close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘောထားအမြင်တွေ၊ မကျေနပ်ချက်တွေကို အိတ်သွန်ဖာမှောက် ပြောကြားသွားတဲ့ ထရမ့်ရဲ့ ကုလသမဂ္ဂ မိန့်ခွန်း

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။

သူ့ရဲ့ သမ္မတသက်တမ်း ပထမအကြိမ် အတောအတွင်း လွန်ခဲ့တဲ့ ၆ နှစ်လောက်က ပြောကြားခဲ့တဲ့ ကုလသမဂ္ဂ မိန့်ခွန်းတုန်းက သူ့စကားတွေကို ရယ်ပွဲဖွဲ့ခဲ့တဲ့ သူတွေဟာ ၂၀၂၅ မိန့်ခွန်းမှာတော့ အကုန် တိတ်ဆိတ်ကုန်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ပြောပါတယ်။ တစ်နာရီ စွန်းစွန်းလောက် ကြာမြင့်ခဲ့တဲ့ မိန့်ခွန်းအတွင်း ထရမ့်က Trumpismလို့ အများက ခေါ်ဝေါ်တဲ့ သူ့ကိုယ်ပိုင် သဘောထား မူဝါဒတွေကို အရှိန်မြှင့် အကောင်အထည် ဖော်မယ့်အကြောင်း ထောက်ခံသူတွေဆီ သတင်းစကား ပေးပို့ခဲ့ပြီး သူ့ကို ဆန့်ကျင် ဝေဖန်သူတွေ အတွက်တော့ ဘေးကျပ်နံကျပ် ဖြစ်လာမယ့် နိမိတ်တွေကို ပြသသွားခဲ့ပါတယ်။

အထူးသဖြင့် ထရမ့်ဟာ သူ့ရဲ့ အတိုက်အခံ အင်အားစုတွေရဲ့ အတွေးအခေါ် အယူအဆပိုင်းကို အစုအဖွဲ့ တစ်ခုချင်းစီ အပိုင်းလိုက်ခွဲပြီး ထိုးနှက်သွားခဲ့ပါတယ်။ သူ့ရဲ့ စကားတွေထဲမှာတော့ အမေရိကန်ဟာ ရွှေခေတ်တစ်ခုမှာ ရှင်သန်နေထိုင်ဖူးပြီး အဲဒီကာလတွေဆီ ပြန်သွားဖို့ လိုအပ်တယ် ဆိုတာတွေ ပါဝင်ခဲ့သလို သူ့ရဲ့ သမ္မတသက်တမ်း နှစ်ကြိမ်အတွင်း နိုင်ငံတကာ စစ်ရေးပဋိပက္ခ ၇ ခုထိကို ရပ်တန့်ပစ်နိုင်ခဲ့တယ်ဆိုတဲ့ စကားကိုလည်း နောက်တစ်ကြိမ် ထပ်ပြောခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အထွေထွေ ညီလာခံရဲ့ မိခင် အဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂကိုလည်း ထရမ့်က ပြစ်တင်ခဲ့ပြီး သူ့ရဲ့ ငြိမ်းချမ်းရေး အားထုတ်မှုတွေကို ဘာမှ ဝင်မကူခဲ့ဘူးလို့ စွပ်စွဲခဲ့ပါတယ်။ ကုလသမဂ္ဂဟာ အင်မတန် ကြီးမားတဲ့ အလားအလာမျိုးတွေ ပိုင်ဆိုင်ထားပေမယ့် ဘာကိုမှ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ဒီတော့ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မေးခွန်းထုတ်ဖို့ လိုလားကြောင်း ထရမ့်က ဆိုပါတယ်။ ကုလသမဂ္ဂဟာ စစ်ပွဲတွေကို ရပ်ဆိုင်းရမယ့်အစား အနှစ်သာရ ကင်းမဲ့တဲ့ စကားတွေကိုချည်း ပြောနေတယ်လို့ သူက ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင် မကသေးဘဲ အမေရိကန်ကို တရားမဝင် ဝင်ရောက်ပြီး အခြေချဖို့ ကြိုးစားနေတဲ့ နိုင်ငံခြားသားတွေကို ကုလသမဂ္ဂက အကူအညီ ပေးနေတယ်လို့လည်း ထရမ့်က စွပ်စွဲသွားပါတယ်။ ကုလသမဂ္ဂရဲ့ တာဝန်က ကျူးကျော်မှုတွေကို တားဆီးဖို့ဖြစ်ကြောင်း၊ ကျူးကျော်သူတွေကို ဖန်တီးဖို့၊ ငွေကြေးထောက်ပံ့ဖို့ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ ကုလသမဂ္ဂကို ထရမ့်က ဘယ်လောက် စိတ်အချဉ်ပေါက်နေသလဲဆိုရင် မိန့်ခွန်းလာပြောတဲ့အချိန် ကုလသမဂ္ဂ ဌာနချုပ်ထဲမှာ စက်လှေကားတစ်စီး ပျက်နေတာ၊ သူကြိုတင် ရေးသားထားတဲ့ မိန့်ခွန်းကို စာတန်းထိုးပြတဲ့ screen ပျက်နေတာတွေကိုပါ ထည့်ပြီး အပြစ်တင်သွားပါတယ်။ အဲဒီ screen ပျက်နေတာကြောင့် သူဟာ စိတ်နှလုံးသားထဲမှာ ကိန်းအောင်းနေတဲ့ စကားတွေကိုပဲ ဖွင့်ချတော့မယ်လို့လည်း ထရမ့်က ပြောခဲ့ပါသေးတယ်။

ကုလသမဂ္ဂဆီက သူရခဲ့တာဆိုလို့ စက်လှေကားအစုတ်၊ မိန့်ခွန်း စာတန်းထိုး screen အစုတ်တစ်ခုသာ ရှိခဲ့ကြောင်း ထရမ့်က ဝေဖန်ခဲ့ပြီး စက်လှေကားက ရုတ်တရက်ကြီး ထိုးရပ်သွားလို့ သူ့ရဲ့ ဇနီး မယ်လာနီယာ ထရမ့်တောင်မှ လဲကျလုနီးပါး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ ပဋိပက္ခတွေမှာ ကုလသမဂ္ဂရဲ့ ထိရောက်တဲ့ ကြားဝင် ဆုံးဖြတ်နိုင်စွမ်း ကင်းမဲ့နေတာဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် နိုင်ငံတွေက ခြယ်လှယ် စွက်ဖက်မှုကြောင့်လို့ နိုင်ငံရေး သုတေသီ အများစုက ယူဆထားပါတယ်။ အမေရိကန်ဟာ အဲဒီနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လောလောလတ်လတ် အနေနဲ့ ဂါဇာမှာ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ဗီတိုအာဏာသုံးပြီး ပယ်ချထားပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ အမြင်မှာတော့ အဲဒီလိုမျိုး ကမ္ဘာ့ရေးရာ ကိစ္စတွေမှာ နိုင်ငံစုံက တစ်ယောက်တစ်ပေါက် ဝိုင်းဆုံးဖြတ်နေကြတာထက် သူကိုယ်တိုင်လိုမျိုး ဩဇာကြီးမားသူ တစ်ဦးက ကြားဝင်ပြီး သဘောတူညီမှုတွေ ယူဆောင်ပေးတာမျိုးက ပိုပြီး ထိရောက်လိမ့်မယ်လို့ ယူဆတာမျိုးလည်း ရှိနိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ထရမ့်ဟာ ကုလသမဂ္ဂရဲ့ စွမ်းဆောင်ရည်အပေါ် ယုံကြည်မှု လျော့နည်းနေတယ် ဆိုတာကို နှုတ်ကလည်း ထုတ်ပြောထားသလို အမေရိကန်ရဲ့ ရန်ပုံငွေ ထည့်ဝင်မှုတွေကိုပါ လျှော့ချပြီး မြင်သာစေခဲ့ပါတယ်။

ထရမ့်ရဲ့ ဝေဖန်မှုတွေကို တိတိကျကျ ခံရတဲ့ထဲမှာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဥရောပ နိုင်ငံတွေလည်း ကင်းလွတ်ခွင့် မရခဲ့ပါဘူး။ သူက ဥရောပ နိုင်ငံတွေဟာ ရုပ်ကြွင်းလောင်စာအစား သန့်စင်စွမ်းအင်၊ ပြန်လည်ပြည့်မြဲ စွမ်းအင်တွေကို ပိုမို မှီခိုလာတာ၊ ရွှေ့ပြောင်း အခြေချသူတွေအတွက် နယ်စပ်တွေကို ဖွင့်ပေးနေတာတွေကို ထိုးနှက်သွားခဲ့ပါတယ်။ ဥရောပဟာ အကြီးအကျယ် ဒုက္ခရောက်နေပြီ ဖြစ်ကြောင်း၊ ဘယ်တုန်းကမှ မကြုံဖူးလောက်အောင် ပမာဏ ကျယ်ပြန့်တဲ့ နိုင်ငံခြားသား ကျူးကျော် ဝင်ရောက်မှုတွေကို ကြုံတွေ့နေကြောင်း၊ အနောက်ဥရောပ အတွက်တော့ သူတို့ရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ မူဝါဒတွေက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံနေမှုနဲ့ မခြားကြောင်း ထရမ့်က ပြောပါတယ်။

ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု ဆိုတာဟာ ကမ္ဘာကြီးကို လှည့်စားတဲ့ အပြောင်မြောက်ဆုံး လိမ်လည်မှု တစ်ခုလို့လည်း သူက သက်ပြင်းချရင်း ပြောခဲ့ပါသေးတယ်။ ဥရောပ နိုင်ငံတွေဟာ ပိုပြီး ပေါပေါများများ၊ စျေးသက်သက်သာသာ ရနိုင်တဲ့ ရုပ်ကြွင်း လောင်စာတွေအစား စရိတ်ပိုကြီးတဲ့ သန့်စင်စွမ်းအင်တွေကို အသုံးပြုနေတာဟာ မပါးနပ်မှုလို့ ထရမ့်က မှတ်ချက်ပြုခဲ့သလို မြောက်ပင်လယ်ထဲက တူးဖော်ထုတ်လုပ်တဲ့ ရေနံတွေကို အခွန်တိုးမြှင့် စည်းကြပ်ခဲ့တဲ့ ဗြိတိန် အစိုးရကိုလည်း ဝေဖန်သွားပါတယ်။ သန့်စင်စွမ်းအင်ဆိုတဲ့ လိမ်လည်မှုကြီးကို ဆက်ယုံနေရင် ဗြိတိန်နိုင်ငံ ကျဆုံးလိမ့်မယ်လို့ သူက ပြောပါတယ်။

သူက ဥရောပတိုက်နဲ့ ဥရောပ ပြည်သူတွေကို ချစ်မြတ်နိုးကြောင်း၊ ဒါပေမဲ့ ဥရောပဟာ စွမ်းအင်၊ လူဝင်မှုကြီးကြပ်ရေး မူဝါဒတွေကြောင့် ပျက်စီးကိန်း ဆိုက်နေတာကို မြင်ရတော့ အဲဒီ အခြေအနေကို သူမုန်းတီးကြောင်း၊ အဲဒီကဏ္ဍ နှစ်ခုဟာ သတ္တဝါဆိုးကြီး တစ်ကောင်ရဲ့ အမြီးနှစ်ခွနဲ့ တူပြီး ထိတွေ့သမျှကို အားလျော့ ချိနဲ့သွားစေမှာဖြစ်ကြောင်း၊ ဥရောပဟာ မူဝါဒ ရေးရာအရ မှန်ကန်တာတွေကို လုပ်ဖို့လိုပြီး မဟုတ်ရင်တော့ ကိုယ်ပိုင် အမွေအနှစ်တွေကို ကိုယ်တိုင် ဖျက်ဆီးရာ ရောက်နေနိုင်ကြောင်း ထရမ့်က သတိပေးသွားပါတယ်။

မဟာမိတ်တွေရဲ့ အလှည့်ပြီးတော့ ပြိုင်ဘက်ဖြစ်တဲ့ ရုရှားဖက်ကိုလည်း ထရမ့်က ဦးလှည့်ခဲ့ပြီး သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ လက်ရှိ ယူကရိန်း စစ်ပွဲကို အဆုံးသတ်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်နေတာဟာ မြင်လို့မကောင်းဘူးလို့ ပြောကြားသွားပါတယ်။ အဲဒီ သွေးထွက်သံယို ကိစ္စတွေကို ရပ်တန့်စေဖို့အတွက် အမေရိကန်ဟာ အင်မတန် အားကောင်းပြီး ထိရောက်တဲ့ အခွန်စည်းကြပ်မှု အစီအမံတွေကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဥရောပ နိုင်ငံတွေက ရုရှားရေနံတွေ ဝယ်ယူနေတာကို ရပ်တန့်ဖို့ လိုကြောင်း၊ တချို့နိုင်ငံတွေ အခုထိ ဆက်ပြီး ဝယ်နေတုန်းပဲ ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ သူသတိထားမိခဲ့ကြောင်း ပြောပါတယ်။ ဥရောပမှာတော့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားတို့ဟာ ရုရှားရေနံကို ဆက်ဝယ်တဲ့ လက်ကျန်နိုင်ငံနှစ်ခု ဖြစ်ပါတယ်။ သူက အဲဒီ နိုင်ငံတွေအပြင် ရုရှားဆီက ရေနံကို ဆက်ဝယ်နေတဲ့ အိန္ဒိယနဲ့ တရုတ်တို့အပေါ်မှာပါ အရေးယူ ပိတ်ဆို့မှု အစီအမံသစ်တွေ ချမှတ်တာမျိုး ရှိလာနိုင်ကြောင်းလည်း ထည့်ပြောသွားပါတယ်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခမှာတော့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် အများအပြားက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် သတ်မှတ် ဆက်ဆံဖို့ သဘောထား ပြောင်းလဲလာတာကို ထရမ့်က ရှုတ်ချသွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ ဟားမားစ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေအတွက် ပေးတဲ့ ဆုလာဘ်က ကြီးမားလွန်းနေတယ်လို့ ထရမ့်က အငေါ်တူးခဲ့ပါတယ်။ သူက ဟားမားစ်တွေ လက်ထဲမှာ ရှိနေဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးကို ထပ်လောင်း တောင်းဆိုသွားခဲ့ပြီး အမှန်တကယ် လက်တွေ့ကျတဲ့ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုမျိုးနဲ့ စစ်ပွဲကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ လိုတယ်လို့လည်း ပြောကြားသွားပါတယ်။

နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ အခုသီတင်းပတ်အတွင်း ပြုလုပ်နေတဲ့ အထွေထွေ ညီလာခံမှာ ထရမ့် အပါအဝင် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင် ၁၅၀ လောက် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနဲ့ စစ်ပွဲ မစတင်ခင်က ပိုင်နက်နယ်မြေ အားလုံးကို ယူကရိန်း အနေနဲ့ ပြန်ရလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လူအများ အာရုံစိုက်တာ ခံနေရတဲ့ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှု တစ်ခုကို အကြောင်းပြုပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဟာသလုပ် လှောင်ပြောင်ခဲ့လို့ အလုပ်တာဝန်ကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ အစီအစဉ်မှူး ဂျင်မီကင်မဲလ်ကို မူလနေရာမှာ ပြန်လည် ခန့်အပ်လိုက်ကြောင်း Disney ကုမ္ပဏီက...

နိုင်ငံတကာ

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြု ဆက်ဆံသွားမယ်လို့ ပြင်သစ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှေ့မှောက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လူအများရှေ့မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအတွက် ကျင်းပတဲ့ အမှတ်တရ စုဝေးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။