close
Connect with us

Hi, what are you looking for?

သတင်း

မိအေးနှစ်ခါနာတဲ့ ​လေးပါတီ နဲ့ နှစ်ခါမကနာတဲ့ ဒေါ်စန္ဒာမင်း

စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တတိယမြောက်မဲအများဆုံးရရှိတဲ့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီလို့ ဆိုပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။

စက်တင်ဘာ-၁၀၊ ၂၀၂၅။ သော်မွန်/People’s Spring

စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ တတိယမြောက်မဲအများဆုံးရရှိတဲ့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ကို သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီလို့ ဆိုပြီး လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရ ဦးစီးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံပြုပါတီ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နဲ့အနိုင်ရခဲ့ပြီး တစညပါတီ နဲ့ NDF ပါတီတို့က ဒုတိယနဲ့ တတိယလိုက်ခဲ့ကြတာပါ။

အခုဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေထဲက ၄ ပါတီကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၉ ရက်က ဖျက်သိမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပထမဆုံးအကြိမ် ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီ ၄ပါတီက NDF၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ တို့ဖြစ်ပါတယ်။ NDF က သတ်မှတ်ပါတီဝင်ဦးရေမပြည့်မီလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဖြစ်ပြီး ကျန်ပါတီ ၃ခုကတော့ သတ်မှတ်ပါတီရုံးခန်းအရေအတွက် မပြည့်မီလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခံရတာပါ။

ဒါပေမဲ့ လွှတ်တော်အမတ်ဟောင်းတစ်ဦးကတော့ ပြည်ခိုင်ဖြိုးပါတီကို ယှဥ်ပြိုင်မယ့် ပါတီမျိုး ပေါ်မလာနိုင်အောင်စစ်ကောင်စီကစနစ်တကျလုပ်ဆောင်နေခဲ့ပြီး အခုလည်း အဲဒီအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်ကောင်စီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ခဲ့ပြီး အဲဒီပြင်ဆင်ချက်ထဲမှာ ပါတီဝင်အင်အား၊ မြို့နယ်ရုံးအရေအတွက်၊ ပါတီရန်ပုံငွေ ပမာဏစတာတွေကိုမြှင့်တင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ အဲဒီလို ပြင်ဆင်ချက်ကို နိုင်ငံရေးပါတီတွေက ပြန်လည်ပြင်ဆင်ဖို့၊ လျှော့ချပေးဖို့ တောင်းဆိုခဲ့ပေမယ့် ပြင်ဆင်မပေးခဲ့ဘူးလို့ သိရပါတယ်။

“ကျွန်မတို့ကအစောကြီးကတည်းကစစ်ကော်မရှင်ခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို အယုံအကြည်မရှိဘူး။ သူတို့ကရွေးကောက်ပွဲကို ဟန်ပြအဖြစ်နဲ့ လုပ်တာဖြစ်တဲ့အခါကျတော့ သူတို့အတွက် နိုင်ခြေရှိတဲ့အခင်းအကျင်းတွေကိုပဲ ဖန်တီးမှာ ဖြစ်ပါတယ်”လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက မှတ်ချက်ပြုပါတယ်။

စစ်တပ်ဟာ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲ ပြုလုပ်မယ်လို့ အကြိမ်ကြိမ်ကြေညာခဲ့ပြီးအရင်ပြဌာန်းထားတဲ့ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်လိုက်တဲ့ ဥပဒေတွေမှာ သတ်မှတ်ချက်စည်းမျဥ်းတွေ ထပ်တိုးထည့်သွင်းခဲ့ပြီး ကန့်သတ်ချက်တွေလည်းများစွာတွေ့ရတယ်လို့ နိုင်ငံရေးပါတီတွေက ပြောဆိုထားပါတယ်။

အခုသတ်မှတ်ပါတီဝင်ဦးရေမပြည့်မီဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖျက်သိမ်းခံလိုက်ရတဲ့ NDF ဟာ ပါတီဝင်တွေ တခဲနက်ရှိနေတယ်လို့ စက်တင်ဘာ ၈ရက်မှာပဲ ပါတီရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒေါ်စန္ဒာမင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးဖြစ်ပြီး ၂၀၂၃ မတ်လမှာ NLD ဗဟိုအလုပ်ကော်မတီရဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

​ဒေါ်စန္ဒာမင်းအပါအဝင် NLD ပါတီကအလုပ်အမှု​ဆောင်အဖွဲ့ဝင်အချို့ဟာ စစ်​ကောင်စီ အစီအစဥ်အတိုင်း ​ဒေါ်​အောင်ဆန်းစုကြည်ကို ၂၀၂၃ ခုနှစ်မှာသွား​ရောက်​တွေ့ဆုံပြီး ပါတီကို ပြန်မှတ်ပုံတင်ဖို့​ပြောခဲ့ပါတယ်။ ဒါ​ပေမဲ့ ဒေါ်​အောင်ဆန်းစုကြည်က ဘာမှတ်ချက်မှ မ​​ပေးတဲ့အတွက် စစ်​ကောင်စီဆီမှာ ပါတီပြန်မှတ်ပုံတင်မယ့် အစီအစဥ်ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီ​နောက်ပါတီက ​ဒေါ်စန္ဒာမင်းကိုထုတ်ပယ်ခဲ့တာပါ။ ​ဒေါ်စန္ဒာမင်းက စစ်တပ်အစီအစဥ်နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်ကို သွား​ရောက်​တွေ့ဆုံတာကိုမီဒီယာ​တွေကို​​ပြော​ပေမယ့် ပါတီမှတ်ပုံတင်ဖို့ သူ​ပြောတာကို​တော့ ​ထည့်သွင်းဖြေကြား​လေ့မရှိပါဘူး။ စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းက အယ်ဂျာဇီးယားသတင်းဌာနနဲ့ ၂၀၂၅ မတ်လအင်တာဗျူးမှာ ပါတီဝင်တချို့က ​ဒေါ်​အောင်ဆန်းစုကြည်ကို သွား​တွေ့ပြီး ပါတီမှတ်ပုံတင်ဖို့​ပြော​ပေမယ့် ​ဒေါ်​အောင်ဆန်းစုကြည်က မှတ်ချက်မ​ပေးပဲနေတဲ့အ​ကြောင်း ထုတ်​ဖော်ပြောကြားပါတယ်။

ဒါ့အပြင်​ ဒေါ်န္ဒာမင်းဟာစစ်တပ်က ဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်မှု​တွေ​ကြောင့် ပြည်ပထွက်ခွာလာရတဲ့ NLD ပါတီက တာဝန်ရှိသူ​တွေကို ပြည်ပထွက်​ပြေးသူ​တွေအဖြစ်​ ဝေဖန်​လေ့ရှိ​ပေမယ့် စစ်တပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေကို အကြမ်းဖက်သတ်ဖြတ်မှု​တွေကို​တော့ ​​ပြောကြား​လေ့မရှိပါဘူး။

ဒေါ်စန္ဒာမင်း ကူးပြောင်းခဲ့တဲ့ NDF ဟာလည်း စစ်တပ်ဦးစီးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ဆန့်ကျင်ချိန်မှာ NLD ကခွဲထွက်လာသူတွေ ဦးဆောင်ပြီး ခမောက်ပါတီနာမည်နဲ့ စစ်တပ် ရွေးကောက်ပွဲကို ဝင်ခဲ့ပါတယ်။ NLD ၂၀၁၀ ရွေးကောက်ပွဲမဝင်ချိန်မှာ ပြည်သူလူထုက NLD အစား NLD က ခွဲထွက်လာသူတွေ ဦးဆောင်တဲ့ NDF ကို မဲထည့်ခဲ့ကြပါတယ်။ အဲဒီအချိန်က စစ်တပ်ရဲ့ ပြည်ခိုင်ဖြိုးပါတီကမဲလိမ်၊ မဲခိုးခဲ့လို့သာ အပြတ်အသတ် အနိုင်ရခဲ့တာလို့ NDF အနိုင်ရလွှတ်တော်အမတ်က ပြောဆိုဖူးပါတယ်။

စစ်တပ်ဟာ ပြည်သူလူထုနဲ့အတူရပ်တည်ဖူးတဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေကိုသာ ပြတ်ပြတ်သားသား ချေမှုန်းတာ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ဟောင်းတွေ တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီကိုလည်း ညှာတာထောက်ထားတာမျိုးမရှိဘူးလို့ နိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက မှတ်ချက်ပြုပါတယ်။ မနေ့ကစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖျက်သိမ်းလိုက်တဲ့ထဲမှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးစိုးမောင်ရဲ့အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)လည်း ပါဝင်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး NLDက နိုင်ငံတဝန်းသောင်ပြိုကမ်းပြို အနိုင်ရနေချိန် စစ်တပ်ကို အာဏာသိမ်းဖို့ ထောက်ခံတောင်းဆိုတဲ့ နိုင်ငံရေးပါတီတွေထဲ NDF ရော၊ DNP ရောပါဝင်ကြပါတယ်။ ဒါ့အပြင် NDF ပါတီ တည်​ထောင်သူ​တွေထဲက တစ်ဦးဖြစ်တဲ့ ဦးခင်​​မောင်​ဆွေဟာ အာဏာသိမ်းစစ်တပ်ကို ကူညီခဲ့သူဖြစ်ပြီးအာဏာသိမ်းပြီးစက စစ်​ကောင်စီအဖွဲ့ဝင်အဖြစ်လုပ်ခဲ့ပါ​သေးတယ်။​ နောက်ပိုင်းမှာ​ကောင်စီဝင်အဖြစ်က​နေ အနား​ပေးခံရပြီး စစ်ကောင်စီအကြံပေးဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကို လုပ်ချင်တဲ့စိတ်မျိုးနဲ့ ပြုလုပ်တာမဟုတ်ဘဲ ဟန်ပြလုပ်တာ ဖြစ်တာကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေက သူတို့အတွက် နိုင်ခြေရှိတဲ့ ကိစ္စမျိုးကိုပဲ လုပ်ဆောင်မှာ ဖြစ်တယ်လို့ ပါတီနိုင်ငံရေးဖြတ်သန်းနေသူတွေက သုံးသပ်ပါတယ်။

“ဒီရွေးကောက်ပွဲက ဘယ်လိုမှ ယုံကြည်စရာမရှိဘူး။ နောက်တခြားသူတွေရဲ့ မှတ်ချက်တွေကို ကြားရတာကလည်း တခြားပါတီတွေ ရွေးကောက်ပွဲ ဝင်မယ့်အခင်းအကျင်းမှာဆိုရင် သူတို့ပါတီတွေအတွက် အခွင့်အလမ်းနည်းပါးတယ်ဆိုတာ ကြားနေရတယ်။ ဒါကြောင့်မို့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် အစောကြီးကတည်း ဒီအချက်ကို သိထားခဲ့သင့်တယ်”လို့ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကလည်း အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခအမျိုးမျိုးကို လျစ်လျူရှုပြီး ၎င်းတို့ အာဏာဆက်လက်ချုပ်ကိုင်နိုင်ရေး၊ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်ဟန်ပြပြုလုပ်မယ့် ဟန်ပြု၊ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ နိုင်ငံရေးပါတီတွေကို တိုက်တွန်းထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနေ စောစီးစွာ နုတ်ထွက်လိုက်ခြင်းက ဂုဏ်သိက္ခာဆယ်နိုင်ပြီး ပြည်သူလူထုမလိုလားတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ဖို့ ပြင်ဆင်ရင်း စစ်ကောင်စီရဲ့ဖျက်သိမ်းခြင်းခံရပါက ‘မိအေးနှစ်ခါနာ’ဖြစ်ရပ်မျိုး ကြုံရနိုင်တယ်လို့ ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)သည် စစ်အုပ်စု၏ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့မှ ကျရာတာဝန်ကို အတူတကွ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း KNUက ယနေ့ စက်တင်ဘာ ၉ရက်တွင် ကျရောက်သည့်(၃၄)ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ သဝဏ်လွှာပေးပို့ ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၈)မှာ ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံရေးနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်သည့် ကျူးလွန်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာက မျက်စိမှိတ်မနေရန်...

Facebook