close
Connect with us

Hi, what are you looking for?

ဆောင်းပါး

သတိ…အမျိုးသမီးတွေကို ပေါ်တာဆွဲနေသည်

၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက် မနက်ခင်းက မုံရွာမြို့ပေါ် အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအနီးမှာ စစ်ကောင်စီအုပ်စုဟာ ထုံးစံအတိုင်း ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးနေခဲ့တယ်။ အဲဒီအချိန်မှာပဲ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် ၂ ဦးဟာ စစ်အုပ်စုရဲ့ စစ်ဆေးရေးအဖွဲ့နဲ့ တည့်တည့်တိုးခဲ့တယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းပြုလုပ်တဲ့ စစ်တပ်ရဲ့ စစ်​ရေးပြအခမ်းအနားတစ်ခုမှာ အမျိုးသမီးစစ်သည်​တွေကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-AFP

Scorpio/People’s Spring

၂၀၂၅ ခုနှစ် စက်တင်ဘာ ၆ ရက် မနက်ခင်းက မုံရွာမြို့ပေါ် အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအနီးမှာ စစ်ကောင်စီအုပ်စုဟာ ထုံးစံအတိုင်း ဆိုင်ကယ်စီးလာတဲ့ ပြည်သူတွေကို တားဆီးစစ်ဆေးနေခဲ့တယ်။ အဲဒီအချိန်မှာပဲ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် ၂ ဦးဟာ စစ်အုပ်စုရဲ့ စစ်ဆေးရေးအဖွဲ့နဲ့ တည့်တည့်တိုးခဲ့တယ်။

“ဟိုကောင်တွေကလည်း ၂၄ နာရီမူးနေတာ။ ကောင်မလေးတွေဆို တားတားစစ်တာ”လို့ မြင်တွေ့လိုက်ရတဲ့ မုံရွာမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေကို တားဆီးစစ်ဆေးတာ၊ ငွေညှစ်တာ၊ မိန်းကလေးတွေဆို ပြီတီတီရိသဲ့သဲ့လုပ်တာ မဆန်းတော့ပါဘူး။ ဒါပေမယ့် ဆန်းတာတခုကတော့ အဲဒီအမျိုးသမီးငယ် နှစ်ယောက်လုံးကို စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးလိုက်တာပါ။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်ကို ခဏ ရပ်စစ်ဆိုပြီးမှစစ်တာ။ စစ်တာကနေ ဖုန်းစစ်ပြီးမှ တခါတည်း ဆွဲခေါ်တင်သွားတာ။ကားပေါ်တက်ဆိုပြီးတော့မှတခါတည်းကားပေါ်တင်သွားတာ။သူတို့စီးလာတဲ့ဆိုင်ကယ်ပါတင်သွားတယ်”လို့ မုံရွာမြို့ခံက ပြောပြပါတယ်။

“အမျိုးသမီး၂ဦးပေါ်တာဆွဲပါတယ်။ပဲပြုတ်တတ်လား မေးပြီး ဖမ်းဆီးမှုပြုလုပ်သွားကြောင်းသိရ”လို့ မုံရွာနယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်နေသူတဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အမျိုးသားတွေကိုတော့နေ့စဥ်ပေါ်တာဆွဲဖမ်းဆီးနေတာ မဆန်းတော့ပေမဲ့အမျိုးသမီးတွေကိုစတင်ဖမ်းဆီးလာတာဖြစ်ကြောင်းမုံရွာမြို့ခံတွေကပြောပါတယ်။

“မုံရွာမှာ အမျိုးသမီးကတော့ အဲဒီလို (ပေါ်တာ) ဖမ်းတာဆီးတာမရှိသေးဘူး”လို့ မုံရွာမြို့ခံက ပြောပြတယ်။

အဲဒီစက်တင်ဘာ ၆ ရက်နေ့မှာပဲ နောက်ထပ်တနေရာမှာ အလားတူ မိန်းကလေးတွေပေါ်တာဆွဲခံရတဲ့ဖြစ်စဥ် ထပ်ဖြစ်ပြန်ပါတယ်။ ဒီတခါတော့ မကွေးတိုင်းမှာပါ။

ရကုန်-စလင်း-ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီခရီးသည်တင်ယာဥ်ဟာ ရန်ကုန်ကနေအပြန် တောင်ညိုလမ်းပိုင်း စစ်ဆေးရေးဂိတ်မှာ အသက် ၂၅ နှစ််ဝန်းကျင်ရှိ အမျိုးသမီး ၂ ယောက် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်း ပြည်သူ့ညီနောင်-စလင်းရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စလင်းမှာ အရင်က အမျိုးသမီးတွေ ပေါ်တာဆွဲဖမ်းဆီးတာမျိုး မရှိခဲ့ဘဲ ပြီးခဲ့တဲ့ သြဂုတ်လထဲကနေ အမျိုးသမီးတွေပါမကျန် ဆွဲနေတာဖြစ်တယ်လို့ ပြည်သူ့ညီနောင်-စလင်းရဲ့ တာဝန်ရှိသူက ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အသက်ဝင်လာခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ တစ်နှစ်နဲ့၈လ ကာလအတွင်း လူငယ်အမျိုးသားပေါင်း​​ထောင် ​သောင်းချီ စစ်မှုထမ်းခေါ်ယူခြင်း ခံခဲ့ရပါတယ်။ စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ မတရားအတည်ပြုပြီးကတည်းက အမျိုးသမီးစစ်မှုထမ်းအတွက် တခါတည်း ထည့်သွင်းရေးဆွဲပြီးသားပါ။

တရားမဝင် ထုတ်ပြန်အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေအရ သာမန်အားဖြင့် အသက်အရွယ် ၁၈-၂၇ နှစ်အတွင်း၊ ပညာရှင် ဖြစ်ပါက ၃၅ နှစ်အထိ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်တယ်လို့ စစ်​ကောင်စီကစိတ်ကြိုက်​ရေးဆွဲပြငှာန်းထားပါတယ်။

စစ်ကောင်စီဟာ ဒီနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ အမျိုးသမီး စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ဖွင့်လှစ်ဖို့အတွက် အမျိုးသမီးစာရင်း ကောက်ယူဖို့ တရားဝင် ညွှန်ကြားခဲ့ပါတယ်။ အမျိုးသမီး စစ်မှုထမ်းသင်တန်းဟာ အပတ်စဥ် ၂ ခု ပြီးသွားပြီလို့လည်း ထွက်ပြေးလာတဲ့ စစ်သားတဦးက တော်လှန်ရေးအဖွဲ့ကို ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ဖြေကြားဖူးပါတယ်။

ဒါအပြင် မြန်မာ့စစ်ဘက်​ရေးရာ နှင့် လုံခြုံရေးဆိုင်ရာ​လေ့လာ​ရေးအဖွဲ့ (MDSI)က သြဂုတ်လ ဒုတိယပါတ်ကထုတ်ပြန်ချက်မှာစစ်​အုပ်စုကပြည်သူ့စစ်မှုထမ်း(အမျိုးသမီး)သင်တန်းကို မှော်ဘီမြို့အခြေစိုက်တဲ့ အမှတ်(၄) အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း(ရကသ-၄) မှာ ဖွင့်လှစ်နေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်​တွေကသိရပါ​ကြောင်းဖော်ပြပါတယ် ။ အပါတ်စဥ် (၁)သင်တန်းကိုလွန်ခဲ့တဲ့ နှစ်လ​လောက်ကတည်းကဖွင့်လှစ်ခဲ့တာဖြစ်ပြီးသတင်းပေါက်ကြားမှုမရှိအောင်တင်းတင်းကြပ်ကြပ်လုပ်နေတာလို့ MDSIက​ဖော်ပြပါတယ်။

စစ်​ကောင်စီက​တော့ အမျိုးသမီးစစ်မှုထမ်းသင်တန်း​ပေး​နေပြီဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။

အမျိုးသမီးစစ်မှုထမ်းခေါ်ယူမှုတွေ ရှိလာချိန်မှာပဲ အမျိုးသမီးတွေကို အခုလို အဓမ္မဖမ်းဆီးတာတွေ ရှိလာတာပါ။

တကယ်လို့ လျာထားချက်အင်အား စုဆောင်းရခက်ခဲလာပါက ကျေးလက်တောနယ် က အမျိုးသမီးငယ်တွေ၊ စစ်ကောင်စီတပ်တွင်း က အခြားအဆင့်စစ်သည်တွေရဲ့သားသမီးတွေကို ပစ်မှတ်ထားစုဆောင်းလာနိုင်တယ်လို့လည်း အလင်းဝင် CDM စစ်သားတွေကို ကူညီနေတဲ့ ပြည်သူ့ပန်းတိုင်က ဒီနှစ် ဇန်နဝါရီလက အသိပေးခဲ့ပါတယ်။

အမျိုးသမီးစစ်မှုထမ်းတွေကို ရှေ့တန်းစစ်ဆင်ရေးအတွက် ထုတ်နှုတ်လိုက်တဲ့ နောက်တန်းဌာန အမျိုးသားစစ်မှုထမ်းများနေရာမှာ အသုံးပြုနိုင်တယ်လို့ ပြည်သူ့ပန်းတိုင်က ခန့်မှန်းခဲ့ပါတယ်။

ဒါ့အပြင် လက်ရုံးတပ်၊ ဝန်ထမ်းတပ်အပြင် ခြေလျင်တပ်ဌာနအသီးသီးမှာလည်း ခွဲဝေပို့လာနိုင်ကြောင်း၊ ရုံးဌာန၊ ဆက်သွယ်ရေး၊ နောက်တန်းတပ်လုံခြုံရေး၊ တပ်ပြင်လုံခြုံရေး စတဲ့ နေရာတာဝန်တွေ ချထားနိုင်တယ်လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

စိတ်ဓာတ်မြင့်တင်ရေးနဲ့ တန်ပြန်ဝါဒဖြန့် လုပ်ငန်းများမှာလည်း အသုံးချလာနိုင်ပြီး အလားတူ စနိုက်ပါအထူးတပ်ဖွဲ့၊ နည်းပညာအကူတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များ၊ တပ်စခန်းလုံခြုံရေး၊ လှုပ်ရှားစစ်ဆင်ရေး စတဲ့ စစ်မြေပြင်တာဝန်များလည်း စေခိုင်းခံလာရနိုင်တယ်လို့ ပြည်သူ့ပန်းတိုင်က ယူဆပါတယ်။

အဆိုးဆုံးကတော့အထက်အရာရှိကြီးတွေ အမျိုးသားစစ်မှုထမ်းတွေရဲ့လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ၊ ထိပါးစော်ကားတာ၊ ကျားမခွဲခြားဖိနှိပ် ပိတ်ပင်တာ၊ အခွင့်အရေး ချိုးဖောက်ကန့်သတ်ခံရတာ စတဲ့ အခြေအနေများ ကြုံတွေ့လာရနိုင်ကြောင်းပြည်သူ့ပန်းတိုင်က သတိပေးပါတယ်။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ယုံကြည်စိတ်ချအားထားရတဲ့မိသားစုဝင်များ၊ သူငယ်ချင်း အသိမိတ်ဆွေများရဲ့ အဆက်အသွယ် ဖုန်းနံပါတ်များ ကြိုတင်မှတ်သားထားဖို့၊ လိုအပ်ပါက အရေးပေါ်ထွက်ခွာနိုင်ရန်အတွက် အရေးကြီးစာရွက်စာတမ်းများ၊ လမ်းကြောင်းအခြေအနေများ ကြိုတင် ပြင်ဆင် လေ့လာ ချိတ်ဆက်ထားဖို့နဲ့ပြည်သူ့ပန်းတိုင်ကဲ့သို့သော CDM စစ်သား အကူ အညီပေးရေးအဖွဲ့များနဲ့ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပညာပေး ထုတ်ပြန်ချက်များအား လေ့လာမှတ်သားထားဖို့ ပြည်သူ့ပန်းတိုင်က အကြံပြုပါတယ်။

မိမိ နဲ့ ရင်းနှီးခင်မင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ သိရှိနီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ကြိုတင်ချိတ်ဆက်မှု ရယူထားဖို့၊ တပ်တွင်းကနေ တော်လှန်ရေးဘက်တော်သား (ဖရဲသီး)အဖြစ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့နဲ့ သူ့လူကိုယ့်ဘက်သားအဖြစ်တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ စစ်ရေးနဲ့ တပ်လုံခြုံရေးဆိုင်ရာ အချက်အလက်များအား လေ့လာမှတ်သားဖို့၊ စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံရချိန်မှ၊ စစ်သင်တန်းကျောင်း၊ တပ်ဌာန၊ လုံခြုံရေး/စစ်ဆင်ရေး စတဲ့ အခြေအနေအမျိုးမျိူးမှာရုန်းကန်လွတ်မြောက်နိုင်ရန်၊ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပူးပေါင်းနိုင်ရန်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းထားပါတယ်။

“စစ်ကောင်စီကတော့ ကျားသောမသောခွဲခြားမှာမဟုတ်ဘူး။အကုန်ဆွဲမှာပါပဲ။ သူတို့ကဒီရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်မှာပဲ။ အဲ့လိုလုပ်ဖို့အတွက် နယ်မြေတော်တော်များများကိုရအောင်ပြန်တိုက်ယူမှာပဲ။ အဲ့အတွက်လူအင်အားလိုတယ်။ ကျားမ မရွေးစစ်မြေပြင်ကိုပို့မှာပဲ စစ်တိုက်ဖို့ထက်အသေခံဖို့။”လို့ တော်လှန်ရေးနယ်မြေမှာ ထောက်ပို့လုပ်နေတဲ့ မကျူးလစ်က သူ့အမြင်က်ုပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာလည်း ထောင်ချောက်တခုဖြစ်တာကြောင့် ပြည်သူအားလုံးတက်ညီလက်ညီအတူ ရုန်းကြဖို့ မကျူးလစ်က တိုက်တွန်းပါတယ်။

“အမျိုးသမီးထုရဲ့အင်အား အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်စွမ်းတွေကို ထုတ်ပြကြပါလို့ပြောချင်ပါတယ်။”လို့ သူက ပြောပါတယ်။အခုဆိုရင် ရန်ကုန်လိုမြို့ကြီးတွေမှာတောင် အမျိုးသားတွေတင်မက အမျိုးသမီးငယ် ပျောက်ဆုံးမှုတွေ ရှိလာတယ်လို့ ရန်ကုန်မှာနေထိုင်သူတွေက ပြောပါတယ်။

“ဒီလိုထုတ်ချင်တဲ့ဥပဒေထုတ်ပြီး လုပ်ချင်တာလုပ်နေတာတွေကိုရပ်တန့်ဖို့ကတနည်းပဲရှိတယ်။ တော်လှန်ရေးမှာ ရတဲ့နေရာက ထောက်ပို့ပါဝင်ကြဖို့ပဲ။ ဒီ တော်လှန်ရေးနိုင်မှကို ဒါတွေရပ်တန့်သွားမယ်။ လူငယ်တွေစတေးခံနေရတဲ့ဘဝကလွတ်မယ်။”လို့ ရန်ကုန်မြို့က အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တဦးက ပြောလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတံတားမှာ ပေါ်တာဆွဲမှုတွေကြောင့် ကုန်ကားတွေအပါအဝင် ခရီးသည်အများစုဟာ ဇက်ဆိပ်ကနေ ဖြတ်သန်းတာတွေများလာပြီးတဲ့နောက် စစ်တပ်က ဇက်ဆိပ်ကနေ စောင့်ပြီး ပေါ်တာဆွဲတာ နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီက​နေ့ အမျိုးသမီးငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်း​ဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတံတားမှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတာကြောင့် ဖြတ်သန်းသွားလာသူနည်း​ပါးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။

Facebook