close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲမစခင် ပိုင်နက်နယ်မြေတွေအားလုံး ယူကရိန်း ပြန်ရလာနိုင်တယ်လို့ ထရမ့် ပြောင်းလဲ မှတ်ချက်ပေး

ရုရှားနဲ့ စစ်ပွဲ မစတင်ခင်က ပိုင်နက်နယ်မြေ အားလုံးကို ယူကရိန်း အနေနဲ့ ပြန်ရလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

ရုရှားနဲ့ စစ်ပွဲ မစတင်ခင်က ပိုင်နက်နယ်မြေ အားလုံးကို ယူကရိန်း အနေနဲ့ ပြန်ရလာတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စက်တင်ဘာ ၂၃ ရက်နေ့က မိန့်ခွန်းပြောပြီးတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ မှတ်ချက် ဖြစ်ပါတယ်။ ပြီးတော့ ယူကရိန်း-ရုရှား စစ်ပွဲ ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး ထရမ့် အရင်က ကြေညာခဲ့ဖူးတဲ့ သဘောထား မူဝါဒတွေကနေ သိသိသာသာ ဦးတည်ချက် ပြောင်းသွားတဲ့ အရွေ့လို့လည်း သတ်မှတ်နိုင်ပါတယ်။

မူလက ထရမ့်ဟာ စစ်ပွဲရပ်ဆိုင်းဖို့အတွက် ရုရှားရော၊ ယူကရိန်းပါ ထိန်းချုပ် နယ်မြေတွေကို ဆုံးရှုံးတာ၊ အလဲအလှယ် လုပ်ရတာတွေ ရှိလာနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ဖော်ပြထားတဲ့ ထရမ့်ရဲ့ အရေးအသား အရတော့ သူ့ရဲ့ သဘောထားဟာ ဇီလန်စကီး လိုလားတဲ့ အခြေအနေမျိုးဆီ ပိုမို ဦးတည် ပြောင်းလဲလာတယ်လို့ ယူဆနိုင်ပါတယ်။ ဇီလန်စကီးက စစ်ပွဲရပ်ဆိုင်းဖို့အတွက် ယူကရိန်းက ပိုင်နက်နယ်မြေတွေ စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အပေးအယူမျိုးကို အစဉ်တစိုက် ငြင်းဆိုခဲ့သူ ဖြစ်ပါတယ်။

Truthမှာတော့ ထရမ့်က ယူကရိန်းဟာ စစ်ပွဲ စတင်မလာခင်တုန်းက သတ်မှတ်ထားတဲ့ နိုင်ငံတကာ အသိအမှတ်ပြု နယ်နိမိတ်အတိုင်း ထိန်းချုပ်နယ်မြေတွေ ပြန်လည် ရရှိလာနိုင်တယ်လို့ ရေးသားထားပါတယ်။ သူက အဲဒီလို ဖြစ်ဖို့အတွက် NATO စစ်မဟာမိတ်အဖွဲ့၊ ဥရောပတိုက်တို့က ဝိုင်းဝန်း ကူညီပေးဖို့လိုပြီး ရုရှားရဲ့ စီးပွားရေးကို ဖိအားပေး ထိုးနှက်ရမယ်လို့လည်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရုရှားတပ်တွေက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ရာက အစပြုခဲ့တဲ့ စစ်ပွဲကို ကြားဝင် ညှိနှိုင်း ရပ်တန့်ရေးဟာ ထရမ့်ရဲ့ ဒုတိယ သမ္မတ သက်တမ်းမှာ အရေးအကြီးဆုံး မူဝါဒရေးရာ တောင်းဆိုမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ မူလကတော့ ယူကရိန်းဟာ စစ်ပွဲကို ရပ်ဆိုင်းစေဖို့ ပိုင်နက်နယ်မြေ တချို့ကို ရုရှားဆီ လွှဲပေးရမယ် ဆိုတာမျိုး ထရမ့်က ဖိအားပေးထားခဲ့ပေမယ့် စက်တင်ဘာ ၂၃ ရက်နေ့ ပို့စ်ထဲမှာတော့ သိသိသာသာ သဘောထား ပြောင်းလဲလာတဲ့ အဓိပ္ပါယ်ပါ။ လောလောဆယ်တော့ ရုရှားဟာ ယူကရိန်း ပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံစာလောက် ကျယ်ဝန်းတဲ့ ယူကရိန်း အရှေ့ပိုင်း နယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။

ထရမ့်က ယူကရိန်းဟာ စစ်ပွဲ မတိုင်ခင်က ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အားလုံး ပြန်ရလာနိုင်တယ်လို့ မှတ်ချက်ပေးထားပေမယ့် ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ပတ်သက်လို့တော့ တိတိကျကျ ဖော်ပြမထားပါဘူး။ ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ် ကတည်းက ရုရှားတပ်တွေက ဝင်ရောက် ထိန်းချုပ်ထားခဲ့တာပါ။

သူ့ရဲ့ သဘောထား အပြောင်းအလဲ ဖြစ်လာရခြင်းကတော့ ရုရှားနဲ့ ယူကရိန်းရဲ့ စစ်ရေး၊ စီးပွားရေး အခြေအနေတွေအပေါ် ပိုပြီး ပြည့်ပြည့်စုံစုံ သိရှိနားလည်လာခြင်းကြောင့်လို့ ထရမ့်က ရှင်းပြထားခဲ့ပါတယ်။ ပူတင်နဲ့ ရုရှားတို့ဟာ စီးပွားရေးအရ အကြီးအကျယ် ကျဉ်းထဲကျပ်ထဲ ရောက်နေကြောင်း၊ အခုအချိန်က ယူကရိန်းဖက်က လုပ်စရာရှိတာတွေ လုပ်ဖို့သာ အရေးကြီးကြောင်း သူက ဆိုပါတယ်။ ထရမ့်က ရုရှားကို ဟန်ပဲရှိပြီး မခြိမ်းခြောက်နိုင်တော့တဲ့ စက္ကူကျားလို့ သုံးနှုန်းသွားပါတယ်။

ဇီလန်စကီးကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်ရဲ့ သဘောထား အရွေ့ကို တကယ့် အားတက်စရာ အပြောင်းအလဲကြီးလို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ဇီလန်စကီးက အမေရိကန်ဟာ စစ်ပွဲကြီး ပြီးသွားရင်လည်း ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်တွေ ပေးဖို့ လိုလိုလားလား ရှိနေတယ်လို့ သူသဘောပေါက်ထားကြောင်းလည်း ဆက်ပြောပါတယ်။

အခုလအတွင်း ရုရှားဟာ NATO လေပိုင်နက်ကို ဒရုန်းတွေ၊ တိုက်လေယာဉ်တွေနဲ့ ကျူးကျော်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့အတူ နှစ်ဖက် တင်းမာမှုကလည်း ပိုမို မြင့်တက်လာနေပါတယ်။ စက်တင်ဘာ ၂၂ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာတော့ NATOက ရုရှားအနေနဲ့ နောက်ထပ် အလားတူ ရန်စမှုတွေ ထပ်ပြီး ကျူးလွန်လာမယ်ဆိုရင် နယ်ကျော်ဝင်လာတဲ့ တိုက်လေယာဉ်တွေကို ပစ်ချတာမျိုးထိ စစ်ရေးအရရော၊ စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေနဲ့ပါ လိုအပ်သလို တုံ့ပြန်သွားမယ်လို့ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ NATO လေပိုင်နက်ထဲ ကျူးကျော်ခဲ့တယ် ဆိုတာကို ငြင်းဆိုပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ ဝေဖန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့ရဲ့ အမေရိကန် သမ္မတ ဒုတိယ သက်တမ်းအတွင်း ပထမဆုံး ပြောကြားတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ဒေါ်နယ်လ်ထရမ့်ဟာ သူ့ရဲ့ ဆန္ဒ သဘောထားတွေ၊ ကမ္ဘာ့နိုင်ငံရေးအပေါ် ရှုမြင်ပုံတွေကို ဘွင်းဘွင်း ရှင်းရှင်း ပြောသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လူအများ အာရုံစိုက်တာ ခံနေရတဲ့ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှု တစ်ခုကို အကြောင်းပြုပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဟာသလုပ် လှောင်ပြောင်ခဲ့လို့ အလုပ်တာဝန်ကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ အစီအစဉ်မှူး ဂျင်မီကင်မဲလ်ကို မူလနေရာမှာ ပြန်လည် ခန့်အပ်လိုက်ကြောင်း Disney ကုမ္ပဏီက...

နိုင်ငံတကာ

လူအများရှေ့မှာ ပစ်ခတ်လုပ်ကြံ ခံခဲ့ရတဲ့ မဟာမိတ် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအတွက် ကျင်းပတဲ့ အမှတ်တရ စုဝေးပွဲ အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

သတင်း

နိုင်ငံအနှံ့မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန် လေကြောင်း တိုက်ခိုက်တာ ခံရပြီး အနည်းဆုံး ၃ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။