close
Connect with us

Hi, what are you looking for?

သတင်း

Mytelနဲ့သက်ဆိုင်တဲ့ အကောင့်ပေါင်း ၁၀၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်ဖယ်ရှား

စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytelနဲ့ ဆက်စပ်တဲ့ အကောင့်တွေ၊ Group တွေ အပါအဝင် အကောင့်ပေါင်း ၁,၀၀၀ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

ဇန်နဝါရီ-၉၊၂၀၂၆။တေဇ/People’s Spring

စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytelနဲ့ ဆက်စပ်တဲ့ အကောင့်တွေ၊ Group တွေ အပါအဝင် အကောင့်ပေါင်း ၁,၀၀၀ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar က အသိပေးထားပါတယ်။

Mytel ရဲ့ပေ့ခ်ျအပါအဝင် Mytel ရဲ့ကိုယ်စားလှယ်တွေ လက်လီ‌အရောင်းဆိုင်တွေရဲ့အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်ကဖယ်ရှားလိုက်တာဖြစ်ပြီး ဒီလုပ်ဆောင်မှုက စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဆက်သွယ်ရေးကွန်ရက်ရဲ့ အွန်လိုင်းတည်ရှိမှုအပေါ် ထိုးနှက်ချက်ဖြစ်နိုင်တယ်လို့ JFM က ဆိုပါတယ်။

ဖေ့စ်ဘွတ်ခ်က ၂၀၂၁ ကတည်းက စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့တဲ့ မူဝါဒချမှတ်ခဲ့တာဖြစ်ပြီး Mytel ပေ့ခ်ျကို ပိတ်သိမ်းဖူးတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် Mytel အနေနဲ့ အကောင့်အသစ်‌တွေ ထပ်ဖွင့်ပြီး ဖေ့စ်ဘွတ်ခ်ဘက်က ပိတ်ပင်မှုတွေကိုရှောင်ရှားခဲ့တာလို့ဆိုပါတယ်။

ဒါကြောင့် Mytel နဲ့သက်ဆိုင်တဲ့အကောင့်တွေအကြောင်းကို JFM အနေနဲ့ ဖေ့စ်ဘွတ်ခ်ဆီကို ဒီတစ်ပတ်အတွင်းမှာ တိုင်ကြားခဲ့တာဖြစ်ပြီး အကောင့်တွေအကြောင်း သတင်းပေးပို့ခဲ့သူတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

Mytel ကုမ္ပဏီကို စစ်ကောင်စီရဲ့စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနဲ့ မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်တယ်လို့သိရပါတယ်။

Mytel ကုမ္ပဏီက စစ်တပ်ကို အခွန်ဝင်ငွေတွေ နဲ့ နည်းပညာတွေ ပေးနေတာဖြစ်ပြီး စောင့်ကြည့်ထောက်လှမ်းတာတွေ သတင်းအချက်အလက် စိစစ်ဖြတ်တောက်တာတွေမှာလည်းကူညီပေးတယ်လို့ JFM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel သည် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။” လို့ JFM ကထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်အနေနဲ့ Mytel လုပ်ငန်းလည်ပတ်မှု (၅) နှစ်မှ (၉) နှစ်အတွင်း ရှယ်ယာပိုင်ဆိုင်မှုကနေ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ပြီး နောက်ထပ် (၅) နှစ်အတွင်းမှာ နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်တယ်လို့ Mytel ရဲ့ အမြတ်ငွေ ခန့်မှန်းချက်အရသိရတယ်လို့ JFM ကဆိုပါတယ်။

အဲဒီအမြတ်တွေက Mytel ကိုပိုင်ဆိုင်တဲ့ စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် ဖြစ်နေတယ်လို့ ထောက်ပြထားပါတယ်။

Mytel Application ကို Google Store ၊ Apple Store တို့အပါအဝင် အခြားနည်းပညာကုမ္ပဏီတွေအနေနဲ့ ပိတ်ပင်အရေးယူမှုတွေပြုလုပ်ဖို့ JFM ကတောင်းဆိုထားပါတယ်။

JFM က တိုင်ကြားမှုတွေကြောင့် ဖေ့စ်ဘွတ်ခ် ၊ ယူကျူ့ အပါအဝင် နည်းပညာကုမ္ပဏီတွေက စစ်တပ်နဲ့သက်ဆိုင်တဲ့ အကောင့်တွေကို သူတို့ရဲ့ ပလက်ဖောင်းတွေကနေ ဆက်တိုက်ဖယ်ရှားနေတာဖြစ်ပါတယ်။

စစ်တပ်အတွက် ဝါဒဖြန့်နေတဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)အပါအဝင် မြန်မာရေဒီယိုလိုင်း ၁၄ ခုကို Amazon ကုမ္ပဏီပိုင်တဲ့ ဗီဒီယိုပလက်ဖောင်း Twitch ကနေ ပိတ်လိုက်တာဖြစ်ပြီး သူတို့ရဲ့ ဝဘ်ဆိုဒ် နဲ့ Google၊ Apple App Store တွေမှာရှိတဲ့ မိုဘိုင်း Apps တွေကနေလည်း ဖယ်ရှားခဲ့တာပါ။

Twitch က ဖယ်ရှားခံရပြီးချိန်မှာ စစ်ကောင်စီဘက်က တိုက်ရိုက်ထုတ်လွှင့်မှုတွေအတွက် ဩစတေးလျ နည်းပညာကုမ္ပဏီ Kick ကို အသုံးပြုခဲ့ပေမယ့် ကုမ္ပဏီဘက်က ၂၄ နာရီ မပြည့်ခင်မှာပဲ ဖယ်ရှားခံခဲ့ရပါတယ်။

ဖေ့စ်ဘွတ်ခ်က အင်္ဂလိပ်ဘာသာနဲ့ ထုတ်လွှင့်တဲ့ MITV ရဲ့ အကောင့်ကို ဖျက်သိမ်းခဲ့သလို Alphabetပိုင်ဆိုင်တဲ့ ယူကျူ့ကလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကောင့်တစ်ခု နဲ့ MITV ရဲ့ ယူကျူ့ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ မြဝတီသတင်းစာနဲ့ ဆက်နွှယ်နေတဲ့ ရတနာပုံသတင်းစာရဲ့အကောင့်တွေကိုလည်း ဖေ့စ်ဘွတ်ခ်နဲ့ MediaFire ဝဘ်ဆိုဒ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ JFMက ဆိုပါတယ်။ စစ်တပ်က သူတို့ရဲ့ဖေ့စ်ဘွတ်ခ်အကောင့်တွေကနေ မျှဝေတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ PDFဖိုင်တွေကို MediaFire မှာ သိမ်းဆည်းတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ