာပါ။ အာဏာရှင်ဟာ ဘယ်သူ့အိမ်တံခါးမှ မခေါက်ဘဲ မနေပါဘူး။


















































