စက်တင်ဘာ-၂၄၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ် မြင်းမူမြို့နယ်အပိုင်းထဲမှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကြပ်ထားလို့ လမ်းပိုင်းကို ခေတ္တအသုံးမပြုကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတိပေးပါတယ်။
မုံရွာ-မန္တလေးလမ်းမကြီးပေါ်မှာ ဒီကနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက မြင်းမူမြို့နယ်ထဲက အလ္လကပ္ပ-တောချောင်းဦး-ကံရင်း-မလဲသာ လမ်းပိုင်းတလျှောက် စစ်ကောင်စီတပ်က ကင်းပုန်းဝပ် ဖမ်းဆီးတာ ၊ ပေါ်တာဆွဲတာ၊ လက်နက်ကြီး လက်နက််ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အသုံးပြုသွားလာတာတွေ မလုပ်ဖို့နဲ့ မဖြစ်မနေသွားရမယ်ဆိုရင် နီးစပ်ရာ ဒေသကာကွယ်ရေးအဖွဲ့များထံ အသိပေးအကြောင်းကြားပြီးမှ သွားလာကြဖို့ မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးကထပ်မံအသိပေးပါတယ်။

Public Service Announcement
“ မနေ့ကတည်းက မုံရွာ-မန္တလေး မြင်းမူလမ်းပိုင်း တောက်လျှောက်လုံခြုံရေးတင်းကြပ်ထားတာတွေ့ရတယ်။ ကင်းပုန်းတွေလည်း နေရာအနှံ့ချထားတယ်။ ဘာလမ်းကြောင်းရှိလို့လည်းမသိဘူး။” လို့ ဒေသခံတဦးကပြောပါတယ်။
သွားလာမိတဲ့ ခရီးသွားကားတွေပေါ်က ပြည်သူတွေကိုလည်း လမ်းပေါ်ဆင်းခိုင်းပြီး မိုင်းရှာခိုင်းတာတွေရှိနေတယ်လို့ ခရီးသွားခဲ့သူတွေကပြောပါတယ်။
မုံရွာ-မန္တလေးလမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စစ်ကောင်စီဂိတ်နဲ့ စစ်အုပ်စုယာဥ်တချို့တိုက်ခိုက်ခံခဲ့ရလို့ လမ်းပိုင်းရက်အနည်းငယ် ပိတ်ထားခဲ့ရပါသေးတယ်။
