close
Connect with us

Hi, what are you looking for?

အတွေးအမြင်

အ​ရှေ့နှင့်အ​နောက်မှာကွယ် မုန်တိုင်း​တွေကဝိုင်း​နေတယ်

​ဘေး​ပေါင်းစုံရင်ဆိုင်​နေရ​သောမြန်မာလူထုအတွက် သတိထားစရာ နောက်ထပ်ဘေးအန္တရာယ်တစ်ခု ခြိမ်းခြောက်လာပြန်ပါသည်။ မျက်နှာစိမ်း ဘေးအန္တရာယ်တော့ မဟုတ်ပါ။ မြန်မာလူထု အကြိမ်ကြိမ်ရင်ဆိုင်ဖူးခဲ့ဖူး​သော်လည်းအကြိမ်ကြိမ်အထိနာဖူးခဲ့ဖူးသည့် မုန်တိုင်းဘေးနှင့် ရေ​ဘေး၊ မြေပြိုမှုဘေးဖြစ်သည်။

၂၀၂၄ စက်တင်ဘာလတွင် ရာဂီမုန်တိုင်းအကြွင်းအကျန်တိမ်စိုင်များ​ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင်​ရေကြီး​နေစဥ်

အပြုံး/People’s Spring

​ဘေး​ပေါင်းစုံရင်ဆိုင်​နေရ​သောမြန်မာလူထုအတွက် သတိထားစရာ နောက်ထပ်ဘေးအန္တရာယ်တစ်ခု ခြိမ်းခြောက်လာပြန်ပါသည်။ မျက်နှာစိမ်း ဘေးအန္တရာယ်တော့ မဟုတ်ပါ။ မြန်မာလူထု အကြိမ်ကြိမ်ရင်ဆိုင်ဖူးခဲ့ဖူး​သော်လည်းအကြိမ်ကြိမ်အထိနာဖူးခဲ့ဖူးသည့် မုန်တိုင်းဘေးနှင့် ရေ​ဘေး၊ မြေပြိုမှုဘေးဖြစ်သည်။

လက်ရှိရာသီဥတုအခြေအနေသည် အဆိုပါဘေးအန္တရာယ်များ သတိပြုရန် လိုအပ်လာပြန်ပါသည်။ စက်တင်ဘာလနှောင်းပိုင်းရာသီဥတုအခြေအနေမှာ မြန်မာကမ်းရိုးတန်းနှင့် ထိစပ်နေသော ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုနှင့် တောင်တရုတ်ပင်လယ်တွင် စူပါတိုင်းဖွန်း ရာဂါဆာ(Ragasa)မုန်းတိုင်းဖြတ်နေသည်။ရာဂါဆာအလွန်တွင်နောက်ထပ်မုန်တိုင်းတစ်လုံး ဆက်ရှိနေ​သေးသည်။

လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာ၌ သေချာပေါက် မိုးများနိုင်သည်။ နောက်ထပ်သေချာသည်မှာ တရုတ်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကို ဝင်မည့် ရာဂါဆာမုန်တိုင်း၏ အရှိန်ကြောင့် မြန်မာ၌ မိုးများမည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံကို အရှေ့ဘက်ကရော အနောက်ဘက်ကပါ မိုးက ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်ပင်ဖြစ်လာနိုင်ပြီး ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်၌ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းနှင့် လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။ယခုရက်ပိုင်း မြန်မာ့ ကမ်းရိုးတန်းဒေသများနှင့် ပင်လယ်ပြင်၌ ငါးဖမ်းထွက်ခြင်းကို ရှောင်ရှားသင့်ကြောင်း သတိပေးထားသည်။

စူပါတိုင်ဖွန်းရာဂါဆာသည်လည်းစက်တင်ဘာလ၂၆ရက်နေ့တွင် မြန်မာနိုင်ငံအရှေ့ခြမ်းရှိ လာအိုနိုင်ငံအထက်ပိုင်းသို့ ကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်ဝင်ရောက်နိုင်သည်ဟု MOHADMက ထုတ်ပြန်ထားသည်။ မုန်တိုင်းမှ အ ကြွင်းအကျန် တိမ်များကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား မိုးရွာနိုင်ပြီး မိုးသက်လေပြင်းကျရောက်ခြင်းနှင့် မိုးကြီးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်ဟု သတိပေးထားသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် တောင်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊စစ်ကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြားမိုးထစ်ခြုန်းရွာနိုင်ပြီး မိုးအားပိုကောင်းနိုင်သည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသများကို အထူသတိပေးချက်ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင်မြေပြိုခြင်းအန္တရာယ် နှင့်ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ မြို့ပြဒေသများတွင် ရုတ်တရက် ရေကြီးရေလျှံခြင်းအန္တရာယ်ကို အထူးသတိပြုကြရန် တိုက်တွန်းထားသည်။

တောင်တရုတ်ပင်လယ်မှမုန်တိုင်းများ၏ အရှိန်ကြောင့် မြန်မာတွင်အထိနာရသည့်အခြေအနေကို၂၀၂၄ ခုနှစ် စက်တင်ဘာလက ရာဂီမုန်တိုင်းမှသင်ခန်းစာယူရန်လိုသည်။ ​မိုးလွန်ကာလ​ရောက်မှ ​တောင်တရုတ်ပင်လယ်တွင်ဖြစ်​ပေါ်ခဲ့သည့် ရာဂီမုန်းတိုင်းအကြွင်းအကျန်တိမ်စိုင်ကြီးများက မြန်မာနိုင်ငံကို သင်ခန်းစာအများကြီး​ပေးခဲ့သည်။

ကြိုတင်သတိပေးချက်လုံလောက်စွာမရရှိခဲ့ဘဲ ဆိုးရွားသည့်ရေဘေးကို ရင်ဆိုင်ခဲ့ကြရသည်။ လူ၇သိန်းခန့် ဘေးကြုံပြီး ၁၀၀၀ ကျော် သေဆုံးခဲ့သည်။ နိုင်ငံအလယ်ပိုင်း ကုန်း​ခေါင်​ခေါင်အရပ် ​နေပြည်​တော် အနီးဝန်းကျင်တွင်ပါ ​ရေ​​ဘေးအကြီးအကျယ်ကြုံခဲ့သည်။

ထို့နောက်ပိုင်းတွင်လည်း တောင်တရုတ်ပင်လယ်မှ မုန်တိုင်းငါးလုံးထက်မနည်းက ထိုင်း၊လာအိုတို့ကိုကျော်၍ မြန်မာနိုင်ငံကို ဒုက္ခပေးခဲ့သည်။ယခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဝဒေသများ၊ တာချီလိတ်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ကလော၊အောင်ပန်း၊ အင်းလေးဒေသနှင့် ပင်းတယမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း MNDAA ထိန်းချုပ်ဒေသလောက်ကိုင်မြို့၊ ကရင်နီပြည်နယ် သံတောင်ကြီးမြို့၊ ပဲခူးတိုင်းမှ တောင်ငူမြို့၊ နေပြည်တော်နှင့်အနီးပတ်ဝန်းကျင်ဒေသများ၊ ကချင်ပြည်နယ်မှ မြစ်ကြီးနား၊ ဆဒုံး၊ ချီဖွေ၊ လိုင်ဇာနှင့် ပူတာအိုမြို့နယ်တို့တွင် မိုးများပြီး မြေပြိုမှုဘေး၊ တောင်ကျရေဘေးတို့ ဆိုးရွားစွာ ကြုံခဲ့သည်။ ဇူလိုင်နှင့် ဩဂုတ်လအတွင်း ရေဘေးကြောင့် သေဆုံးသူ ၅၀ဦးထက်မနည်းရှိခဲ့သည်။ လူထောင်ချီ ဘေးသင့်ခဲ့သည်။

ဘေးအန္တရာယ်များ အဆက်မပြတ်ကြုံနေရစဉ်မှာပင် စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများအရှိန်မြှင့်ပြီး မြေပြင်မှစစ်ကြောင်းများထိုးခဲ့သည်။ ဘေးသင့်ဒေသများသို့သွားရောက်သည့် ကယ်ဆယ်ရေးအဖွဲ့များကိုတားမြစ်ခဲ့သည်။အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများကို သိမ်းယူခဲ့သည်။

ထိုကဲ့သို့သော ကျဉ်းထဲကျပ်ထဲအခြေအနေတွင် ရေဘေးက အနီးကပ်ခြိမ်းခြောက်နေသည်။ ရာဂါဆာသည် စက်တင်ဘာ ၂၃ ရက်နေ့က ထိုင်ဝမ်နှင့် ဟောင်ကောင်ကို ဝင်ပြီး ဗီယက်နမ်၊ လာအိုနိုင်ငံတို့ဘက်ကို ဆက်လက်ရွေ့လျှားနေသည်။ မုန်တိုင်းမှ လွင့်လာသည့် တိမ်များကြောင့် ထိုင်းနိုင်ငံတွင်လည်း မိုးကြီးနေသည်။ မြန်မာနိုင်ငံတွင်လည်း မိုးဆက်ကောင်းနေသည်။ လက်ရှိတွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် နေပြည်တော်တို့၌ မိုးကောင်းနေသည်။ နေပြည်တော် တပ်ကုန်းမြို့တွင် ဆင်သေချောင်း ရေများပြီး ဒေသခံလူမှုကူညီရေးအဖွဲ့များက ရေဘေးသတိပေးချက်များထုတ်ပြန်ထားသည်။

မတ်လ၂၈ရက်ကငလျင်ဘေးဒဏ်ဆိုးရွားစွာခံခဲ့ရသည့် မန္တလေးတိုင်းမှမြို့နယ်အချို့တွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်။ စက်တင်ဘာ ၂၃ရက်​နေ့က မော်လမြိုင်မြို့နှင့်ဆက်စပ်နေသော ပင်လယ်ပြင်တွင် ကျားဖောင်တစ်စီးမျောနေ၍လူမှုကူညီရေးအဖွဲ့များက ကယ်ဆယ်ခဲ့ရသည်။

ရာဂါဆာမုန်တိုင်းဝင်ခဲ့သည့် ထိုင်ဝမ်နိုင်ငံတွင် ဆိုးရွားသည့်အရေးကြီးရေလျှံမှုတွေကြောင့် အဆောက်အအုံများ၊ ဆက်သွယ်ရေးလမ်းပိုင်းများ အပျက်အစီးများခဲ့ပြီး လူ ၁၄ဦးထိသေဆုံးခဲ့သည်။

ရာဂါဆာအရှိန်ကြောင့် စက်တင်ဘာလကုန်ခန့်အထိ မိုးကြီးမည့်သတိပေးချက်ရှိနေသလို တောင်တရုတ်ပင်လယ်တွင် Bualoi ဟုအမည်ပေးထားသည့် နောက်ထပ်မုန်တိုင်းတလုံးကအစပျိုးနေပြန်သည်။Bualoi လမ်းကြောင်းကို ပြောဖို့ရန်စောသေးသော်လည်း မြန်မာတွင် ထုံးစံအတိုင်း မိုးနှင့်လေပြင်း သတိပြုရန်လိုအပ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းအတွေ့အကြုံများအရ နိုင်ငံတွင် သဘာဝဘေးများကြုံနေစဉ်တွင်လည်း စစ်အုပ်စု၏ တိုက်ခိုက်မှုများက အရှိန်လျော့မသွားဘဲ တစ်ခါတစ်ရံတွင် ပို၍ဆိုးရွားသည့်အကြမ်းဖက်မှုပုံစံမျိုးဖြင့် တိုက်ခိုက်လေ့ရှိသည်။ လာမည့်ဒီဇင်ဘာလကုန်ပိုင်းတွင် ရွေးကောက်ပွဲပြုလုပ်မည်ဟုကြေညာထားသည့် စစ်ကောင်စီက မြို့ရွာများအား အကြမ်းဖက်တိုက်ခိုက်မှုများအရှိန်ပိုမြှင့်လာနိုင်သည်ဟု တော်လှန်ရေးအင်အားစုများကသတိပေးထားသည်။

ယခုတစ်ကြိမ်မုန်တိုင်းအကြွင်းအကျန်နှင့် မုန်တိုင်းများ​ကြောင့် ​ရေကြီး ​လေပြင်း သဘာဝ​ဘေး​တွေ့လျင်လည်း စစ်အုပ်စုကထုံးစံအတိုင်းဟန်​ရေးပြရုံမျှလွဲ၍ ဘာအကူအညီမျှ​မျှော်လင့်နိုင်မည်မဟုတ်ပါ။

လက်ရှိတွင် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်တို့မှ မြို့အချို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။ လေဖိအားနည်းရပ်ဝန်းနှင့်မုန်တိုင်းအရှိန်ကြောင့် မိုးကြီး နေသည့်ဒေသများတွင် အထက်ပါ တိုင်းနှင့်ပြည်နယ်များပါဝင်နေသည်။ လာမည့်ဘေးပြေးတွေ့နိုင်ရန် လူထုဘက်တွင် တစ်ဦးချင်း ကြိုတင်ပြင်ဆင်မှု ၊သတိ နှင့် ကြံ့ခိုင်မှုလိုအပ်နေပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

တောင်တရုတ်ပင်လယ်တွင်NONGFAဟုအမည်ပေးထားသော နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်နေပြီး အဆိုပါမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးဆက်ကောင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။

နိုင်ငံတကာ

မုန်တိုင်း နောက်ဆက်တွဲ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေမှာ သေဆုံးသူ အရေအတွက်ဟာ တစ်ဒါဇင် နီးပါးလောက် ရှိလာပြီ ဖြစ်ပါတယ်။

သတင်း

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရှမ်းနှင့်ကရင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၉ခု၌ မိုးကြီးနိုင်ပြီး ဩဂုတ်လ တတိယလပတ်အတွင်း ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ကို MOHADMက ဆက်လက်သတိပေးထားသည်။

နိုင်ငံတကာ

ထိုင်ဝမ်နိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းကို တိုင်ဖွန်းမုန်တိုင်း ပိုဒူလ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေကြောင်းခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်းခဲ့ရပါတယ်။