close
Connect with us

Hi, what are you looking for?

အတွေးအမြင်

ယဉ်ကျေးမှုတစ်ခုကိုထိန်းသိမ်းခြင်း

ကျေးဇူးပြုပြီးအခုဆောင်းပါးကိုဆုံးအောင်ဖတ်ပေးဖို့တောင်းဆိုပါရစေ။ ဆောင်းပါးရဲ့အဓိက အကြောင်းအရာကလူတွေစာမဖတ်ကြတော့တဲ့အကြောင်းဖြစ်ပါတယ်။ အတော်အရေးကြီးတဲ့ ပြဿနာလို့အခုဆောင်းပါးရှင်ကယူဆမိလို့ပါ။

မောင်ငယ်လေးရေးသားသည်။

ကျေးဇူးပြုပြီးအခုဆောင်းပါးကိုဆုံးအောင်ဖတ်ပေးဖို့တောင်းဆိုပါရစေ။ ဆောင်းပါးရဲ့အဓိက အကြောင်းအရာကလူတွေစာမဖတ်ကြတော့တဲ့အကြောင်းဖြစ်ပါတယ်။ အတော်အရေးကြီးတဲ့ ပြဿနာလို့အခုဆောင်းပါးရှင်ကယူဆမိလို့ပါ။

ဇာတ်လမ်းက’ဂူတင်ဘတ်’ကစပါတယ်။ ဂူတင်ဘတ်ဆိုတဲ့ဂျာမန်လူမျိုးတစ်ယောက်ဟာပုံနှိပ်စက်ဆိုတဲ့အရာကို၁၄ရာစုမှာတီထွင်လိုက်ပါတယ်။ သမိုင်းမှာတော့သတင်းအချက်အလက်တော်လှန်ရေး (Information Revolution)လို့တချို့က ခေါ်ကြပါရဲ့။ လူတွေစာဖတ်ကြပြီပေါ့။

သတင်းအချက်အလက်တွေ၊ရသတွေဝေမျှခွင့်ရပြီပေါ့။တစ်ယောက်ရဲ့စိတ်ကူးအတွေးအခေါ်ကိုတခြားသူတွေလေ့လာခွင့်ရပြီပေါ့။ စာအုပ်ဆိုတာလူ့ဘဝမှာ ပေါ်ပေါက်လာပြီပေါ့။သတင်းစာရယ်၊ကော်ဖီရယ်ဟာမနက်ခင်းရဲ့ရသဖြစ်လာခဲ့ပြီပေါ့။

Public Service Announcement

Public Service Announcement

လူ့ယဉ်ကျေးမှုကဒီမှာစတင်တာပါပဲ။ ‘လူသားတွေရဲ့သွေးမထွက်၊လက်နက်မပါတဲ့တော်လှန်ရေး’လို့ ပြောရမှာပါပဲ။အစောပိုင်းမှာတော့စာဖတ်တယ်ဆိုတာလူ့မလိုင်တွေရဲ့အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်၁၈ရာစုကိုရောက်လာတဲ့အခါတော့ ပညာရေးတိုးတက်လာတာနဲ့ပုံနှိပ်စက်တွေ တိုးပွားလာတာနဲ့အတူအလွှာအသီးသီးကလူတွေစာဖတ်လာကြပါတယ်။ သူဌေး၊လူလတ်တန်းစား၊ လူဆင်းရဲအလွှာအားလုံးစာဖတ်လာကြတယ်။ ‘ဉာဏ်သစ်တော်လှန်ရေး’လို့ ခေါ်ရမယ်ထင်ပါတယ်။

ဗြိတိန်မှာ၁၈ရာစုအစောပိုင်းမှာစာအုပ်ရိုက်တဲ့အခါအုပ်ရေ၆,၀၀၀ရှိရာကနေဆယ်စုနှစ်အနည်းငယ်အကြာမှာအုပ်ရေ၅၆,၀၀၀ကျော်လာခဲ့ပါတယ်။ဂျာမဏီမှာတော့ ၁၈ ရာစုအတွင်းမှာပဲထွက်လာတဲ့စာစောင်အရေအတွက်ဟာတစ်သန်းကျော်ပါသတဲ့။စာဖတ်ကြတဲ့ခေတ်ကြီးပေါ့။

သမိုင်းပညာရှင်ဆိုင်မွန်ရှာမာကတော့ ၁၈ ရာစုအတွင်းမှာပြင်သစ်နိုင်ငံရဲ့စာတတ်မြောက်မှုနှုန်းဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၂၀ရာစုနှုန်းထက်မြင့်တယ်လို့ဆိုပါတယ်။ လေ့လာသူတွေက ”စာဖတ်မှုတော်လှန်ရေး” (Reading Revolution)လို့လည်းခေါ်ကြပါတယ်။ ဂူတင်ဘတ်ကို ကျေးဇူးတင်ကြောင်းထပ်ပြောပါရစေ။

ဇာတ်လမ်းကမဆုံးသေးပါဘူး။ဆောရီးပါဂူတင်ဘတ်။၁၈ ရာစုနောက်ပိုင်းနောက်နှစ်ပေါင်း၃၀၀လောက်အကြာမှာတော့စာဖတ်ခြင်းဟာပြတိုက်ထဲကိုရောက်သွားခဲ့ပါပြီ။ အမေရိကန်ပြည်ထောင်စုမှာစာဖတ်အားက ၄၀ ရာခိုင်နှုန်းအထိကျသွားခဲ့ပါပြီ။ ဗြိတိန်မှာတော့အရွယ်ရောက်ပြီးသူတွေရဲ့သုံးယောက်မှာတစ်ယောက်ဟာစာမဖတ်တော့ဘူးလို့စစ်တမ်းမှာဖြေဆိုကြပါတယ်။(ကျန်တဲ့နှစ်ယောက်စာဖတ်တယ်လို့လိမ်ပြောနေတာလည်းဖြစ်နိုင်ပါတယ်)

နာဇီဂျာမန်တွေခေတ်မှာသူတို့မကြိုက်တဲ့စာအုပ်တွေကိုမီးရှို့ပွဲတွေလုပ်ခဲ့ကြတယ်။အခုတော့လူတွေ ကိုယ်တိုင်ကစာအုပ်တွေကိုကျောခိုင်းလာကြတယ်။ ဗြိတိန်က The National Literacy Trust အဖွဲ့ကြီးရဲ့ စစ်တမ်းမှာ ကလေးတွေစာမဖတ်တော့တာဟာသမိုင်းမှာအဆိုးဆုံးအခြေအနေကို ရောက်နေပြီ ဆိုတာကို တွေ့ရတာဟာအခုဆောင်းပါးရှင်အတွက်ဒီဆောင်းပါးကိုစရေးဖို့တွန်းအားပါပဲ။

ကလေးတွေကိုပဲအပြစ်တင်လို့မရပါဘူး။အမေရိကန်ပြည်ထောင်စုရဲ့သမ္မတဒေါ်နယ်ထရန့်ကA4 စာမျက်နှာတစ်ဝက်ထက်ပိုရင်မဖတ်နိုင်ပါဘူးလို့သူ့ဝန်ထမ်းဟောင်းတွေကပြောပြပါတယ်တဲ့။သူ့ရဲ့ကာကွယ်ရေးဝန်ကြီးက ဆီးနိတ်မှာပြောတာဂျပန်နဲ့တောင်ကိုရီးယားကအာဆီယံအဖွဲ့ဝင်တွေပါတဲ့။သူ့ပညာရေးဝန်ကြီးကမိန့်ခွန်းပြောတာ AI ကိုအေဝမ်းလို့၅ကြိမ်လောက်ပြောသွားပါတယ်။ လူ့သမိုင်းဟာ နောက်ကျောကိုဓါးနဲ့အထိုးခံရပါပြီ။

ဗြိတိသျှစာရေးဆရာ၊သတင်းစာဆရာနဲ့သမိုင်းဆရာအလက်ဇန္ဒားလာမန်ကစာအုပ်လုပ်ငန်းဟာ ဇောက်ထိုးဆင်းနေပြီလို့ဂလိုင်ခေါက်ပါတယ်။ ရေဒီယိုနဲ့ရုပ်မြင်သံကြားတွေပေါ်လာခဲ့တုန်းက ဒီလောက်အထိအခြေအနေမဆိုးခဲ့ပါဘူး။ ၂၀၁၀ခုနှစ်တွေမှာစမတ်ဖုန်းတွေပေါ်လာတာကတော့ စာဖတ်တဲ့ယဉ်ကျေးမှုကိုရိုက်ချိုးလိုက်တာပါပဲ။

Digital Generationလို့ခေါ်ရမယ့် Gen Z တွေတော်တော်များများကကစာမဖတ်ကြတော့ပါဘူး။ လက်ကိုင်ဖုန်းတွေကသူတို့ဘဝတွေဖြစ်လာပါတယ်။သူတို့ရဲ့ရှင်သန်မှုအဓိပ္ပါယ်၊အချစ်၊မျှော်လင့်

ချက်နဲ့ ဖျော်ဖြေမှုတွေဖြစ်လာပါတယ်။ဒီအချိန်မှာပိုဆိုးလာတာ(ပိုကောင်းလာတာလည်းပါပါတယ်)ကAIနည်းပညာပေါ်လာတာပါပဲ။ ဘာမေးမေးအလွယ်တကူဖြေပေးတဲ့ AI ခေတ်မှာလူငယ်တွေတင်မကပဲအရင်ကစာဖတ်ခဲ့ကြတဲ့ လူကြီးတွေပါစာမဖတ်တော့ပါဘူးလို့သုတေသနအချို့ကပြောပါတယ်။

ဒါဆိုရင်ဘာဆက်ဖြစ်မလဲ။ စာမဖတ်တော့ဘာဖြစ်မလဲ။၂၀၂၄ကOECD (Organization for Economic Co-operation and Development) ကလုပ်တဲ့ သုတေသနပြုမှုတစ်ခုမှာ စာမဖတ်ခြင်းဟာလူ့အဖွဲ့အစည်းကိုစစ်မက် နဲ့ ပညာရေးပျက်သုန်းမှုကိုဦးတည် နိုင်တယ်လို့ဆိုပါတယ်။ကြောက်မိပါရဲ့။စိုးရိမ်မိပါရဲ့။

သုတေသနပြုမှုတစ်ခုကပျမ်းမျှလူတစ်ယောက်ဟာတစ်နေ့ကိုဖုန်းပွတ်ချိန်၇နာရီရှိတယ်လို့ဆိုပါတယ်။ Gen Z တွေကတော့၉နာရီအထိရှိပါသတဲ့။တစ်ခုခုတော့လွဲနေပြီထင်ပါတယ်။

The Timesသတင်းစာကလုပ်တဲ့သုတေသနမှာတော့အခုကစပြီး လူတစ်ယောက်ဟာ သူ့ဘဝရဲ့ သက်တမ်းမှာဖုန်းပွတ်ချိန်ကို၂၅နှစ်ကြာအောင်ကုန်ဆုံးတော့မှာဖြစ်ပါသတဲ့။ ဒါဖြင့်ရင်ဖုန်းနဲ့လည်း စာဖတ်လို့ရတာပဲလို့အချို့ကပြောကောင်းပြောနိုင်ပါတယ်။

မဟုတ်ပါဘူး။တော်လ်စတွိုင်းရဲ့’စစ်နဲ့ငြိမ်းချမ်းရေး’ကိုဖုန်းနဲ့ဘယ်လိုဖတ်ကြမလဲ။ အာရင်ဘတ်ရဲ့ ’ပါရီကျဆုံးခန်း’ကိုဖုန်းနဲ့ဘယ်လိုဖတ်ကြမလဲ။ ‘ခန်းဆောင်နီအိပ်မက်’ကိုဖုန်းနဲ့ဘယ်လိုဖတ်ကြမလဲ။

အမေရိကန်တက္ကသိုလ်ကျောင်းသားတွေကြားထဲမှာပြုလုပ်တဲ့စစ်တမ်းတစ်ခုက ကျောင်းသားတွေဟာ စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းရဲ့ Bleak House စာအုပ်ရဲ့ပထမစာပိုဒ်ကိုတောင်နားမလည်ဘူးလို့ ဆိုပါတယ်။ အရင်ကဒီစာအုပ်ဟာကလေးတွေအတွက်ပြဌာန်းခဲ့တာပါ။

“ကျွန်တော်တို့ကျောင်းသားတွေရဲ့အများစုဟာစာမတတ်ကြပါဘူး”လို့ ပါမောက္ခတစ်ယောက် ဆိုပါတယ်။ စာပေလေ့လာသူ ဂျိမ်းစ်မာရီရော့ကတော့သူ့ဆောင်းပါးမှာ အောက်စဖို့ဒ်နဲ့ကိန်းဘရစ်ချ်က ပညာရှင်တွေက“စာတတ်ခြင်းရဲ့ကျဆုံးခန်း” (The Collapse of Literacy)ခေတ်ကိုရောက်နေပြီလို့ ဆိုပါတယ်။

Financial Times သတင်းစာကြီးရဲ့ဆောင်းပါးတစ်ပုဒ်မှာလည်းစမတ်ဖုန်းတွေပေါ်လာပြီး နောက်မှာ လူငယ်တွေရဲ့တွေးခေါ်နိုင်မှု၊လေ့လာမှုနဲ့အာရုံစူးစိုက်မှုတွေကျလာတာကိုဖေါ်ပြထားပါတယ်။ အသက်၁၈နှစ်လူငယ်တွေကြားမှာလုပ်တဲ့စစ်တမ်းတစ်ခုကလည်းလူငယ်တွေဟာအာရုံစူးစိုက်မှု မရတော့ဘူးလို့ဆိုပါတယ်။

စာပေ၊ယဉ်ကျေးမှုနဲ့တွေးခေါ်မှုကိုပျောက်ဆုံးခြင်းဟာလူ့ယဉ်ကျေးမှုကိုဆုံရှုံးခြင်းပါပဲ။ဒါဟာ ကျွန်တော်တို့ခေတ်ရဲ့အကြီးမားဆုံးစိန်ခေါ်မှုလို့မြင်ပါတယ်။ တကယ်တော့စာမဖတ်တဲ့လူတွေကို စာဖတ်ပါလို့ပြောရတာအင်မတန်ခက်ခဲလှပါတယ်။

ဒါပေမယ့်ဒီခက်ခဲတဲ့အလုပ်ကိုပဲကြိုးစားကြည့်ကြတာပေါ့။အိမ်မှာစာအုပ်စင်လေးထားပြီးစာအုပ်တွေကိုတလေးတစားထားပြတာလေးကစကြမလား။

ဆက်စပ်သတင်းများ

Facebook