စက်တင်ဘာ-၁၀၊၂၀၂၅။People’s Spring
မြေရှားသတ္တုတွေ ရရှိနိုင်မယ့် အရင်းအမြစ် အသစ်တွေ ရှာဖွေနေတဲ့ အိန္ဒိယဟာ မြန်မာနိုင်ငံကို မျက်စိကျနေပြီး ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ ညှိနှိုင်း အလုပ်လုပ်နိုင်မယ့် ဖြစ်နိုင်ခြေတွေကို ရှာဖွေနေကြောင်း သိရပါတယ်။
မြေရှားသတ္တုလိုအပ်ချက်နဲ့ ပတ်သက်ရင်တရုတ်အပေါ် မှီခိုနေရတာကို လျှော့ချဖို့အတွက် အိန္ဒိယက နည်းလမ်းတွေ ရှာဖွေနေပြီး အိမ်နီးချင်း မြန်မာနိုင်ငံ မြောက်ပိုင်းက KIA ထိန်းချုပ်ထားရာ နယ်မြေထဲကသတ္တုသိုက်တွေမှာပါဝင်တူးဖော် ထုတ်လုပ်နိုင်ဖို့ လိုလားနေတယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် လေးခုက Reutersကို ပြောကြားခဲ့ပါတယ်။ တရုတ်ဟာ ကမ္ဘာ့ မြေရှားသတ္တု စျေးကွက်တစ်ခုလုံးကို အဓိက လက်ဝါးကြီးအုပ် ထိန်းချုပ်ထားတဲ့ နိုင်ငံပါ။
အိန္ဒိယသတ္တုတွင်း ဝန်ကြီးဌာနက အစိုးရပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ အနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်း၊ KIA ထိန်းချုပ် နယ်မြေတွေထဲကသတ္တုတိုင်းတွေဆီက မြေရှားသတ္တု နမူနာတွေရရှိနိုင်ရေး ညှိနှိုင်းကြိုးစားပေးဖို့ တိုက်တွန်းထားကြောင်း သိရပါတယ်။ အဲဒီကနေ ရလာမယ့်သတ္တုရိုင်း နမူနာတွေကို အိန္ဒိယမှာ ဓာတ်ခွဲစစ်ဆေးပြီးကုန်ချော အမြောက်အမြား ထုတ်လုပ်နိုင်မယ့် အဆင့်ထိ တင်ပို့နိုင်မလား ဆိုတာကို ဆက်ပြီး ဆန်းစစ်လေ့လာသွားမယ်လို့ဆိုပါတယ်။

Public Service Announcement
အိန္ဒိယသတ္တုတွင်းဝန်ကြီးဌာနနဲ့ ကုမ္ပဏီတွေကြား ဇူလိုင်လတုန်းက အွန်လိုင်း အစည်းအဝေးတစ်ခု ကျင်းပခဲ့ချိန် ကတည်းက အဲဒီကိစ္စကို တိုက်တွန်းထားခဲ့တာလို့ ဆိုပါတယ်။
KIAဟာ အိန္ဒိယ ကုမ္ပဏီတွေဆီက ဆက်သွယ်မှုကို ရရှိပြီးတဲ့နောက် မြေရှားသတ္တုရိုင်းတွေပါတဲ့ မြေစာ နမူနာတွေကို စုစည်းပေးထားသလို အလုံးအရင်း တင်ပို့ဖို့ ဖြစ်နိုင်ခြေ နည်းလမ်းတွေကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။
Retuersရဲ့ သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရရော၊ KIAကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
တရုတ်ဟာမြေရှားသတ္တု သန့်စင်မှု နည်းပညာပိုင်းမှာအားကောင်းတဲ့ဦးဆောင်မှုမျိုးရရှိနေပြီး အိန္ဒိယ အပါအဝင် ပြိုင်ဘက် စီးပွားရေး အင်အားစု နိုင်ငံကြီးတွေဆီ အဲဒီ သတ္တုတွေတင်ပို့မှုကိုလည်း တင်းတင်းကျပ်ကျပ် စောင့်ကြည့်ပြီးထိန်းညှိ ကြပ်မတ်ထားပါတယ်။ မြေရှား သတ္တုတွေဟာ ခေတ်သစ် နည်းပညာတွေနဲ့တည်ဆောက်တဲ့လျှပ်စစ်ကားတွေ၊ လေအားလျှပ်စစ် ထုတ်လုပ်ရေး ဒလက်တွေ၊ တိုက်လေယာဉ်တွေစတဲ့ ပစ္စည်းအမျိုးမျိုးမှာ အခြေခံ အကျဆုံး လိုအပ်တဲ့ ကုန်ကြမ်းတွေ ဖြစ်နေပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံဆီကနေ မြေရှားသတ္တုတွေ ထုတ်လုပ်နိုင်မယ့် ဖြစ်နိုင်ခြေကို အလေးအနက် စိတ်ဝင်စားနေတာ သိသာပြီးတရုတ်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်တုန်းကလည်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဟာ မြေရှားသတ္တု ကိစ္စကို ထည့်ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဘာသဘောတူညီမှုမှတော့ မရခဲ့ပါဘူး။
နိုင်ငံတကာအရေးလေ့လာသူတွေကတော့ တရုတ်အနေနဲ့ KIA ထိန်းချုပ် နယ်မြေတွေထဲက မြေရှားသတ္တုတွေကို ဝယ်ယူချင်တယ် ဆိုရင်တောင်မှ စူပါပါဝါ ပြိုင်ဘက် တရုတ်ရဲ့ဖိအားပေး နှောင့်ယှက်မှုတွေကိုတော့ ကြုံရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ တရုတ်ဟာ KIA ထိန်းချုပ်နယ်မြေထဲက ထုတ်လုပ်တဲ့ မြေရှားသတ္တုရိုင်းတွေ အားလုံးလိုလိုကိုသိမ်းကျုံးဝယ်ယူနေတဲ့ နိုင်ငံပါ။ နောက်ပြီး သတ္တုရိုင်းတွေ အိန္ဒိယဆီ သယ်ဆောင်သွားနိုင်ပြီ ဆိုရင်တောင်မှ တရုတ်ရဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာ အကူအညီတွေ မရှိရင်လုပ်ငန်းပိုင်း နှောင့်
နှေးတာတွေ၊ စိန်ခေါ်မှုတွေ ကြုံရနိုင်တယ်လို့ သုတေသီတွေက ယူဆထားပါတယ်။
ဒါပေမဲ့ အိန္ဒိယရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရင် မြေရှားသတ္တု စျေးကွက်မှာ မင်းမူနေတဲ့ တရုတ်ကို ပြိုင်ဘက်တွေက ဖိအားပေးနိုင်ဖို့ ပိုပြီး ကြိုးစားလာနေတယ် ဆိုတာကို မြင်သာလာစေခဲ့ပါတယ်။
ကိုးကား-Reuters
