စက်တင်ဘာ-၉၊၂၀၂၅။ သုည/People’s Spring
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၉)မှာ “တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်” ဟု ကြွေးကြော်ကာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမှော်လှည့်သပိတ်၊ လုံးခင်းသပိတ်၊ ဆိုင်းတောင်သပိတ်၊ ဝှေခါသပိတ်နှင့် တာမခံသပိတ် အင်အားစုတို့ စုပေါင်းကာ စစ်ကောင်စီ ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တညီတညွှတ်တည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
သပိတ်အင်အားစုအသီးသီးက”တရားမဝင် အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်”၊ “ဖယ်ဒရယ်လမ်းကို ရဲရဲလျှောက်”၊ “စစ်အာဏာရှင် ပြုလုပ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုတာ၊ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာ ပပျောက်ရေးပဲ ဖြစ်လိမ့်မယ်” စတဲ့ စာသားတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း အမျိုးသမီးမဟာမိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ၊ အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာစစ်အကြမ်းဖက်အုပ်စုမှ ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း တော်လှန်ပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေဟာ “Our Ambassador Myanmars Voice ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်” ဆိုတဲ့စာသားတွေကိုင်ဆွဲပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဟစ်ကြွေးခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ဖားကန့်ပင်မသပိတ်






















































