စက်တင်ဘာ-၁၉ ၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေး ငါးရက်မြောက်နေ့တွင်မြို့နှင့်အနီးဆုံးရှိ စစ်ကောင်စီတပ်၏ အဓိကကာကင်းတခုကို တော်လှန်ရေးတပ်များက ထပ်မံသိမ်းပိုက်ရရှိကြောင်း မြေပြင်တိုက်ပွဲတွင်ရှိနေသည့် ရဲဘော်အချို့ကပြောသည်။
အဆိုပါကာကင်းနေရာရှိ စစ်တပ် နှင့် ရှမ်းနီတပ် SNAးတပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၁၈ ရက်နေ့တွင် မြို့အတွင်း ဆုတ်ခွာထွက်ပြေးသွားသည်ဟု သိရသည်။
တော်လှန်ရေးတပ်များသိမ်းပိုက်ရရှိသောစခန်း နေရာကိုမူ စစ်ရေးလုံခြုံမှု နှင့် မြေပြင်ရဲဘော်များ၏ လေကြောင်း အန္တရာယ်ရှိသည့် တောင်းဆိုမှုကြောင့်လူထုနွေဦးအနေဖြင့်ဖော်ပြခြင်းမပြုပါ။

Public Service Announcement
စက်တင်ဘာ ၁၉ ရက်တွင် ထပ်မံသိမ်းရသောကာကင်းအပါအဝင် ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးအတွင်း တော်လှန်းရေးတပ်များက စစ်တပ်နှင့် ရှမ်းနီတပ်၏ ကာကင်းစခန်း ၇ထက်မနည်း သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
“ မြို့ထဲမှာတော့ စကစ နဲ့ SNA အင်အား ၅၀၀ အထက်ရှိမယ်။မြေပြင်မှာ လူအင်အားအများအပြားသုံးတာတွေ့ရတယ်” ဟု ကသာခရိုင်ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
အခြားတော်လှန်ရေးတပ်ဖွဲ့ဝငတဦးကလည်း “ လေယာဥ်က နေ့တိုင်းကိုလာနေတာ။ကျွန်တော်တို့ဘက်က တိုးနေဆဲပဲ” ဟုပြောသည်။
စစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်သော ရှမ်းနီတပ် SNAက ဟုမ္မလင်းအခြေစိုက် ၎င်း၏ တပ်မဟာ(၉၇၂) မှအင်အား၂၀၀မှ ၃၀၀ အတွင်းကို ဗန်းမောက်မြို့၌ ဖြည့်တင်းထားပြီး ခုခံနေခြင်းဖြစ်ကြောင်းဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်တပ်၏ တပ်မ(၇၇)လက်အောက်ခံတပ်ရင်းများနှင့်ရှမ်းနီတပ်များအခြေစိုက်ထားသည့် ဗန်းမောက်မြို့ကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်က စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားနေသော်လည်း စစ်တပ်နှင့် SNAတပ်များက မြို့ခံပြည်သူများအားမြို့တွင်းမှထွက်၍ စစ်ရှောင်ခွင့်မပေးဘဲ ထွက်ပေါက်အားလုံးကို ပိတ်ဆို့တားဆီးထားသည်ဟုဒေသခံအချို့ကပြောသည်။
“ မြို့ခံတွေ အခြေအနေကတော့ မြို့ထဲက ထွက်ခွင့်မပေးဘူး။ မြို့တွင်းမှာပဲ ပိတ်ထားတယ်။ မြို့ဝင် မြို့ထွက် လမ်းတွေအားလုံး ပိတ်ဆို့ထားတယ်။ ပြည်သူတွေကို လုံး၀ ထွက်ခွင့်မပေးဘူး။မြို့ထဲမှာ ဆိုရင် ပြည်သူတွေ လက်နက်ကြီး ထိမှန်သေဆုံးတာရှိတယ်။ ထိခိုက်ဒဏ်ရာရတာရှိတယ်” ဟု ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောသည်။
ပြည်သူများအား လူသားဒိုင်းအဖြစ် ပြုလုပ်ထားသည့် ရှမ်းနီတပ် နှင့် စစ်ကောင်စီတပ် လုပ်ရပ်သည် ဂုဏ်သိက္ခာမဲ့သည့် လုပ်ရပ်ဖြစ်ဟု ၎င်းက ဆက်ပြောသည်။
လူဦးရေ တစ်သိန်းဝန်းကျင်ရှိသော ဗန်းမောက်မြို့နယ်တွင် မြို့ပေါ်လူဦးရေ ၆၀၀၀ ကျော်ရှိသည်။ဗန်းမောက်မြို့နယ်အနောက်ခြမ်း၌ SNAတပ်က ပိုမိုအားကောင်းစွာ ထိန်းချုပ်ထားကြောင်း သတင်းရင်းမြစ်ကပြောသည်။ မြို့ခံအချို့မှာ ကြိုတင်တိမ်းရှောင်နိုင်သော်လည်းထောင်နှင့်ချီသောမြို့ခံများမှာ မြို့တွင်း၌ ပိတ်မိနေဆဲဖြစ်ကြောင်းသိရသည်။
“ အဓိကကအနောက်ခြမ်းတခြမ်းလုံးကSNA ထိန်းချုပ်ထားတဲ့နယ်မြေဆိုတော့ မြို့ရပြီးရင်တောင် SNA ရှိတဲ့ အနောက်ခြမ်းကို တိုက်ဖို့လိုအပ်သေးတယ်။” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
သို့သော် မြို့၏ အခြားဘက်များတွင်ရှိသော အင်းတော် ၊ပင်လည်ဘူး ၊မော်လိုက်မြို့များကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။အင်းတော်နှင့် ကားလမ်းအတိုင်းဆိုပါက မိုင်(၃၀)ခန့် ၊ မော်လူးနှင့် မိုင်(၅၀)ခန့် နှင့် ပင်လည်ဘူးမြို့ (၆၁)မိုင်ခန့်အကွာတွင်ရှိသည်။အဖြောင့်တိုင်းလျင်မူပိုနီးသည်။
ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) စစ်ဒေသတို့က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။
ဗန်းမောက်မြို့သိမ်းစစ်ဆင်ရေးတွင် PDFတပ်ရင်းတပ်ဖွဲ့များနှင့်အတူ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ပကဖ ၊ဒေသခံကာကွယ်ရေးအဖွဲ့များကအတူပူးပေါင်းပြီး စစ်တပ်ကိုထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိစစ်ရေးအခြေအနေကြောင့် အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအားလုံးကို တော်လှန်ရေးတပ်များက စက်တင်ဘာ ၁၅ရက်ကစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားသည်။
